ဩဂုတ် ၁၂ ရက်ထိပ်တန်းသတင်းများ - ရွှေဗျိုင်းဖြူစက်သုံးဆီကုမ္ပဏီ ဖျက်သိမ်း

ဓာတ်ပုံ ရင်းမြစ်, ရွှေဗျိုင်းဖြူစက်သုံးဆီကုမ္ပဏီ
စစ်ကောင်စီ နဲ့ နီးစပ်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုက သူတို့ရဲ့ စက်သုံးဆီကုမ္ပဏီကို ဖျက်သိမ်းလိုက်တယ်လို့ စစ်တပ်ပိုင် မြဝတီသတင်းစာမှာ မနေ့က ကြေညာပါတယ်။
စက်သုံးဆီတင်မကဘဲ ဘဏ်၊ တယ်လီကွန်း၊ သစ် နဲ့ ကျောက်မျက်လုပ်ငန်းတွေအထိ လက်တံရှည်တဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုက သူတို့ရဲ့ စက်သုံးဆီကုမ္ပဏီကို လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေကို အသုံးပြုပြီး ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း MPTA မှာပါဝင်တဲ့ ရွှေဗျိုင်းဖြူစက်သုံးဆီကုမ္ပဏီဟာ စစ်တပ်ပိုင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်၊ နာမည်ကြီးစီးပွားရေးလုပ်ငန်းရှင် ဦးတေဇတို့ နဲ့ ချိတ်ဆက်ဆောင်ရွက်နေတဲ့ အကြောင်း လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice for Myanmar က ဖော်ထုတ် ထားပါတယ်။
ရွှေဗျိုင်းဖြူလုပ်ငန်းစုကို စီးပွားရေးလုပ်ငန်းရှင် ဦးသိန်းဝင်းဇော် ပိုင်ဆိုင်ပြီး သူရှယ်ယာပါတဲ့ လုပ်ငန်းစုတွေဟာ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ အမေရိကန်နိုင်ငံ တို့ရဲ့ ပိတ်ဆို့အရေးယူတဲ့စာရင်းတွေထဲမှာ ပါနေတဲ့အကြောင်း Justice for Myanmar က ဖော်ထုတ်ထားပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံကထွက်ခွာခဲ့တဲ့ တယ်လီနောရဲ့ ရှယ်ယာအများစုကို ရွှေဗျိုင်းဖြူက လွှဲပြောင်းရယူခဲ့ပါတယ်။
အဲဒီလိုရောင်းချမှုမှာလည်း တရားဝင်ကြားဖြတ်ဖမ်းယူမှုနည်းပညာပါဝင်ခဲ့တာကြောင့် ပြည်သူတွေရဲ့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်သလို အဲဒီရောင်းချမှုဟာလည်း ဥရောပသမဂ္ဂ ၊ ဗြိတိန်နဲ့ တယ်လီနော်အခြေစိုက်ရာ နော်ဝေနိုင်ငံတို့ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်နေတဲ့အကြောင်း ဒီဂျစ်တယ်အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြခဲ့ကြပါတယ်။
ဩဂုတ် ၁၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကုမ္ပဏီရဲ့ အစုရှယ်ယာရှင်များအစည်းအဝေးဆုံးဖြတ်ချက်အရ ဆန္ဒအလျောက် စာရင်းရှင်းလင်းဖျက်သိမ်းတာလို့ပြောပြီး ကုမ္ပဏီက ရဖို့ နဲ့ ပေးဖို့ရှိတဲ့စာရင်းတွေကို စက်တင်ဘာ ၉ ရက်နေ့ နောက်ဆုံးထားပြုလုပ်မယ်လို့ဆိုပါတယ်။
လူမွဲခံယူခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၅၂ (က) အရ ရွှေဗျိုင်းဖြူလုပ်ငန်းစု အောက်က စက်သုံးဆီနဲ့ ဂက်စ်လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီကို ဖျက်သိမ်းလိုက်တာဖြစ်ပြီး ဖျက်သိမ်းရတဲ့အကြောင်းအရင်းကို အသေးစိတ်သိရဖို့ ဘီဘီစီက ကုမ္ပဏီဘက်ကို မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။
စက်သုံးဆီ၊ စားသုံးဆီတင်သွင်းရောင်းချသူတွေအများဆုံးအသုံးပြုတဲ့ စင်ကာပူပိုင် United Overseas Bank က လာမယ့် စက်တင်ဘာ ၁ ရက်ကစလို့ လုပ်ငန်းသုံးငွေလွှဲ ငွေပေးချေမှုတွေကို ယာယီဆိုင်းငံ့ဖို့ ရှိနေတာကြောင့် ပို့ကုန်သွင်းကုန်လုပ်ငန်းတွေမှာ ပိုပြီး အခက်အခဲကြုံလာရနိုင်ချေရှိတယ်လို့ လုပ်ငန်းရှင်တွေက ဘီဘီစီကို ပြောထားပါတယ်။
ဖလမ်း၊ ရမ်ထလိုရွာ လေကြောင်းတိုက်ခိုက်ခံရလို့ အရပ်သား ဒါဇင်ဝက်ခန့် ထိခိုက်ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CNDF
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ရမ်ထလိုကျေးရွာထဲကို ဒီကနေ့ နေ့လယ် ၁၁ နာရီအချိန်မှာ စစ်ကောင်စီက ရုတ်တရက်လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ရွာထဲက ခရစ်ယာန်ဘုရားကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်အချို့ ပျက်စီးခဲ့တယ်လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် အမျိုးသား ၃ ဦး၊ အမျိုးသမီး ၄ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
"CNA (ချင်းအမျိုးသားတပ်) က ဒီမနက်အစောကြီး တစ်နာရီလောက် ဖလမ်းမြို့ပေါ်က ခလရ အခြေစိုက်တပ်ကို သွားတိုက်ခဲ့ပါတယ်။ ဒါကို တန်ပြန်အနေနဲ့ ရွာဘက်ကို ရုတ်တရက်ဗုံးလာကြဲတယ်လို့ ယူဆတယ်" လို့ ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျူံးငိုင်းကပြောပါတယ်။
ဒီနှစ်အတွင်း ဖလမ်းမြို့ကို လေကြောင်းတိုက်ခိုက်မှု လေးကြိမ်ပြုလုပ်ထားပြီး နှစ်ကြိမ်က ရမ်ထလိုရွာကို တိုက်ခိုက်ခဲ့တာပါ။ ရမ်ထလိုရွာကို အခုနှစ် ဧပြီလဆန်းမှာတကြိမ် ၊ ဒီကနေ့မှာ တကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိ ချင်းပြည်နယ်အတွင်း ကန်ပက်လက်၊ ဟားခါး နဲ့ ထန်တလန်ကြားမှာ တိုက်ပွဲအချို့ရှိပေမဲ့ နေရာအများစုမှာတော့ တော်လှန်ရေးအင်အားစုတွေဘက်က စိုးမိုးထားနိုင်တယ်လို့ CNDF ကနေ သိရပါတယ်။
ဒါကြောင့် စစ်ကောင်စီဟာ ချင်းပြည်နယ်ထဲ လေကြောင်းကိုသာ အဓိက အားထားနေရတယ်လို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။
ဖာပွန်က စစ်ကောင်စီရုံး ၄ ရုံး ဗုံးခွဲခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
ကရင်ပြည်နယ်၊ ဖာပွန်မြို့ပေါ်မှာရှိတဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနေအိမ်၊ လူဝင်မှုကြီးကြပ်ရေးရုံး၊ စာရင်းစစ်ရုံးနဲ့ ဥပဒေရုံးတို့ မနေ့ည ၁၁ နာရီအချိန်မှာ ဗုံးခွဲတိုက်ခိုက်ခံရတယ်လို့ စစ်ရေးအခြေအနေ သိရှိသူတွေက ပြောပါတယ်။
