မတ်လ ၉ ရက်ထိပ်တန်းသတင်းများ - နိုင်ငံကူးလက်မှတ်သက်တမ်းတိုးကုန်ကျစရိတ်ကို တိုးမြှင့်သတ်မှတ်

ဓာတ်ပုံ ရင်းမြစ်, Myanmar Embassy
နိုင်ငံရေးအရ လက်မှတ်ထုတ်ပေးဖို့ ပယ်ချတာမျိုး မရှိသေးဘူးလို့ဆို
တရုတ်နိုင်ငံအတွင်းမှာရောက်ရှိနေထိုင်နေသူ မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုး တဲ့အခါ ကုန်ကျငွေသတ်မှတ်နှုန်းထားကို အရင် တရုတ်ယွမ်ငွေ ၁၇၀ ကောက်ယူရာကနေ ၂၈၀ ကိုတိုး တိုးမြှင့်သတ်မှတ် လိုက်တယ်လို့ မြန်မာသံရုံး (ပေကျင်း) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
စာအုပ်ရိုက်နှိပ်ခအပါအဝင် ကုန်ကျစရိတ်က အရင်ထက်များလာတာကြောင့် တိုးမြင့်လိုက်တာလို့လည်း သိရပါတယ်။
တရုတ်နိုင်ငံထဲရောက်ရှိနေသူတွေက အလုပ်သမားနဲ့ အိမ်ထောင်ကျပြီးနေထိုင်နေကြသူတွေအများအပြား သာရှိတာကြောင့် အာဏာသိမ်းပြီးနောက်ပိုင်းကစလို့ အခုနှစ် မတ်လအထိ နိုင်ငံကူးလက်မှတ်ထုတ်ပေးဖို့ ပယ်ချခဲ့ ဖူးတာမျိုး တစ်ဦးတစ်ယောက်မှမရှိသေးဘူးလို့ မြန်မာသံရုံး (ပေကျင်း) ထံကသိရပါတယ်။
အဲဒီလိုတိုးမြင့်တာအပြင် တရုတ်နိုင်ငံသားတွေနဲ့ လက်ထက်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ လက်မှတ် သက်တမ်းတိုးတဲ့အခါမှာတော့ အပေါင်ငွေကြေးအဖြစ် ယွမ်ငွေ ၂၇၀၀ ကိုလည်း ပေးဆောင်ရမယ်လို့ ထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံအတွင်း ပြဿနာတစ်ရပ်ရပ်ကြောင့် မြန်မာနိုင်ငံပြန်ဝင်တဲ့အခါ ကုန်ကျမယ့်ကုန်ကျစရိတ်အဖြစ် ကောက်ယူထားတာလို့ မြန်မာသံရုံး (ပေကျင်း) ထံကသိရပါတယ်။
ပြဿနာတစုံတရာမဖြစ်ပေါ်တဲ့သူတွေကိုတော့ အဆိုပါအပေါင်ငွေကို သုံးနှစ်ကြာပြီးနောက်မှာ ပြန်လည် ထုတ်ပေးမှာလို့လည်း ပြောပါတယ်။
လူဦးရေစာရင်းကောက်ဖို့ကျန်တဲ့နေရာတွေကို နည်းလမ်းမျိုးစုံနဲ့ ကောက်ယူမယ်လို့ ပြော

ဓာတ်ပုံ ရင်းမြစ်, CJ
မဲစာရင်းပြုစုနိုင်ရေးအတွက် ပြင်ဆင်လုပ်ဆောင် ကောက်ယူတယ်လို့ စစ်ကောင်စီဘက်ကပြောထားတဲ့ လူဦးရေစာရင်းကောက်ယူမှုကို ကောက်ယူဖို့ ကျန်နေတဲ့ နေရာတွေမှာ နည်းလမ်းမျိုးစုံနဲ့ ဆက်လက် ကောက်ခံဖို့ ဆောင်ရွက် မယ်လို့ စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ အင်အားဝန်ကြီး ဦးမြင့်ကြိုင်က မတ်လ ၈ရက်နေ့မှာ ပြောခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကောင်စီကတော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ရက်နေ့ကစလို့ ၁၀ရက်ကြာ တစ်နိုင်ငံလုံးမှာ လူဦးရေစာရင်း ကိုကောက်ယူခဲ့ပါတယ်။ အဲဒီလိုကောက်ခံခဲ့ပြီး တစ်နိုင်ငံလုံးရဲ့ ၈၇ ရာခိုင်နှုန်းလောက်အထိ လူဦးရေစာရင်း ကောက်ခံမှု အောင်မြင်ခဲ့တယ်လို့လည်း ကောက်ခံမှုပြီးနောက်ပိုင်းမှာ ဦးမြင့်ကြိုင်က ပြောထားပါတယ်။
