ဂါဇာမှာ သေဆုံးသူ ၅,၀၀၀ ကျော်သွားပြီ

အစ္စရေး ‌လေကြောင်းတိုက်ခိုက်မှုကြုံခဲ့ရတဲ့ ပါလက်စတိုင်း အမျိုးသမီးတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အစ္စရေး ‌လေကြောင်းတိုက်ခိုက်မှုကြုံခဲ့ရတဲ့ ပါလက်စတိုင်း အမျိုးသမီးတွေ

ဂါဇာမှာရှိတဲ့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနဆီကနေ နောက်ဆုံးသိရှိရတဲ့အချက်အလက်အရ အောက်တိုဘာ ၇ ရက်ကတည်းကဆိုရင် သေဆုံးသူ ၅,၀၈၇ ဦးအထိ မြင့်တက်လာပြီး မနေ့တစ်နေ့တည်း မှာတင် သေဆုံးသူ ၄၃၆ ဦးအထိရှိတယ်လို့ ဆိုပါတယ်။

အဲဒီထဲမှာ ကလေးငယ် ၂,၀၅၅ ဦး၊ အမျိုးသမီး ၁,၁၁၉ ဦး၊ သက်ကြီးရွယ်အို ၂၁၇ ဦးပါဝင်တယ်လို့ လည်း ဆိုပါတယ်။ ဒါ့အပြင် လူပေါင်း ၁၅,၂၇၃ ဦးလည်း ဒဏ်ရာရထားတယ်လို့ ဆိုပါတယ်။

အခုကျန်းမာရေးဝန်ကြီးဌာနကို ဂါဇာကမ်းမြောင်က တခြားအစိုးရဌာနတွေလိုပဲ ဟားမတ်စ်အဖွဲ့က ထိန်းချုပ်ထားတာဖြစ်ပါတယ်။

ဂါဇာမှာ အကန့်အသတ်နဲ့စီးနင်းမှုတွေလုပ်ထားတယ်လို့ အစ္စရေးပြော

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ထဲကို အကန့်အသတ်နဲ့ စီးနင်းရှာဖွေမှုတွေ လုပ်ထားပြီး ဟားမတ်စ်အဖွဲ့ ပြန်ပေးဆွဲထားသူတွေအကြောင်း သိရအောင် သတင်းအချက်အလက်ရှာဖွေနေပါတယ်။

ဒါ့အပြင် ဂါဇာကို အစ္စရေးရဲ့ ဗုံးကြဲမှုတွေ ဆက်ရှိနေပြီး ဟားမတ်စ်အရာရှိတွေကတော့ ညလုံးပေါက်အတွင်း သေဆုံးသူ ဒါဇင်နဲ့ချီရှိတယ်လို့ ပြောပါတယ်။

ပါလက်စတိုင်းဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီကတော့ ဂါဇာတောင်ပိုင်းက အခြေအနေတွေ ဆိုးနေတာကြောင့် မြောက်ပိုင်းကနေ ထွက်ခွာဖို့ အစ္စရေးဘက်က ပြောနေပေမဲ့ မြောက်ပိုင်းကိုပြန်သွားနေကြတယ်လို့ ပြောပါတယ်။

ဂါဇာအနီးနားက လူနေထိုင်ရာ အစ္စရေးစိုက်ပျိုးအရပ်တွေကို ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က ရုတ်တရက် ဝင်ရောက်တိုက်ခိုက်ချိန် အစ္စရေး ၁,၄၀၀ ကျော်ဟာ နေအိမ်တွေထဲမှာ၊ လမ်းတွေပေါ်မှာနဲ့ ဂီတပွဲတော်တစ်ခုအတွင်းမှာ သေဆုံးခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးဘက်က ဗုံးကြဲမှုတွေကြောင့် လူပေါင်း ၄,၆၀၀ သေဆုံးခဲ့ပြီးဖြစ်တယ်လို့ ဟားမတ်စ် စီမံလည်ပတ်တဲ့ ဂါဇာကျန်းမာရေးဌာနဘက်က ပြောပါတယ်။

