ဘောလုံးသမားဟောင်းကို သမ္မတတင်လို့ ဂျော်ဂျီယာ အခြေအနေ ပိုဆိုး

ဓာတ်ပုံ ရင်းမြစ်, EPA
- ရေးသားသူ, ရေဟန် ဒီမီထရီနဲ့ ပေါလ် ကာဘီ
- ရာထူးတာဝန်, ကော်ကေးဆပ် တောင်ပိုင်း သတင်းထောက် နဲ့ ဥရောပ ဒစ်ဂျစ်တယ် အယ်ီဒတာ
မန်ချက်စတာစီးတီး ဘောလုံးသမားဟောင်းကို ဂျော်ဂျီယာမှာ အငြင်းပွားနေကြတဲ့ လွှတ်တော်က သမ္မတအဖြစ် တင်မြှောက်ခဲ့ကြပါတယ်။ အီးယူ ဥရောပ သမဂ္ဂကို လိုလားသူတွေလည်း ဂျော်ဂျီယာ နိုင်ငံအနှံ့မှာ ဆန္ဒပြနေကြတာ ၁၇ ရက်ရှိပါပြီ။
လက်ရှိသမ္မတနဲ့ အီးယူ ဘက်သား အတိုက်အခံတွေက ဒီတင်မြှောက်မှုကို တရားမဝင်ဘူးလို့ ရှုတ်ချ ကြပါတယ်။
၅၃ နှစ် အရွယ် ဘောလုံးသမားဟောင်း မီခေးလ် ကာဗယ်လ်လက်ရှ်ဗလီကို သမ္မတလောင်းအဖြစ် အာဏာရ ဂျော်ဂျီယာ အိပ်မက်ပါတီက ရှေ့ဆောင် တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
တစ်ဘလစ်ဆီ မြို့တော်နဲ့ တခြား မြို့ကြီးတွေမှာ အတိုက်အခံတွေ ဆန္ဒပြခဲ့ကြပါတယ်။
အောက်တိုဘာလက ကျင်းပတဲ့ ဂျော်ဂျီယာ ရွေးကောက်ပွဲမှာ ဂျော်ဂျီယာ အိပ်မက်ပါတီက မဲခိုးတယ်ဆိုပြီး အတိုက်အခံနဲ့ သမ္မတ ဆာလိုမေ ဇူရာ ဘစ်ရှ်ဗလီက စောဒက တက်ပါတယ်။ ဒါကို ဂျော်ဂျီယာ အိပ်မက် ပါတီဘက်က ပယ်ချပါတယ်။
ရွေးကောက်ပွဲသစ် ကျင်းပပြီးတဲ့အထိ ရာထူးက ထွက်မပေးဘူးဆိုပြီး အနားယူတော့မယ့် အနောက်တိုင်းလိုလားတဲ့ မစ္စ ဇူရာ ဘစ်ရှ်ဗလီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
သမ္မတ ဇူရာဘစ်ရှ်ဗလီကို ဂျော်ဂျီယာ အကျိုးစီးပွား ခြိမ်းခြောက်ဖို့ ကြိုးစားတယ်ဆိုပြီး ဝန်ကြီးချုပ် အီရာကလီ ကိုဘတ်ဟေးဇာက စွပ်စွဲပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်မှာ သမ္မတသက်တမ်းကုန်ရင် အနားယူဖို့ လည်း ပြောပါတယ်။
ဇူရာဘစ်ရှ်ဗလီဟာ လူထုအမြင်မှာ သမ္မတမဟုတ်တော့ဘူးလို့လည်း ဂျော်ဂျီယာအိပ်မက်က အမတ်တယောက်က ပြောပါတယ်။
ဂျော်ဂျီယာဟာ သမ္မတကို နိုင်ငံအကြီးအကဲထားပြီး ဝန်ကြီးချုပ်က လွှတ်တော်အကြီးအကဲလုပ်တဲ့ ပါလီမန် ဒီမိုကရေစီနိုင်ငံ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
အောက်တိုဘာ ရွေးကောက်ပွဲတွေနောက်ပိုင်း ဂျော်ဂျီယာအိပ်မက်ပါတီကို ဆန္ဒပြတာတွေ ချက်ချင်းဖြစ်လာပြီး နိုဝင်ဘာလ ၂၈ ရက်မှာတော့ ပေါက်ကွဲထွက်လာပါတယ်။ ၂၀၂၈ ထိ အီးယူထဲ ဝင်ဖို့ ကိစ္စ ဆွေးနွေးတာတွေကို ဆိုင်းထားမယ်လို့ အစိုးရက ကြေညာလို့ ဖြစ်ပါတယ်။
ဂျော်ဂျီယာမှာ လူအများစုက အီးယူထဲ ဝင်ဖို့ ထောက်ခံပြီး ဖွဲ့စည်းပုံမှာလည်း ပါရှိပါတယ်။
ညတိုင်း ပါလီမန်ရှေ့က လမ်းမကြီးမှာ အီးယူအလံတွေ ခြုံထားတဲ့ ဆန္ဒပြသူတွေနဲ့ ပြည့်နေပြီး ရွေးကောက်ပွဲသစ် ကျင်းပပေးဖို့ တောင်းဆိုကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ကာဗယ်လ်လက်ရှ်ဗလီဟာ ပြည်သူ့အာဏာပါတီကို တည်ထောင်သူဖြစ်ပြီး အနောက်တိုင်းဆန့်ကျင်ရေး ဝါဒဖြန့်တွေ အဓိက ပြောဆိုသူအဖြစ် ဂျော်ဂျီယာမှာ ထင်ရှားပါတယ်။