ဒါပေမယ့် စစ်ကိုင်း၊ မကွေး၊ ကရင်၊ ကရင်နီဒေသ (ကယား) စတဲ့ တိုက်ပွဲတွေအများအပြားရှိနေတဲ့ နေရာမျိုးတွေမှာတော့ လာရောက်ကောက်ခံတာမျိုးမရှိဘူးလို့ အဲဒီဘက်က ဒေသခံတွေကို မေးမြန်းထား ချက်အရ သိရှိရပါတယ်။
ဒါပေမယ့် ရန်ကုန်အပါအဝင် မြို့ပြတွေဘက်မှာ လူဦးရေစာရင်းကို လိုက်လံကောက်ခံခဲ့တဲ့ အစောပိုင်းရက် တွေမှာတင် လိုက်လံကောက်ခံသူတွေ ပစ်ခတ်ခံရတာမျိုးတွေရှိခဲ့ပါတယ်။
ရန်ကုန်အပါအဝင် မြို့ပြတွေမှာလိုက်လံကောက်ခံခဲ့တဲ့ ပထမ ၅ရက်အတွင်းမှာတင် ရဲနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် အပါအဝင် စာရင်းကောက်သူ အနည်းဆုံး ပစ်ခတ်ခံရပြီး သေဆုံးသူ ၅ဦးအထိရှိခဲ့ပါတယ်။
အခုတော့ ကျန်ရှိနေသေးတယ်လို့ ဆိုတဲ့ ဒေသတွေရဲ့ အရေအတွက်နဲ့ ကောက်ခံရရှိထားတဲ့ လူဦးရေအရေ အတွက် စတာတွေကိုတော့ စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။ ဒါ့အပြင် ကျန်ရှိနေ သေးတဲ့နေရာတွေမှာ ထပ်မံကောက်ခံမယ့် အစီအစဥ်အတိအကျကိုလည်း ထုတ်ဖော်ပြောဆိုတာလည်း မရှိသေး ပါဘူး။
တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် သံတမန်တွေ စစ်တပ်ရဲ့ ရိုဟင်ဂျာလက်ခံရေး ပြင်ဆင်နေတာကို သွားရောက် ကြည့်ရှု့ခဲ့

ဓာတ်ပုံ ရင်းမြစ်, CJ
တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သံရုံးအကြီးအကဲတွေ မောင်တောနဲ့ စစ်တွေတို့က စစ်ကောင်စီက ပြင်ဆင်လုပ်ကိုင်နေတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး အစီအစဥ်နဲ့ ပြင်ဆင်မှုတွေကို မတ်လ ၈ရက်နေ့က သွားရောက်ကြည့်ရှု ခဲ့တယ်လို့ သိရပါတယ်။
အဲဒီခရီးစဥ်ကို စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က ဦးဆောင် ခဲ့ပြီး တရုတ်၊ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်အပြင် အာဆီယံသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ် ရေးညှိနှိုင်းမှု ဗဟိုဌာန (AHA Center) က ကိုယ်စားလှယ်တွေလည်း ပါဝင်တယ်လို့ စစ်ကောင်စီသတင်းစာ တွေက ဒီကနေ့မှာ ဖော်ပြပါတယ်။