တနင်္ဂနွေနေ့တုန်းကတော့ ဟားမတ်စ်က ဂါဇာတောင်ပိုင်းမှာ အစ္စရေး တင့်ကားတစ်စီးကို ဖျက်ဆီးခဲ့တယ်လို့ပြောပြီး အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)ကတော့ တင့်ကားဖျက် ဒုံးကျည်ကြောင့် စစ်သားတစ်ဦးသေဆုံးပြီး နောက် ၂ ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဂါဇာထဲ အစ္စရေးရဲ့ စီးနင်းရှာဖွေမှုတွေအကြောင်း သိရသမျှ

မနေ့တုန်းက ဂါဇာနယ်စပ်မှာ မြင်တွေ့ရတဲ့ အစ္စရေးစစ်တပ် တင့်ကားတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, မနေ့တုန်းက ဂါဇာနယ်စပ်မှာ မြင်တွေ့ရတဲ့ အစ္စရေးစစ်တပ် တင့်ကားတွေ

ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အစ္စရေးစစ်သားတွေက ဂါဇာကမ်းမြောင်ထဲဝင်ပြီး စီးနင်းရှာဖွေတာတွေလုပ်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာပါတယ်။ ဘီဘီစီက သိရှိထားသမျှကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

တနင်္ဂနွေနေ့

  • အကြမ်းဖက်သမားတွေနဲ့ လက်နက်တွေကိုရှင်းလင်းဖို့၊ ဓားစာခံအဖမ်းခံထားရသူတွေကို ရှာဖွေဖို့ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြောင်မှာကာထားတဲ့စည်းရုံးကို တနင်္ဂနွေနေ့မှာ ကျော်ဖြတ်ခဲ့တယ်လို့ အစ္စရေးဘက်က ပြောပါတယ်။
  • အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ရဲ့အပြောအရဆိုရင် ဟားမတ်စ်တွေဘက်က ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် IDF စစ်သားတစ်ဦးသေဆုံးပြီး နောက်ထပ် ၃ ဦး ဒဏ်ရာရတယ်လို့ ဆိုပါတယ်။
  • ဟားမတ်စ်အဖွဲ့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဘက်ကတော့ ဒီဖြစ်စဥ်ဟာ ဂါဇာတောင်ပိုင်းက ခန်ယွန်းနစ်မြို့အရှေ့ ပိုင်းမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အစ္စရေးစစ်သားတွေဟာ နယ်စပ်စည်းရိုးကို ‘‘မီတာတော်တော်များများအထိ’’ကျော်ဖြတ်လာခဲ့တာကြောင့်လို့ဆိုပါတယ်။
  • ဟားမတ်စ်အဖွဲ့ရဲ့လက်နက်ကိုင်တပ်ဖွဲ့ဘက်ကတော့ ‘‘စိမ့်ဝင်ထိုးဖောက်လာတဲ့တပ်ဖွဲ့နဲ့ ထိတွေ့မှု’’ ဖြစ်ခဲ့တယ်လို့ ပြောပြီး မြေတူးစက် ၂ ခုနဲ့ တင့်ကားတစ်စီးကို ဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်။ အစ္စရေးစစ်သားတွေဟာ သူတို့ရဲ့ယာဥ်တွေကို ချန်ခဲ့ပြီး နယ်စပ်စည်းရုံးအရှေ့ဘက်ခြမ်းကို လမ်းလျှောက်ပြန်သွားခဲ့တယ်လို့လည်း ဆိုပါတယ်။

