ဂန္ထဝင်မြန်မာသံတေးသံရှင် ဒေါ်မာမာအေးကွယ်လွန်

၂၀၁၅ ခုနှစ်က ဘီဘီစီရောက် အဆိုတော်ကြီး ဒေါ်မာမာအေး

ဓာတ်ပုံ ရင်းမြစ်, BBC

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ခုနှစ်က ဘီဘီစီရောက် အဆိုတော်ကြီး ဒေါ်မာမာအေး

ဂန္ထဝင်မြန်မာသံတေးသံရှင် ဒေါ်မာမာအေး ဟာ ဇန်နဝါရီ ၈ ရက် အမေရိကန်ဒေသစံတော်ချိန် ညနေ ၆ နာရီ ( မြန်မာစံတော်ချိန် ဇန်နဝါရီ ၉ ရက် မနက် ၅ နာရီကျော်အချိန်) မှာ အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ် ဖို့ဒ်ဝိန်းမြို့နေအိမ်မှာ ကွယ်လွန်သွားပြီလို့ ဒေါ်မာမာအေးကို အနီးကပ်ပြုစုစောင့်ရှောက်ပေးခဲ့တဲ့ သားတစ်ဦးဖြစ်တဲ့ ကိုခင်မောင်လေး က ဘီဘီစီကိုအတည်ပြုပါတယ်။

ဒေါ်မာမာအေး ဟာ ကွယ်လွန်ချိန်မှာ အသက် ၈၂ နှစ် (အမေရိကန်အရ ၈၁ နှစ်) ရှိပြီးဖြစ်ပြီး ကျန်းမာရေးချို့ယွင်းနေတာအနည်းဆုံး ၆ ‌လလောက်ရှိနေပြီလို့ သိရပါတယ်။

ဒီကနေ့ကွယ်လွန်မှာတော့ မြန်မာထုံးတမ်းအရ မြန်မာဘုန်းတော်ကြီးတစ်ပါးက သက်ပျောက် ဆွမ်းကပ်ဒါနပြုမှာဖြစ်ပြီး ‌စျာပနာအခမ်းအနားရက်ကိုတော့ အတည်မပြုရသေးလို့ ဆက်ပြီးအသိပေးသွားမယ်လို့ ကိုခင်မောင်လေး ကပြောပါတယ်။

'' အမေက အိမ်မှာပဲကွယ်လွန်သွားတာပါ။ ‌ဆေးရုံကလာသယ်ပါမယ်။ ပြီးရင်တော့ ဒီကထုံးစံအတိုင်း စစ်ဆေးစရာရှိတာ စစ်ဆေးပြီးရင် မြေချမယ့်ရက်တွေဘာတွေသိရမှာပါ'' လို့ ကိုခင်မောင်လေးကပြောပါတယ်။

ဂန္ထဝင်မြန်မာသံတေးသံရှင် ဒေါ်မာမာအေးကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Social Media

အသက် ၈ နှစ် အရွယ်ကတည်းကအသံလွှင့်ခဲ့တဲ့ ဒေါ်မာမာအေးဟာ သန်းသန်းမြင့် အမည်နဲ့ "စန္ဒရား မြမြအေး အပျော်တမ်း တူရိယာ အဖွဲ့"၊ မြင့်မြင့်အေး အမည်နဲ့ "ပွင့်ဦး တေးသံ အပျော်တမ်း တူရိယာ အဖွဲ့"၊ "မြင့်သီရိ အပျော်တမ်း တူရိယာ အဖွဲ့"၊ "ချိုတေးရှင် တူရိယာ အဖွဲ့"တွေမှာ သီဆိုခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မာမာအေး နာမည်နဲ့ "ကေသီပန် တူရိယာ အဖွဲ့"၊ "ဂီတ မာလာ သီချင်းကြီး တူရိယာ အဖွဲ့"၊ "စောင်း ဦးခင်မြင့် သီချင်းကြီး တူရိယာ အဖွဲ့"၊ "မန္တလေး စန္ဒရား ဦးအုန်းမောင် သီချင်းကြီး တူရိယာ အဖွဲ့" တို့မှာ သီဆိုသူဖြစ်လာပါတယ်။

အဲဒီနောက် ၁၉၅၅ ခုနှစ်မှာ "သက်တန့်ပေါ်မှာ ကစားမယ်" သီချင်းနဲ့ နိုင်ငံကျော်တေးသံရှင်ဖြစ်လာပြီး ၁၉၆၁ ခုနှစ်ကစတင်ပြီး မြန်မာ့အသံအစီအစဉ်မှာ လက်ထောက်ထုတ်လွှင့်ရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ မြန်မာ့ ခေတ်ပေါ်တေးဂီတကောင်စီ အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး ဂီတပဒေသာမဂ္ဂဇင်း ကော်မတီဝင်လည်းလုပ်ခဲ့ပါတယ်။

ရုပ်ရှင်လည်းရိုက်ကူးခဲ့ပြီး “မြခြူသံ”၊ “သူ့ကိုမှ ချစ်သည်”၊ “မန်ဒါလီ” စတဲ့ရုပ်ရှင်ကားတွေမှာပါဝင်သရုပ်ဆောင်ခဲ့သလို ဝတ္တုနဲ့ ကဗျာစာညွန့်တွေရေးသားသူလည်းဖြစ်ပါတယ်။

ဂန္ထဝင်မြန်မာသံတေးသံရှင် ဒေါ်မာမာအေးကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒေါ်မာမာအေး (လယ်)

မောင့်အချစ်မြား သီချင်းဟာ သူ့ရဲ့ အအောင်မြင်ဆုံးသီချင်းတွေထဲက ထိပ်ဆုံးမှာပါဝင်ခဲ့တဲ့သီချင်းဖြစ်ပြီး နှင်းပျောက်တဲ့နွေ၊ မေ့ကွက်ကိုရှာ၊ ချစ်သူ့နယ်မြေ၊ သျှောင်နောက်ဆံထုံးပါ၊ အကျည်းတန်ချစ်သူ နဲ့ တစ်နေ့တော့မောင်ပြန်လာမည် ဆိုတဲ့တေးသီးချင်းတွေဟာ သူ့ရဲ့ အကျော်ကြားဆုံးဖြစ်ခဲ့သလို ဒီကနေ့အချိန်အထိ တေးသံရှင်အများအပြားရဲ့ ပြန်ဆိုတေးအဖြစ်ထင်ရှားနေဆဲဖြစ်ပါတယ်။

လန်ဒန်မြို့ အခြေစိုက် ဘီဘီစီ မြန်မာပိုင်း အစီအစဉ်ကတဆင့် တင်ဆက်ခဲ့တဲ့ ဒေါ်မာမာအေးရဲ့ သောတရှင် ပြည်သူများ အတွက် "ပြောပြစရာတွေလည်း တပုံကြီး ရှိသေးတယ်" ခေါင်းစဥ်နဲ့ အစီအစဥ်ကလည်း လူကြိုက်များတဲ့ သူ့ရဲ့ ထင်ရှားတဲ့ ‌ရေဒီယိုအစီအစဥ်ဖြစ်ခဲ့ပါတယ်။

'' အမေဆုံးသွားတာက တကယ့်ကိုဆုံးရှုံးမှုကြီးတစ်ခုလိုပဲပြောချင်ပါတယ်'' အနီးကပ်ပြုစုပေးခဲ့တဲ့ သားဖြစ်သူ ကိုခင်မောင်လေးကပြောပါတယ်။