အိန္ဒိယနိုင်ငံသားတွေ ဘာလို့ စီစီတီဗီ ကြိုက်တာလဲ

အိန္ဒိယမြို့ ၁၅ မြို့မှာ စီစီတီဗီ ၁ သန်းခွဲရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓားပြမှုတမှုနဲ့ပတ်သက်ပြီး ရဲက မသင်္ကာလို့ဖမ်းသွားတဲ့ အိန္ဒိယနိုင်ငံ ဟိုက်ဒြာဘတ်မြို့က နေ့စားအလုပ်သမားတယောက်ဟာ ဖမ်းပြီးရက်အတန်ကြာမှာ ဆေးရုံတင်လိုက်ရပြီးနောက် ဖေဖော်ဝါရီလလယ်လောက်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ သူ့နာမည်က မိုဟာမက်ခါဒီးယားပါ။

ရဲက စီစီတီဗီကင်မရာထဲကပုံကိုကြည့်ပြီး သူ့ကိုမသင်္ကာလို့ဖမ်းခဲ့တာပါ။ ငါးရက်ကြာတော့ ရဲက မသေချာလို့ပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ သူဟာဆေးရုံမှာ ဒဏ်ရာနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ စစ်ကြောရေးကရတဲ့ဒဏ်ရာနဲ့ သူသေဆုံးရကြောင်း မကွယ်လွန်ခင်မှာ ဗီဒီယိုရိုက်ကူးပြောကြားပေမဲ့ ရဲကငြင်းကွယ်ပါတယ်။

ခါဒီးယားဟာ မရေမရာဗီဒီယိုကိုကြည့်ပြီး အဖမ်းဆီးခံခဲ့ရတာ ဖြစ်နိုင်ပါတယ်။ ညနေပိုင်းမှာမှောင်နေတော့ စီစီတီဗီပုံရိပ်က သိပ်မထင်ရှားဘူးလို့ ရဲကပြောခဲ့ပါတယ်။

အိန္ဒိယမြို့ ၁၅ မြို့မှာ စီစီတီဗီကင်မရာပေါင်း ၁ သန်းခွဲတပ်ဆင်ထားတယ်လို့ ဗြိတိန်အခြေစိုက် Comparitech လုံခြုံရေးသုတေသနကုမ္ပဏီကဆိုပါတယ်။ မြို့ ၁၅ မြို့မှာနေတဲ့လူဦးရေက ၁၃၅ သန်း ၈ သိန်းရှိတဲ့အတွက် လူ ၁၀၀ မှာစီစီတီဗီကင်မရာ ၁ လုံးနှုန်းလောက်ဖြစ်နေပါတယ်။ စီစီတီဗီကင်မရာတွေတပ်ထားရင် ဒုစရိုက်မှုရန်ကနေ အကာအကွယ်ပေးနိုင်လိမ့်မယ်လို့ လူအများက ယုံကြည်ယူဆကြပါတယ်။ တချို့ကတော့လည်း ကာကွယ်နိုင်တာထက် ဒုစရိုက်မှု ဖြစ်ပြီးရင် လက်သည်ကိုဖမ်းနိုင်ဖို့အရေးမှာ ပိုပြီး အထောက်အကူပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ပြည်သူလူထုရဲ့ ပုဂ္ဂလိကလွပ်လပ်ခွင့်အရေးလှုပ်ရှားသူတွေကတော့ စောင့်ကြည့်တဲ့ကင်မရာတွေ အမြောက်အမြားရှိနေတာနဲ့ပတ်သက်ပြီး သတိပေးပြောဆိုနေကြပါတယ်။ တချို့မြို့တွေဟာ တခြားမြို့တွေထက်တောင် စီစီတီဗီ ကင်မရာ ပိုများပါသေးတယ်။ ဟိုက်ဒြာဘတ်မှာ လူ ၁၀၀ အတွက် ကင်မရာ ၄ ဒသမ ၂ လုံး ရှိကြပါတယ်။ အင်ဒေါမြို့မှာဆိုရင် လူ ၁၀၀ အတွက် ၆ ဒသမ ၃၃ လုံးနှုန်းရှိပါတယ်။ သူတို့ပြီးရင် မြို့တော်ဒေလီနဲ့ ချန်နိုင်းတို့ဟာ ကင်မရာအများဆုံးမြို့တွေဖြစ်ပါတယ်။