" ထိခိုက်ဒဏ်ရာရကြတာမရှိပါဘူး။ ဖာပွန်မြို့ပေါ်မှာက သူတို့ (စစ်ကောင်စီ)လည်း ဘယ်သူမှမရှိကြတော့ဘူးလေ" လို့ ဒီဖြစ်စဉ်ကိုသိရှိသူ တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဖာပွန်မြို့ဟာ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ ၅ နယ်မြေ မူတြော်ခရိုင်ထဲပါဝင်ပြီး မြို့ပေါ်ပေါက်ကွဲမှုတွေမကြာခဏဖြစ်ပွားနေတာဖြစ်ပါတယ်။ ဒါကြောင့် ဖာပွန်မြို့ပေါ်က ဒေသခံအချို့ဟာ ဘားအံမြို့ဘက်ကို ပြောင်းရွှေ့နေထိုင်ကြတယ်လို့ သိရပါတယ်။
စစ်ရေးအခြေအနေဘက်ကို ကြည့်ရင်လည်း ဖာပွန်တဝိုက်ကို တော်လှန်ရေးအင်အားစုတွေက စိုးမိုးထားတယ်လို့ သိရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့ပေါ်မှာတခါတလေမှသာ စခန်းချလေ့ရှိတယ်လို့ စစ်ရေးသိရှိသူတွေက ပြောကြပါတယ်။
ကေအဲန်ယူ တပ်မဟာ ၅ က မူတြော်ခရိုင်ထဲက စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ရာထူးကစွန့်လွှတ်ဖို့ သြဂုတ် ၈ ရက်က သတိပေးချက်ထုတ်ခဲ့ပါသေးတယ်။
တိုက်ပွဲဖြစ်နေတဲ့ သမင်အင်းကုန်း လေကြောင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, NUG MOD
တိုက်ပွဲတွေ ရက်ဆက် ဖြစ်နေတဲ့ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ သမင်အင်းကုန်းရွာတဝိုက်ကို ဒီကနေ့ မနက် ၉ နာရီဝန်းကျင်မှာ စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကွန်မန်ဒိုတပ်ရင်း၊ ရိုးမစစ်ကြောင်း ၂ ဆီကနေ သိရပါတယ်။
"မနေ့က ကျွန်တော်တို့ လက်နက်ရခဲ့တဲ့ တပ်ခွဲဧရိယာပါ။ ရဲဘော်တစ်ဦး အစထိမှန်တယ် မစိုးရိမ်ရပါဘူး" လို့ ရိုးမစစ်ကြောင်း ၂ ရဲ့ တာဝန်ခံက ပြောပါတယ်။
ဩဂုတ်လ ၉ ရက်နေ့မနက် ၄ နာရီဝန်းကျင်ကစလို့ သမင်အင်းကုန်းရွာအနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲပြင်းထန်ခဲ့တာပါ။
တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က လက်နက်အမြောက်အမြားသိမ်းဆည်းရမိခဲ့ပြီး စစ်ကောင် စီတပ်ဖွဲ့ဝင် အယောက် ၃၀ ကျော်သေဆုံးတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
ပဲခူးတိုင်းအတွင်းမှာ စစ်ရေးအရှိန်မြှင့်မယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက ဇူလိုင်လကတည်းက ထုတ်ပြန်ထားခဲ့ပြီး ပဲခူးရိုးမ အရှေ့ခြမ်းဒေသတွေဖြစ်တဲ့ ရေတာရှည်၊ ညောင်လေးပင်၊ ကျောက်တံ ခါး၊ ထန်းတပင်၊ ဖြူး၊ ကျောက်ကြီးစတဲ့ ဒေသတွေမှာ မကြာခဏ တိုက်ပွဲဖြစ်ပွားနေတာလည်းဖြစ်ပါတယ်။