မနေ့က စစ်ကောင်စီဝန်ကြီးနဲ့ အဖွဲ့ဟာ စစ်တွေကသဲချောင်းစခန်း၊ ဒါးပိုင် IDPစခန်း၊ သက္ကပြင်နဲ့ မောင်တော က လှဖိုးခေါင်ယာယီနေရာချထားရေးစခန်းနဲ့ ငါးခူရပြန်လည်လက်ခံရေးစခန်းတို့ကို သွားရောက်ခဲ့ကြတာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည်ခေါ်ယူမယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အာဏာသိမ်းပြီးကတည်းကပြောဆိုခဲ့ပေမယ့် အ ၂နှစ်ကျော်ကာလအတွင်း တရားဝင်ပြန်လည်လက်ခံခေါ်ယူတာမျိုး လုံးဝမရှိသေးဘူးလို့ ရိုဟင်ဂျာအရေး ကူညီနေသူတွေထံကသိရပါတယ်။
ဒါပေမယ့် ပြန်လည်ခေါ်ယူရာမှာလည်း ဂုဏ်သိက္ခာရှိရှိ အခွင့်အရေးအပြည့်အဝရရှိမယ့် အခြေအနေမျိုးမှ သာ ရိုဟင်ဂျာအများစုက နေရပ်ပြန်ရေးကို လက်ခံကြမှာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်စခန်းတွေ မှာနေထိုင်နေကြတဲ့ ရိုဟင်ဂျာအရေး ဆောင်ရွက်နေသူတွေက ပြောကြပါတယ်။
တွံတေးစိုးအောင် ဒီကနေ့မနက်ပိုင်းမှာ ကွယ်လွန်

ဓာတ်ပုံ ရင်းမြစ်, Social Media
မြန်မာသံစဥ်တွေနဲ့ နိုင်ငံတဝန်းလူသိများတဲ့ အဆိုကျော် တွံတေးစိုးအောင် အသက် ၆၁ ဟာ၊ ရုတ်တရက် သွေးတိုးရာကတဆင့် ဆေးကုသမှုခံယူရင်း မတ်လ ၉ရက်နေ့ မနက်အစောပိုင်း ၂နာရီ ၂မိနစ်မှာ ကွယ်လွန်ခဲ့ တယ်လို့ သားဖြစ်သူ တွံတေးဟိန်းကျော်က ဘီဘီစီကိုပြောပါတယ်။
ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်နေအိမ်ကနေ ရုတ်တရက်သွေးတိုးရောဂါ ခံစားလာရတာကြောင့် မတ်လ ၈ရက်နေ့ ညဘက်မှာ ရန်ကုန်ဆေးရုံကြီးကို တက်ရောက်ဆေးကုသမှုခံယူခဲ့တာဖြစ်ပါတယ်။
တွံ့တေးစိုးအောင်မှာ အခြားရောဂါမျိုးတွေခံစားရတာမရှိဘဲ၊ သွေးတိုးလေ့ရှိတဲ့အလေ့အထသာ ရှိသူဖြစ်ပြီး ကျန်းကျန်းမာမာနေထိုင်နေသလို့လည်း မိသားစုဝင်တွေထံကသိရပါတယ်။
ကွယ်လွန်သွားတဲ့ တွံတေးစိုးအောင်ကို ထိန်ပင်သုဿန်မှာ မတ်လ ၁၁ရက်၊ စနေနေ့တွင် သင်္ဂြိုဟ်မှာဖြစ်ပြီး အရိုးပြာအိုးကိုတော့ တွံ့တေးမြို့က သုဿန်မှာ ဂူသွင်းထားဖို့ မိသားစုက ပြင်ဆင်ထားတယ်လို့သိရပါတယ်။
မယ်ဒလင်နဲ့ တီးခတ်ပြီးသီဆိုတဲ့ တေးသီးချင်းတွေ၊ စတူဒီယိုခေတ်ပေါ် မြန်မာသံစဥ်သီးချင်းအများအပြားကို သီဆိုခဲ့သူလည်းဖြစ်ပါတယ်။ အသည်းပန်း၊ ဦးနဲ့သမီး၊ ရွှေကြာလိုအချစ်၊ ချစ်လို့ကြွေတဲ့အသည်းစတဲ့ သီချင်းတွေအပြင် တွံတေးစိုးအောင်ရဲ့ သီးချင်း အများအပြားက လူကြိုက်များတဲ့ သီးချင်းတွေလည်း ဖြစ်ခဲ့ပါတယ်။