၂၀၂၁ မတ်လ လယ်သမားသပိတ်ဆင်နွှဲနေစဉ်မှာ စီစီတီဗီကင်မရာ တပ်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

စီစီတီဗီကင်မရာဝယ်လိုအားကလည်း တက်နေပါတယ်။ ပြီးခဲ့တဲ့နှစ်ဇူလိုင်လမှာ စီစီတီဗီကင်မရာ အရောင်း ၄၀ ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ကုမ္ပဏီတခုက ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတခုဖြစ်တဲ့ Common Cause နဲ့ Lokniti-CSDS အဖွဲ့တို့ရဲ့ ပူးတွဲ သုတေသနပြုချက်စစ်တမ်းက အိန္ဒိယကလူတွေ စီစီတီဗီကင်မရာကို ဘယ်လောက်စိတ်ပါလိုလားနေကြသလဲဆိုတာ အတည်ပြုဖော်ပြနေပါတယ်။ ပြည်နယ် ၁၂ ခုက လူပေါင်း ၉၇၀၀ ကို သူတို့အင်တာဗျူးလုပ်တဲ့အခါ အစိုးရရဲ့စောင့်ကြည့်မှုတွေကို လူအများက ထောက်ခံလိုလားနေကြတယ်ဆိုတာ တွေ့ရပါတယ်။

လူနှစ်ယောက်ကိုမေးရင် ၁ ယောက်ရဲ့အိမ်မှာသို့မဟုတ် အိမ်နီးနားမှာ စီစီတီဗီကင်မရာတပ်ဆင် ထားတယ်ဆိုတာကို စုံစမ်းသိရှိခဲ့ရပါတယ်။ ဆင်းရဲသားတွေ ပျံကျတွေထက် ချမ်းသာသြဇာရှိတဲ့သူတွေက သူတို့အိမ်နဲ့အနီးအနားမှာ စီစီတီဗီကင်မရာတပ်တာ ၃ ဆပိုများပါတယ်။ စီစီတီဗီကင်မရာတွေဟာ ရာဇဝတ်မှုတွေကိုလျှော့ချပေးနိုင်ပြီး လူအများအတွက် ပိုပြီးလုံခြုံတယ်လို့ ပညာတတ်တွေက ပိုတောင်ယုံကြည်ကြပါသေးတယ်။ ပြည်သူလူထုအများကို စောင့်ကြည့်ခံနေရတယ်လို့ သူတို့ မယူဆပါဘူး။

လူ ၄ ယောက်မှာ ၃ ယောက်က စီစီတီဗီကင်မရာဟာ ရာဇဝတ်မှုလျော့ကျအောင် အထောက်အကူပေးနိုင်တယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမဲ့ ဗြိတိန်အခြေစိုက် Comparitech ကုမ္ပဏီရဲ့ သုတေသနပြုချက်အရဆိုရင်တော့ ကင်မရာနဲ့ ရာဇဝတ်မှုအရေ အတွက်ဟာဆက်စပ်မှုရှိရင်တောင် နည်းနည်းလောက်ပဲရှိမယ်လို့ ဆိုပါတယ်။

