ဖေဖော်ဝါရီ ၃ ရက် ညချမ်းသတင်းများ - အမေရိကန်ဝေဟင်မှာ ပျံသန်းနေတဲ့ တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီး

အမေရိကန်ဝေဟင်မှာ ပျံသန်းနေတဲ့ တရုတ် ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီး

အမေရိကန်နဲ့ ကနေဒါ ပိုင်နက်ထဲက ကောင်းကင်ယံမှာ ပျံသန်းနေတဲ့ တရုတ်နိုင်ငံရဲ့ ထောက်လှမ်းရေး မိုးပျံပူဖောင်းကြီးတလုံးကို တွေ့ရှိခဲ့တယ်လို့ အမေရိကန် ဘက်က ပြောဆိုပြီးနောက်ပိုင်း တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းဖို့ တရုတ်နိုင်ငံက ပန်ကြားလိုက်ပါတယ်။

ဒီအခြေအနေကို အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေပြီး တရုတ်နိုင်ငံအနေနဲ့ တခြားနိုင်ငံရဲ့ လေပိုင်နက်ကို ချိုးဖောက်လိုတဲ့ ဆန္ဒမရှိဘူးလို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။

တရုတ်နိုင်ငံဟာ တာဝန်ယူမှုရှိတဲ့ နိုင်ငံ ဖြစ်ပြီး နိုင်ငံတကာ ဥပဒေတွေကို အမြဲတစေ အတိအကျ လိုက်နာတယ်။ တခြားနိုင်ငံရဲ့ နယ်မြေ ဒါမှမဟုတ် လေပိုင်နက်ကို ချိုးဖောက်ဖို့ ရည်ရွယ်ချက် လုံးဝမရှိပါဘူး။ ဒီမိုးပျံပူဖောင်းနဲ့ ပတ်သက်လို့ မေးခွန်းကို ဖြေရမယ်ဆိုရင် အခြေအနေကို အတည်ပြုနိုင်ဖို့နဲ့ နားလည်နိုင်အောင် ဆက်လက် ကြိုးပမ်းနေပါတယ်။ နှစ်နိုင်ငံလုံး တည်တည်ငြိမ်ငြိမ် နှိုင်းနှိုင်းချင့်ချင့်နဲ့ ဒီကိစ္စကို ကိုင်တွယ်မယ်လို့ မျှော်လင့်မိတယ်” လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူက ပြောပါတယ်။ အဲဒီမိုးပျံပူဖောင်းကြီးဟာ အရေးကြီးတဲ့ နျူးယားလက်နက်တွေ တည်ဆောက်ထားတဲ့ နေရာပေါ်မှာ ပျံသန်းနေတုန်းမှာ တွေ့မိခဲ့တာ ဖြစ်တယ်လို့ အမေရိကန်က Montana ပြည်နယ်မှာ တွေ့ရှိခဲ့တဲ့ မျက်မြင်သက်သေတယောက် ပြောပါတယ်။

အမေရိကန် စစ်တပ်တာဝန်ရှိသူတွေကတော့ ဒီမိုးပျံပူဖောင်းကို ပစ်ချဖို့ စဥ်းစားပေမယ့် ပျက်ကျလာမယ့် အပျက်အစီးတွေရဲ့ အန္တရာယ်ကြောင့် မဆုံးဖြတ်သေးတာ ဖြစ်တယ်လို့ ပြောပါတယ်။

အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ယူကရိန်း ထပ်မံကြိုးပမ်း

အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ယူကရိန်း ထပ်မံကြိုးပမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးဟာ အီးယူ ဥရောပ သမဂ္ဂထဲ ဝင်ဖို့ ယူကရိန်းရဲ့ ကြိုးပမ်းမှုကို အရှိန်မြင့်ဖို့ တွန်းအားပေးနေချိန်မှာပဲ ဥရောပ ကောင်စီ နဲ့ ကော်မရှင် ဥက္ကဋ္ဌတွေကို ကိဗ်မြို့တော်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

ချားစ် မစ်ချယ် (Charles Michel) အူဇူလာ ဖန် ဒေး လိုင်းယွန်း (Ursula von der Leyen) တို့နဲ့ တွေ့ဆုံတဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ ပြီးခဲ့တဲ့ ဇွန်လက ယူကရိန်းနိုင်ငံကို အီးယူ အဖွဲ့ဝင်လောင်း နိုင်ငံအဖြစ် တရားဝင် ပေးအပ်ခဲ့ပြီးတဲ့နောက် ပထမဆုံး ဖြစ်ပါတယ်။

မစ္စတာ ဇလန်းစကီးဘက်ကလည်း အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ ဆွေးနွေးပွဲတွေကို ဒီနှစ်မှာ စတင်ဖို့ လိုလားနေတာ ဖြစ်ပါတယ်။