အတိုက်အခံပါတီတွေကို ပြည်ပက ညွှန်ကြားတာ လုပ်နေတဲ့ ပဉ္စမံတပ်တွေ ဆိုပြီး သူက စွပ်စွဲဖူးပါတယ်။ သမ္မတ ဆာလိုမေ ဇူရာ ဘစ်ရှ်ဗလီကိုလည်း သူလျှိုခေါင်းဆောင်လို့ ပြောဖူးပါတယ်။
ဂျော်ဂျီယာ ဘောလုံးအဖွဲ့ချုပ် ခေါင်းဆောင်နေရာကို အရည်အချင်း မရှိလို့ အရွေးမခံရပြီးကတည်းက ကာဗယ်လ်လက်ရှ်ဗလီ နိုင်ငံရေးဘက်ကို ရွှေ့လာခဲ့တာ ဖြစ်ပါတယ်။
သူ့ပါတီက ဂျော်ဂျီယာ အိပ်မက်ပါတီနဲ့အတူ အောက်တိုဘာ ရွေးကောက်ပွဲမှာ ဝင်ပြိုင်ခဲ့ပေမယ့် လွှတ်တော်မှာ ကျန်းမာတဲ့ အတိုက်အခံအဖြစ် ဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံခြား အင်အားစုတွေ ထောက်ပံ့တဲ့ အစွန်းရောက် အတိုက်အခံတွေနေရာကို ဖြည့်ဖို့လို့လည်း အကြောင်းပြပါတယ်။
နောက်ပြီး ဂျော်ဂျီယာရဲ့ အငြင်းပွားစရာ ပြည်ပသူလျှိုဥပဒေကို ကာဗယ်လ်လက်ရှ်ဗလီတို့ စီစဉ် ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ရုရှားပုံစံ ဥပဒေလို့ အတိုက်အခံတွေက ဒီဥပဒေကို ယူဆပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ဂျော်ဂျီယာအိပ်မက်ပါတီကို ဘီလျံနာသူဌေးကြီးနဲ့ ဂျော်ဂျီယာ ဝန်ကြီးချုပ်ဟောင်း ဘစ်ဒ်ဇီနာ အီဗန်နစ်ရှ်ဗလီက ထောင်တာပါ။ ရုရှားသြဇာရိပ်ထဲ နိုင်ငံကို ပြန်ဆွဲသွင်းဖို့ ကြိုးစားတယ်လို့ သူ့ကို စွပ်စွဲကြပါတယ်။
ဂျော်ဂျီယာအစိုးရကို ဒီမိုကရေစီ နောက်ပြန်ဆုတ်အောင် လုပ်လို့ ဆိုပြီး အီးယူနဲ့ အမေရိကန်က ပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အရင်နှစ်ပတ်အတွင်း ဂျော်ဂျီယာမှာ လူ ၄၆ဝ ကျော် အဖမ်းခံရတယ်လို့လည်း ပွင့်လင်းမြင်သာမှု နိုင်ငံတကာ အဖွဲ့က ထုတ်ပြန်ပါတယ်။
မီဒီယာသမားတွေအပါအဝင် လူ သုံးရာကျော် ညှဉ်းပန်းနှိပ်စက်ခံရတယ်လို့လည်း ဒီအဖွဲ့က ပြောပါတယ်။ အရင် သီတင်းပတ်ကုန်ကပဲ ရုပ်သံ သတင်းထောက်တယောက်နဲ့ ကင်မရာသမားကို လူဆိုးတွေက တိုက်ခိုက်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဂျော်ဂျီယာရဲရဲ့ ဥပဒေမဲ့ အင်အားသုံးမှုတွေကို အီးယူက ပြစ်တင်ရှုတ်ချပြီး ဂျော်ဂျီယာအစိုးရကို အရေးယူမှုတွေ လုပ်ဖို့ တနင်္လာနေ့မှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးဖို့ ရှိပါတယ်။
အမေရိကန် နိုင်ငံခြားရေးဌာနက ဂျော်ဂျီယာ အစိုးရဝန်ကြီးနဲ့ ရဲတွေအပါအဝင် အာဏာပိုင်တွေအပေါ် ဗီဇာ ကန့်သတ်မှုတွေ ချမှတ်ပြီး ဖြစ်ပါတယ်။
အစိုးရအာဏာပိုင်တွေအပြင် ဂျော်ဂျီယာမှာ အာဏာအရှိဆုံး ဘစ်ဒ်ဇီနာ အီဗန်နစ်ရှ်ဗလီကိုပါ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆန္ဒပြသူတွေက နိုင်ငံတကာကို တောင်းဆိုခဲ့ကြပါတယ်။
အစိုးရဘက်တော်သားတွေကလည်း လှုပ်ရှားတက်ကြွသူတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ လုပ်နေပါတယ်။
နေရာတကာမှာ ရဲတွေပဲ၊ တရားမျှတမှုကတော့ မရှိဆိုပြီး ဇာတ်သဘင်သမားတွေက သောကြာနေ့က ဆန္ဒပြပွဲမှာ ဟစ်ကြွေးခဲ့ကြပါတယ်။