တခါ သြဂုတ် ၉ ရက်နေ့မှာပဲ ပဲခူးတိုင်းထဲက ဖြူးမြို့နယ်၊ ညောင်ပင်သာရဲစခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ဝင်ရောက်ပစ်ခတ်တဲ့ဖြစ်စဉ်ရှိခဲ့သလို အောက်ကြာအင်းကျေးရွာဘက်ကိုလည်း စစ်ကောင်စီက စစ်ကြောင်းထိုးခဲ့တာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အောက်ကြာအင်း၊ အထက်ကြာအင်းကျေးရွာတွေက နေအိမ် ဆယ်နဲ့ချီကို စစ်ကောင်စီတပ်တွေက မီးရှို့သွားတယ်လို့ သိရပြီး ဒေသခံအချို့သေဆုံးတယ်လို့ ဒေသအခြေစိုက်မီဒီယာတွေက ဖော်ပြပါတယ်။
ဒါနဲ့ပတ်သက်လို့ ကွန်မန်ဒိုတပ်ရင်း၊ ရိုးမစစ်ကြောင်း ၂ တာဝန်ရှိသူကတော့ ဒေသခံတွေ ပျောက်ဆုံးတာတွေကြားသိနေရပေမဲ့ သတ်ဖြတ်မီးရှို့ခံရတာနဲ့ပတ်သက်လို့ တိကျတဲ့ သက်သေတွေ မရသေးဘူးလို့ ဘီဘီစီကိုပြောပါတယ်။
ကြာအင်းရွာတွေတဝိုက်တိုက်ပွဲပြင်းထန်တာကြောင့် ဒေသခံထောင်နဲ့ချီ နေရပ်စွန့်ခွာထွက်ပြေးကြသလို ပြီးခဲ့တဲ့ သုံးလတုန်းကဖြစ်ခဲ့တဲ့ တိုက်ပွဲကြောင့်လည်း ဖြူးမြို့ပေါ် ရှောင်တိမ်းနေကြသူတွေရှိတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကတော့ ပဲခူးတိုင်းထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီကနေ့ မနက် ၁၁ နာရီအထိ တစုံတရာသတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။
နေပြည်တော်အစပ်မှာ နှစ်ရက်ဆက်တိုက် တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, NAY PYI TAW PDF
နေပြည်တော်ပျဉ်းမနားရဲ့ အရှေ့ဘက်တောင်ပေါ်ရွာတွေအနီးက စစ်ကောင်စီတပ်စခန်းကို PDF နဲ့ KNDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
သြဂုတ် ၁၀ ရက်က ဘိုမ နဲ့ သံတောင်ရွာကြားမှာရှိတဲ့ အမှတ်(၆၀၆) ခြေမြန်တပ်ရင်း ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်မှုကြောင့် စစ်ကူတချို့စေလွှတ်ရတယ် လို့ နေပြည်တော်တိုင်းစစ်ဌာနချုပ်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။
သြဂုတ် ၁၁ ရက် ညနေပိုင်းအထိ တိုက်ပွဲဆက်ဖြစ်နေပြီး တိုက်ပွဲဖြစ်တဲ့ နှစ်ရက်အတွင်း စစ်ကောင်စီဘက်က အကျအဆုံးရှိခဲ့တယ် လို့ အထက်ပါသတင်းအရင်းအမြစ်က ပြောပါတယ်။
လက်ရှိတိုက်ပွဲဖြစ်နေတဲ့ နေရာက တောတောင်ထူထပ်ပြီး ရှမ်းကယား နယ်စပ်နဲ့ ထိစပ်နေတဲ့ နေရာလည်း ဖြစ်ပါတယ်။
တိုက်ပွဲဖြစ်ပွားတဲ့အနီး ကျေးရွာတွေက ဒေသခံတချို့ ပျဥ်းမနားမြို့ပေါ်ရပ်ကွက်တွေက ဆွေမျိုးနီးစပ် တွေဆီ သွားရောက်ခိုလှုံနေကြတယ် လို့ ဒေသခံတချို့ထံက သိရပါတယ်။
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ကို ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ မှတ်ချက်မပေးခဲ့ပါဘူး။