ဒါပေမဲ့ အီးယူ တာဝန်ရှိသူတွေဘက်က ဒီမျှော်လင့်ချက်ကို အ‌လေးမထားခဲ့ပါဘူး။

ရုရှားနိုင်ငံအပေါ် ၁၀ ကြိမ်မြောက်ချမှတ်မယ့် အရေးယူပိတ်ဆို့မှု အစီအစဥ်တွေနဲ့ ယူကရိန်း စစ်တပ်တွေကို ပိုမို လေ့ကျင့်ပေးတာ အပါအဝင် ဒေါ်လာ ဘီလီယံနဲ့ချီ တန်ကြေးရှိတဲ့ ဘဏ္ဍာရေး အစီအစဥ်တရပ်ကို ကြာသပတေးနေ့က ကြေညာပြီးတဲ့နောက်ပိုင်း ဒီထိပ်သီးဆွေးနွေးပွဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အသက်မပြည့်သေးသူ ထိမ်းမြားလက်ထပ်မှု လူရာကျော် ဖမ်းဆီးခံရ

အိန္ဒိယနိုင်ငံမှာ အသက်မပြည့်သေးတဲ့ မိန်းကလေးငယ်တွေကို လက်ထပ်တာ ဒါမှမဟုတ် စီစဥ်ပေးစားလက်ထပ်တဲ့ စွဲချက်တွေနဲ့ လူပေါင်း ၁၈၀ ကျော်ကို ဖမ်းဆီးလိုက်တယ်လို့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းက အာဏာပိုင်တွေက ပြောပါတယ်။

အာဆန် (Assam) ပြည်နယ် ဝန်ကြီးချုပ် ဟိမန်တာ ဘစ်စဝါ ဆားမား (Himanta Biswa Sarma) က ကလေးသူငယ် လက်ထပ်ထိမ်းမြားတာဟာ မိခင်ဖြစ်မှု တိုးလာပြီး ကလေး သေဆုံးမှုနှုန်းတွေ မြင့်တက်လာနိုင်တယ်လို့လည်း ပြောပါတယ်။

ဒီအပြုအမူဟာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ ခွင့်လွတ်လို့ မရတဲ့ ရာဇဝတ်မှု ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

ဟိန္ဒူဘုရားကျောင်းတွေနဲ့ ဗလီတွေထဲမှာ အဲဒီလို လက်ထပ်မှုမျိုးကို လက်မှတ်ရေးထိုးရာမှာ ကူညီပေးနေတဲ့ လူတွေအပါအဝင် နောက်ထပ် ဖမ်းဆီးမှုတွေလည်း ရှိလာနိုင်တယ်လို့လည်း ပြောပါတယ်။

အိန္ဒိယနိုင်ငံမှာ အသက် ၁၈ နှစ်ပြည့်မှ လက်ထပ်ခွင့် ရှိပေမယ့် ဒီဥပဒေကို မကြာခဏ ချိုးဖောက်လေ့ရှိပါတယ်။

ဟီဂျပ်မဝတ်ရင် အိုင်ဒီကဒ် သိမ်းခံရမယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဟီဂျပ်မဝတ်ရင် အိုင်ဒီကဒ် သိမ်းခံရမယ်

ဟီဂျပ်ခေါင်းစည်းပဝါ မဝတ်ဆင်တာ ဒါမှမဟုတ် အာဏာပိုင်တွေဘက်က မသင့်တော်ဘူးလို့ ယူဆတဲ့ ခေါင်းစည်းပဝါ ဝတ်ဆင်တဲ့ အမျိုးသမီးတွေရဲ့ သက်သေခံကဒ်ပြား ID ကဒ်တွေကို ပိတ်ပင်ဖို့ အစီအစဥ် တရပ်ရှိတယ်လို့ အီရန် လွှတ်တော်ကိုယ်စားလှယ် တယောက်က ပြောပါတယ်။

လွှတ်တော် တရားရေးနဲ့ ဥပေရေးရာ ကော်မရှင် အကြီးအကဲ Moussa Ghazanfarabadi က ဟီဂျပ် အပြည့်အဝ မဝတ်ဆင်တဲ့သူတွေဆီကို စာတို မက်ဆေ့တွေ ပေးပို့သွားမှာ ဖြစ်ပြီး ညွှန်ကြားချက်တွေကို မလိုက်နာဘူးဆိုရင်တော့ ဒဏ်တပ်သွားမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒဏ်တပ်တာကို မျက်ကွယ်ပြုပြီး စည်းမျဥ်းတွေကို ထပ်မံချိုးဖောက်ရင် သူတို့ရဲ့ သက်သေခံကဒ်ပြားကို ပိတ်ပင်သွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်၊