တနင်္လာနေ့မှာတော့

  • IDF ပြောခွင့်ရသူ ဒန်နီယယ် ဂါဟာရီကတော့ အစ္စရေးဟာ ဂါဇာထဲကို ညလုံးပေါက် စီးနင်းရှာဖွေမှုတွေပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။
  • သူက ‘‘ညတုန်းက တင့်ကားနဲ့ ခြေလျင်တပ်ဖွဲ့ဝင်တွေက စီးနင်းမှုတွေလုပ်ခဲ့တယ်။ ဒီစီးနင်းမှုတွေဟာ စစ်ပွဲနောက်တစ်ဆင့်ဆင်နွှဲဖို့ပြင်နေတဲ့ အကြမ်းဖက်သမားအစုအဖွဲ့တွေကို နှိမ်နင်းတဲ့ စီးနင်းမှုတွေသာဖြစ်ပါတယ်။ အဲဒီစီးနင်းမှုတွေဟာ ထိတွေ့မျဥ်းအထိ တိုးသွားခဲ့တယ်။ အဲဒီစီးနင်းမှုတွေဟာ ပျောက်နေတဲ့သူတွေနဲ့ ဓားစာခံဖမ်းဆီးခံရသူတွေအရေးနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တတ်နိုင်သမျှ နေရာသိရအောင်၊ အချက်အလက်သိရအောင် ရှာဖွေမှုဖြစ်တယ်’’ လို့ပြောပါတယ်။

ဒါပေမဲ့ ဒါဟာ ဘီဘီစီကသိရှိရသလောက်ဆိုရင် အစ္စရေးတပ်ဖွဲ့တွေ ဂါဇာဘက်ကို ပထမဆုံးဝင်ရောက်မှုတော့ မဟုတ်ပါဘူး။

ပျောက်ဆုံးနေတဲ့ အစ္စရေးနိုင်ငံသားတွေကို ရှာဖွေဖို့နဲ့ ဟားမတ်စ်ကို တိုက်ခိုက်ရေး စီးနင်းတာတွေလုပ်နိုင်ဖို့ စစ်သားတွေနဲ့ တင့်ကားတွေ ကမ်းမြောင်ထဲကို ဝင်ခဲ့တယ်လို့ ပဋိပက္ခဖြစ်တဲ့ ပထမဆုံးသီတင်းပတ်မှာ အစ္စရေးဘက်က ပြောထားပါတယ်။

အနောက်ဘက်ကမ်းကနေ ဟားမတ်စ်အဖွဲ့ဝင် ၄၀ နီးပါးဖမ်းထားတယ်လို့ အစ္စရေးပြော

အနောက်ဘက်ကမ်းတည်နေရာပြမြေပုံ

ဂါဇာကနေ ကီလိုမီတာ ၄၀ အဝေးမှာရှိတဲ့ အနောက်ဘက်ကမ်းမှာတော့ မနေ့ည တစ်ညလုံးမှာ ဟားမတ်စ်အဖွဲ့ဝင် ၃၇ ဦးကို ဖမ်းဆီးထားတယ်လို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ (IDF) က ပြောပါတယ်။

ဒါဟာ အနောက်ဘက်ကမ်းမှာ အလိုရှိတဲ့ ပါလက်စတိုင်း ၈၀၀ နီးပါးကို ဖမ်းဆီးမှုကနေ ထွက်ပေါ်လာတာဖြစ်ပြီး အဲဒီထဲက အယောက် ၅၀၀ ဟာ အောက်တိုဘာလ ၇ ရက် ဟားမတ်စ် တိုက်ခိုက်မှု စတင်ကတည်းကဆိုရင် ဟားမတ်စ်အဖွဲ့နဲ့ဆက်စပ်နေတဲ့သူတွေလို့ အစ္စရေးဘက်ကပြောပါတယ်။

လူပေါင်း ၆၄ ဦးကို ထိန်းသိမ်းထားပြီး အဲဒီထဲက ၃၇ ဦးဟာ ဟားမတ်စ်အဖွဲ့ဝင်တွေလို့ IDF က ပြောပါတယ်။

ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓားစာခံ ၂၂၂ ဦးအထိရှိ

ဂါဇာမှာ ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသူအရေအတွက် အသစ်ကို အစ္စရေးစစ်တပ်က ထပ်မံထုတ်ပြန်လာပြီး ဖမ်းဆီးခံရသူအရေအတွက်ဟာ ၂၂၂ ဦးအထိရှိပြီလို့ဆိုပါတယ်။

