ဂါဇာမှာ ယာယီ အပစ်ရပ်မယ်လို့ အစ္စရေး ကြေညာ

ဂါဇာဘက်ကို အစ္စရေးတိုက်ခိုက်ပြီးနောက် အပျက်အစီးတွေ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဂါဇာဘက်ကို အစ္စရေးတိုက်ခိုက်ပြီးနောက် အပျက်အစီးတွေ

ဂါဇာတောင်ပိုင်း ခန်းယူနစ်မြို့က နေရာ နှစ်နေရာမှာ "ယာယီ အပစ်ရပ်မယ်" လို့ အစ္စရေး ကာကွယ်ရေး တပ်ဖွဲ့ ပြောခွင့်ရသူက ပြောပါတယ်။

အဲဒီ အပစ်ရပ်စဲမှုကို ဒေသစံတော်ချိန် ၁၀ နာရီက နေ ၂ နာရီကြားမှာ ရပ်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

"အချိန်ပိုင်း အပစ်ရပ်" တာတွေကို အခု သီတင်းပတ်တွေမှာ အစ္စရေးက ပုံမှန် ကြေညာနေပါတယ်။ ဒါပေမဲ့ အခု ဒီလေးရက် အပစ်ရပ်တာကတော့ အောက်တိုဘာ ၇ ရက် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တိုက်ခိုက်မှုတွေအားလုံး အပစ်ရပ်မှာ ဖြစ်ပါတယ်။

အဲဒီကာလအတွင်း ဟားမတ်စ်ဘက်က ဓားစာခံ ၅၀ ကို ပြန်လွှတ်ပေးဖို့ ရှိပါတယ်။

အစ္စရေးဘက်ကတော့ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အမျိုးသမီးနဲ့ ဆယ်ကျော်သက် ၁၅၀ ကို ပြန်လွှတ်ပေးမှာ ဖြစ်ပါတယ်။

ဒုတိယ အဆင့်အနေနဲ့ နောက်ထပ် ဓားစာခံ ၁၀ ယောက် လွှတ်တိုင်း အပစ်ရပ်ရက် တစ်ရက် တိုးပေးမှာ ဖြစ်ပါတယ်။

ဂါဇာဘက်က နောက်ထပ် ဓားစာခံ ၅၀ လွှတ်ပေးတိုင်း အစ္စရေးက နောက်ထပ် ထိန်းသိမ်းခံ ပါလက်စတိုင်း ၁၅၀ အထိ လွှတ်ပေးမယ်လို့လည်း ဆိုပါတယ်။

အစ္စရေးက လွှတ်ပေးမယ့် ပါလက်စတိုင်း လူ ၃၀၀ ရဲ့ စာရင်းကိုလည်း ကြေညာထားပါတယ်။

ဂါဇာက ဟားမတ်စ် ကျန်းမာရေး ဝန်ကြီးဌာနက အစ္စရေးရဲ့ တိုက်ခိုက်မှုတွေကြောင့် ကလေး ၅,၀၀၀ အပါအဝင် လူပေါင်း ၁၃,၃၀၀ သေဆုံးထားတယ်လို့ ပြောပါတယ်။

ဟားမတ်စ်က အစ္စရေးဘက်ကို အောက်တိုဘာ ၇ ရက်မှာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်ခဲ့စဉ်အတွင်း အစ္စရေးဘက်က လူ ၁,၂၀၀ သေဆုံးပြီး ၂၀၀ ကျော် ဓားစာခံ ဖမ်းဆီးခံရပြီးကတည်းက အစ္စရေးက ဂါဇာဘက်ကို တိုက်ခိုက်နေခဲ့တာပါ။