စစ်ကောင်စီ ဘက်ကလည်း နေပြည်တော်အစပ်က တိုက်ပွဲတွေ နဲ့ပတ်သက်လို့ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
လွန်ခဲ့တဲ့ မတ်လ ကလည်း နေပြည်တော် အရှေ့တောင်ဘက်က လယ်ဝေးမြို့နယ်အခြေစိုက် အမှတ် (၆၀၄) ခြေမြန်တပ်ရင်းကို PDF က ရှေ့ာတိုက်ဒုံးနဲ့ ပစ်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါသေးတယ်။
မြန်မာ - ရုရှား တိုက်ရိုက်လေကြောင်းလိုင်းပြေးဆွဲမယ်

ဓာတ်ပုံ ရင်းမြစ်, MAI
လာမယ့် စက်တင်ဘာ ၅ ရက်နေ့ကစလို့ အပတ်စဉ် အင်္ဂါနဲ့ စနေနေ့တိုင်း ရန်ကုန် - မန္တလေး - နိုဗိုဆီဘီရက်စ်ခ် (Novosibirsk) ခရီးစဉ်ကို အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်း (MAI) ကနေ ပြေးဆွဲပေးတော့မယ်လို့ ကြေညာလာပါတယ်။
စစ်ကောင်စီက ရုရှားနဲ့ တိုက်ရိုက်ခရီးစဉ်ပြေးဆွဲဖို့ရှိနေတဲ့အကြောင်း အာဏာသိမ်းစကတည်းက မကြာခဏ ထုတ်ပြောထားခဲ့ပေမဲ့ အကောင်အထည်မပေါ်ခဲ့ဘဲ နှစ်နှစ်ကျော်ကြာမှ မြန်မာဘက်ကစတင်ပြေးဆွဲဖို့ စီစဉ်လာတာဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွက် ပြည်ပခရီးသွားစျေးကွက်အသစ်တစ်ခုရနိုင်ဖို့ အခုလို ခရီးစဉ်လမ်းကြောင်းအသစ် ပြေးဆွဲရတာလို့ MAI က ပြောပါတယ်။ အခုလမ်းကြောင်းဟာ မြန်မာပြည်တွင်းက နာမည်ကြီးအပန်းဖြေလည်ပတ်စရာနေရာတွေဖြစ်တဲ့ ငပလီကမ်းခြေ (သံတွဲ)၊ ဟဲဟိုး၊ ပုဂံ (ညောင်ဦး) တို့နဲ့ ချိတ်ဆက်ထားမှာပါ။
ရုရှားခရီးသွားတွေအတွက် အာရှတွင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားသာမက အိန္ဒိယနိုင်ငံက အပြည်ပြည်ဆိုင်ရာလေဆိပ်တွေနဲ့ပါ ချိတ်ဆက်ပေးထားတယ်လို့ MAI က ဩဂုတ် ၁၀ ရက်နေ့မှာ တရားဝင်ထုတ်ပြောထားပါတယ်။
ရုရှားနိုင်ငံဘက်ကလည်း ဩဂုတ် ၁ ရက်နေ့ကစလို့ မြန်မာနိုင်ငံသားတွေကို သူ့ဒေသတွေထဲ အလွယ်တကူသွားလာခွင့်ရှိတဲ့ အီလက်ထရောနစ်ဗီဇာတွေထုတ်ပေးနေပြီး စစ်ကောင်စီဘက်ကလည်း ရုရှားရဲ့ နိုဗိုဆီဘီရက်စ်ခ် (Novosibirsk) နဲ့ စိန့်ပီတာစဘတ် (St Petersburg) မြို့တွေမှာ ကောင်စစ်ဝန်ရုံးဖွင့်လှစ်ဖို့ စီစဉ်နေတဲ့အကြောင်း ရုရှားကလာတဲ့သတင်းတွေမှာဖော်ပြပါတယ်။
ယူကရိန်းနဲ့ စစ်ပွဲဖြစ်နေတဲ့အတွက် ရုရှားနိုင်ငံသားတွေဟာ မြန်မာမှာ စစ်ရှောင်အနေနဲ့ ခိုလှုံနေကြတဲ့ အကြောင်းလည်း Pime Asia News က ဖော်ပြထားပါတယ်။ မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေမှာ ရုရှားစစ်ရှောင်တွေ နေထိုင်နေကြတဲ့အကြောင်း Pime Asia Newsက ဖော်ပြထားတာပါ။
လက်နက်ဝယ်ယူရေးကိစ္စအပါအဝင် စီးပွားရေး၊ ခရီးသွားကဏ္ဍတွေအတွက်ပါ ရုရှားနဲ့ စစ်ကောင်စီအကြား ဆက်ဆံရေးတိုးမြှင့်နေတယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားကြပါတယ်။