တပ်ဖွဲ့တွေနဲ့ နှုတ်ဆက်နေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တပ်ဖွဲ့တွေနဲ့ နှုတ်ဆက်နေတဲ့ အစ္စရေးကာကွယ်ရေးဝန်ကြီး
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဂါဇာမှာ အစ္စရေးရဲ့ စစ်ရေးဆောင်ရွက်ချက်ဟာ ‘‘၁ လ၊ ၂ လ ဒါမှမဟုတ် ၃ လကြာကောင်းကြာနိုင်ပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ဟားမတ်စ်တွေ ရှိတော့မှာမဟုတ်ပါဘူး’’ လို့ အစ္စရေးကာကွယ်ရေးတန်ကြီး Yoav Gallant က ပြောလိုက်ပါတယ်။

အစ္စရေးလေတပ် စီမံကွပ်ကဲရေးနဲ့ ထိန်းချုပ်စင်တာမှာပြုလုပ်တဲ့ စစ်ဆင်ရေးဆိုင်ရာအခြေအနေ တင်ပြချက်အစည်းအဝေးကို တက်ခဲ့ပြီးနောက်မှာ သူက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

‘‘စစ်ဆင်ရေးပိုင်းဆိုင်ရာ စီစဥ်လည်ပတ်ပုံရှုထောင့်ကကြည့်မယ်ဆိုရင် နောက်ဆုံးမှာတော့ IDF ကို ဘာကမှဟန့်တားနိုင်မှာမဟုတ်ပါဘူး’’ လို့ သူက ပြောပါတယ်။

‘’ဒါဟာ ဂါဇာမှာလုပ်တဲ့ ကျွန်တော်တို့ရဲ့နောက်ဆုံးစစ်ဆင်ရေးဖြစ်လာနိုင်ပါတယ်။ အဲဒီနောက်ပိုင်း ဟားမတ်စ်ဆိုတာ ရှိလာတော့မှာမဟုတ်လို့ပါပဲ’’

ဝန်ကြီးက လေတပ်ကို ကျေးဇူးတင်ကြောင်း ပြသခဲ့သလို နောက်တစ်ဆင့်ဟာ ကျယ်ကျယ်ပြန့်ပြန့်လက်ဦးမှုယူမယ့် မြေပြင်စစ်ဆင်ရေးဖြစ်ပြီး ‘‘မကြာခင်လာလိမ့်မယ်’’ လို့ ပြောပါတယ်။

ဘယ်လောက်မြန်မြန်ဖြစ်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။

လာမယ့် ၂ ရက်အတွင်းမှာတော့ ပြင်သစ်သမ္မတနဲ့ နယ်သာလန်ဝန်ကြီးချုပ်တို့ အစ္စရေးကို အလုပ်သဘောခရီးလာရောက်မယ်လို့ မျှော်လင့်ရပါတယ်။

အစ္စရေးတောင်ပိုင်းကို ဒရုန်း ၂ စီး လွှတ်လိုက်တယ်လို့ ဟားမတ်စ်အဖွဲ့ပြော

အစ္စရေးတောင်ပိုင်းမှာ ဒရုန်းနဲ့ တိုက်ခိုက်မှုလို့ ယူဆရတဲ့ အခြေအနေကြောင့် လေကြောင်းတိုက်ခိုက်မှု သတိပေးချက် ပြီးခဲ့တဲ့ နာရီဝက်တုန်းက ထွက်ပေါ်ခဲ့ပါတယ်။

ဟားမတ်စ်အဖွဲ့ကတော့ အစ္စရေးရဲ့ စစ်တပ်စခန်း ၂ ခုကို တိုက်ခိုက်ဖို့ ဒရုန်း ၂ စီး အသုံးပြုခဲ့တယ်လို့ တယ်လီဂရမ်ပေါ်မှာ ရေးသားပြောဆိုပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ကတော့ အရေးပေါ် သတိပေးချက်ဟာ ဂါဇာနဲ့နယ်စပ်အနားမှာရှိတဲ့ Nir Oz နဲ့ Ein HaBesor အရပ်တွေမှာဖြစ်တယ်လို့ ပြောပါတယ်။

ဂါဇာမှာ အစ္စရေးရဲ့ အခုစီးနင်းမှုအပါအဝင် နောက်ဆုံးရသတင်းတွေကို ဒီစာမျက်နှာမှာ စုစည်းတင်ဆက်ပေးနေလို့ Refresh လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။