ဒေလီရဲစခန်းအတွင်းမှာ စီစီတီဗီစောင့်ကြည့်ဖို့ တာဝန်ကျနေတဲ့သူတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အင်ဒေါမြို့ဆိုရင် လူ ၁၀ ယောက်မှာ စီစီတီဗီကင်မရာ ၆ ဒသမ ၃ လုံးနှုန်းဆိုတော့ အလွန်များပါတယ်။ ဒါပေမဲ့ လူ ၂ သိန်းမှာ ကင်မရာ ၁ လုံးနှုန်းပဲတပ်ဆင်ထားတဲ့ ကဲရာလာပြည်နယ် ကိုဂျီကုတ်မြို့ထက် ရာဇဝတ်မှု နည်းနည်းပိုများနေတာကို တွေ့ရပါတယ်။ ရာဇဝတ်မှုနည်းတာများတာဟာ စီစီတီဗီကင်မရာနည်းတာများတာနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း လေ့လာချက်တွေအရ မတွေ့ရှိရဘူးလို့ Comparitech လုံခြုံရေးကုမ္ပဏီက ရေဘက်ကာမူဒီက ဆိုပါတယ်။

အစိုးရကတော့ လူချမ်းသာရပ်ကွက်တွေထက် ဆင်းရဲသားနဲ့ပျံကျရပ်ကွက်တွေမှာ စီစီတီဗီ ကင်မရာတွေကို ၃ ဆပိုတပ်ဆင်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ စီစီတီဗီကို ထောက်ခံမှု အနည်းဆုံးလူတွေကတော့ ဆင်းရဲသားတွေဖြစ်ပါတယ်။ အိမ်အဝင်နားမှာ အိမ်ထဲမှာ အလုပ်ထဲမှာ စီစီတီဗီကင်မရာတပ်ဆင်တာတွေကို သူတို့မနှစ်သက်ကြပါဘူး။

စီစီတီဗီကို ထောက်ခံတဲ့ ချမ်းသာတဲ့သူတွေ၊ အလယ်အလတ်လူတန်းစားတွေနဲ့ ဆင်းရဲသားတွေအကြားမှာ စီစီတီဗီအပေါ် သဘောထားချင်း မတူကြပါဘူး။ ဆင်းရဲသားတွေကတော့ စီစီတီဗီအပေါ်မှာ ဝေဖန်ပြစ်တင်တဲ့သဘောထားမျိုးရှိကြပါတယ်။ သူတို့နေရာတွေဟာ စီစီတီဗီကင်မရာ အများဆုံးတပ်ဆင်စောင့်ကြည့်ခံရတဲ့အတွက် အဲသလိုသဘောထားမျိုးထွက်ပေါ်လာတာလည်း ဖြစ်နိုင်ပါတယ်။

ကင်မရာတွေက ပိုပြီးလုံခြုံအောင် လုပ်ချင်လုပ်နိုင်ပါလိမ့်မယ်။ ဒါပေမဲ့ စီစီတီဗီဘယ်လိုသုံးရမယ်၊ ပုံတွေကို ဘယ်လိုထိန်းသိမ်းရမယ်ဆိုတဲ့ ဥပဒေစည်းကမ်းမထုတ်ပြန်ဘဲ သုံးချင်သလိုသုံးနေကြတာကတော့ ပြည်သူပြည်သားတွေရဲ့ ကိုယ်ရေးလွတ်လပ်လုံခြုံမှုကို အကြီးအကျယ်ခြိမ်းခြောက်နေပါတယ်လို့ ရေဘက်ကာ မူဒီက ဆိုပါတယ်။

ဒစ်ဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူ Internet Freedom Foundation က အပါဂုပတာကတော့ “အိန္ဒိယနိုင်ငံသားတွေဟာ နည်းပညာဆိုရင် ဝေဖန်ဆန်းစစ်မနေဘဲ သိပ်ကြိုဆိုတတ်ကြတယ်။ ပြဿနာက နည်းပညာမဟုတ်ဘူး။ နည်းပညာကို အသုံးချတဲ့ နည်းလမ်းပဲ။ ကျွန်တော်တို့ရဲ့ စီးပွားရေး ၊ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးတွေနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေဟာ ပြုပြင်ပြောင်းလဲဖို့ရာ သိပ်မလွယ်လှပါဘူး” လို့ဆိုပါတယ်။