ရုရှားကို ဒဏ်ခတ်မှုတွေ ထပ်လုပ်ဖို့ G 7 နိုင်ငံခေါင်းဆောင်တွေ ထုတ်ဖော်ကြေညာ- မေလ ၁၉ ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
G7 ကမ္ဘာ့စက်မှုထိပ်သီး ၇ နိုင်ငံခေါင်းဆောင်တွေက ရုရှားအစိုးရအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုသစ်တွေ ချမှတ်ဖို့ ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့မှာ ကျင်းပနေတဲ့ G7 နှစ်ပတ်လည် ထိပ်သီးဆွေးနွေးပွဲ ပထမနေ့မှာ သဘောတူလိုက်ကြပါတယ်။
အဲဒီ ဒဏ်ခတ်ပိတ်ဆို့မှုတွေအရ ရုရှားအစိုးရမှာ ယူကရိန်းစစ်ပွဲအတွက် အထောက်အကူပြုနေတဲ့ နည်းပညာတွေ၊ ကုန်ထုတ်စက်ကရိယာပစ္စည်းတွေနဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေ ပြတ်လပ်သွားလိမ့်မယ်လို့ သူတို့က ပြောပါတယ်။
G7 အဖွဲ့ ခေါင်းဆောင်တွေဟာ အစောပိုင်းတုန်းက ဟီရိုရှီးမားမြို့က အနုမြူဗုံးဒဏ်ခံခဲ့ရသူတွေအတွက် အထိမ်းအမှတ်အဆောက်အအုံကို သွားရောက်ခဲ့ကြပြီး ဘာသာရေးအရ အထွတ်အမြတ်ထားရာ မီယာဂျီမာ ကျွန်းကို သွားရောက်လည်ပတ်ခဲ့ကြပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးရဲ့ အကြံပေးပုဂ္ဂိုလ် ဗလာဒစ်စ်လာ့ဗ် ဗလာဆီယွတ်ခ် က တင်းကျပ်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ တိုက်တွန်းလိုက်ပြီး ဒီလိုလုပ်လိုက်တဲ့အတွက် နိုင်ငံတချို့ ရုရှားနဲ့ ပိုနီးစပ်သွားမှာကို မစိုးရိမ်ကြဖို့ ပြောပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးဟာ ဟီရိုရှီးမားမြို့ G7 ထိပ်သီး အစည်းအဝေးကိုတက်ရောက်ဖို့ ဂျပန်နိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။
ဖွံ့ဖြိုးပြီး စက်မှုထိပ်သီးနိုင်ငံတွေ၊ ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင်တွေကို သမ္မတ ဇလန်းစကီး မိန့်ခွန်းပြောနိုင်ဖို့က အရမ်းကို အရေးပါတယ်လို့ ယူကေနိုင်ငံဆိုင်ရာ ယူကရိန်းသံအမတ်ကြီး ဗာဒင်မ ပရီစတိုင်ကို က ဘီဘီစီကို ပြောပါတယ်။
၁၂ နှစ်အတွင်း ပထမဆုံးအကြိမ် အာရပ်နိုင်ငံများအဖွဲ့ချုပ် ထိပ်သီးညီလာခံကို ဆီးရီးယားသမ္မတ တက်ရောက်မိန့်ခွန်းပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ဆီးရီးယား သမ္မတ ဘရှား အယ်လ် အာဆတ်ဟာ ၁၂ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ် အဖြစ် အာရပ်နိုင်ငံများ အဖွဲ့ချုပ် ထိပ်သီးညီလာခံမှာ မိန့်ခွန်းပြောသွားခဲ့ပါတယ်။ အရှေ့အလယ်ပိုင်းဒေသတွင်းက ပြဿနာတွေအကြောင်း နိုင်ငံခြားတိုင်းပြည်တွေရဲ့ ဝင်ရောက်စွက်ဖက်တာမျိုး မရှိဘဲ သမိုင်းဝင် ပြောခွင့်ရခဲ့တာလို့ သမ္မတ အာဆတ်က ပြောပါတယ်။
အာရပ်နိုင်ငံများ အဖွဲ့ချုပ်ထဲ မစ္စတာ အာဆတ် ပြန်ဝင်ခွင့်ရလာခဲ့တဲ့အတွက် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို အထောက်အကူဖြစ်မယ်လို့ မျှော်လင့်ကြောင်း ဆော်ဒီအိမ်ရှေ့စံမင်းသား မိုဟာမက် ဘင် ဆာလ်မန်က ဆော်ဒီအာရေဗျနိုင်ငံ ဂျက်ဒါးမြို့မှာ ကျင်းပတဲ့ ထိပ်သီးညီလာခံ ဖွင့်ပွဲနေ့မှာ ပြောသွားပါတယ်။
ဆီးရီးယားနိုင်ငံမှာ ဒီမိုကရေစီ တောင်းဆိုဆန္ဒပြမှုတွေကို မစ္စတာ အာဆတ်က ရက်ရက်စက်စက် နှိပ်ကွပ်ဖြိုခွင်းခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ ဆီးရီးယားနိုင်ငံကို အာရပ်နိုင်ငံများ အဖွဲ့ချုပ်ထဲကနေ ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။
ဆီးရီးယား ပြည်တွင်းစစ်အတွင်း လူသိန်းနဲ့ချီ သေဆုံးခဲ့ပါတယ်။
ကိုဗစ်ကြောင့် ကူးစက်ရောဂါ တားဆီးရေး နှောင့်နှေးခဲ့ရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ငှက်ဖျားနဲ့ တီဘီ အဆုတ်နာလို အဓိက ကူးစက်ရောဂါတွေကို တားဆီးကာကွယ်နိုင်ရေးမှာ တိုးတက်နေမှုတွေဟာ ကိုဗစ် ကပ်ဘေးကြီးကြောင့် နှောင့်နှေးသွားရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောပါတယ်။
တချိန်တည်းမှာပဲ ကင်ဆာ၊ နှလုံးရောဂါနဲ့ ဆီးချိုလို မကူးစက်နိုင်တဲ့ ရောဂါ ဖြစ်ပွားမှုတွေ ဆက်တိုးပွားလာနေသလို အဝလွန်မှုတွေ အဖြစ်များနေတာကလည်း ဆက်တိုးပွားနေဆဲဖြစ်ပြီး လျော့ကျသွားမယ့် အရိပ်လက္ခဏာမျိုး မတွေ့ရပါဘူး။
ကိုယ်ဝန်ဆောင်မိခင် သေဆုံးမှုနှုန်း လျော့ကျစေရေးလို စဉ်ဆက်မပြတ် တိုးတက်ဖြစ်ထွန်းနိုင်ရေး ရည်မှန်းချက်တွေဟာလည်း ကျန်းမာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှုတွေ သိသိသာသာ တိုးမြှင့်တာတွေ မရှိဘဲနဲ့ အကောင်အထည်ဖော်နိုင်မယ့်ပုံ မရှိပါဘူး။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဝင် နိုင်ငံတွေရဲ့ နှစ်ပတ်လည် ညီလာခံကြီး မကျင်းပခင် နှစ်ရက်အလိုမှာပဲ ကမ္ဘာ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ဒီစာရင်းဇယားအချက်အလက်တွေကို ထုတ်ပြန်လိုက်တာပါ။
ဆွေးနွေးပွဲမှာ အဓိကထားဆွေးနွေးမယ့် အကြောင်းအရာတွေက ကျန်းမာရေးစောင့်ရှောက်မှု တန်းတူညီမျှ ပိုရနိုင်ရေးနဲ့ ကပ်ရောဂါဘေးကြီး နောက်တစ်ကြိမ် ထပ်ဖြစ်လာခဲ့ရင် ပိုပြင်ဆင်ထားနိုင်ရေးအတွက် ကပ်ဘေး သဘောတူချက်တစ်ခု ချုပ်ဆိုထားနိုင်ရေးတို့ ဖြစ်ပါတယ်။
အီရန်မှာ ဆန္ဒပြမှုတွေနဲ့ ဆက်နွှယ်နေသူ နောက်ထပ် လူ ၃ ဦးကို ကွပ်မျက်စီရင်

အီရန်နိုင်ငံမှာ နိုင်ငံတဝန်း လပေါင်းများစွာ အစိုးရ ဆန့်ကျင်တဲ့ လူထုဆန္ဒပြမှုတွေနဲ့ ဆက်နွှယ်ပြီး ပြစ်မှုထင်ရှားခဲ့သူ လူ ၃ ဦးကို အီရန်အစိုးရက ကွပ်မျက်စီရင်လိုက်ပါတယ်။
သူတို့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အစ်စ်ဖာဟန်မြို့ လူထုဆန္ဒပြမှုတွေအတွင်း လုံခြုံရေးအဖွဲ့ဝင် ၃ ဦးကို သတ်ဖြတ်ခဲ့မှုနဲ့ သေဒဏ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
Amnesty International လူ့အခွင့်အရေးအဖွဲ့ကတော့ အဲဒီ မာဂျစ် ကဇီမီ၊ ဆာလေး မီယာဟာရှီမီနဲ့ ဆာအိဒ် ယာဂူဘီ တို့ကို ကြားနာစစ်ဆေးမှုတွေက တက်သုတ်ရိုက် လုပ်ခဲ့တာဖြစ်ကြောင်းနဲ့ အဲဒီလူတွေ ဝန်ခံထွက်ဆိုလာအောင် နှိပ်စက်ညှင်းပမ်းမှုတွေ လုပ်ခဲ့တယ်လို့ ပြောပါတယ်။
အီရန်နိုင်ငံမှာ ကျင့်ဝတ်ထိန်းသိမ်းရေး ရဲတွေထိန်းသိမ်းထားစဉ် မာဆာ အာမီနီဆိုတဲ့ အမျိုးသမီးငယ် သေဆုံးခဲ့ရမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်နွှယ်ပြီး ကွပ်မျက်စီရင်ခံရသူပေါင်းဟာ အဲဒီလူ ၃ ဦးနဲ့ပါ ပေါင်းရင် အနည်းဆုံး ၇ ဦး ရှိသွားပြီ ဖြစ်ပါတယ်။








