ဂါဇာအပစ်ရပ်မှု ရေရှည်တည်တံ့မှ ထောက်ခံမယ်လို့ ဗြိတိန်နဲ့ ဂျာမနီပြော - ဒီဇင်ဘာ ၁၇ ရက်ညပိုင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Imgaes
ဗြိတိန်နဲ့ ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးတွေက ဂါဇာဒေသ အပစ်ရပ်ရေးကို သူတို့ ထောက်ခံကြောင်း၊ ဒါပေမဲ့ ရေရှည် ဆက်ထိန်းထားနိုင်တဲ့ အပစ်ရပ်မှုမျိုးသာ ဖြစ်ရမယ်လို့ ပြောကြားလိုက်ပါတယ်။
ဒါပေမဲ့လည်း ဂါဇာဒေသထဲ နောက်ထပ် ကယ်ဆယ်ရေးအကူအညီတွေရရေးနဲ့ နောက်ထပ် ဓားစာခံတွေ လွတ်လာနိုင်ဖို့ လူသားချင်းစာနာတဲ့ယာယီအပစ်ရပ်မှုတွေရလာရေးကို ဆက်လက် တွန်းအားပေးသွားမှာဖြစ်တယ်လို့ သူတို့နှစ်ဦးစလုံးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဗြိတိန်နိုင်ငံထုတ် သတင်းစာကြီးတစ်စောင်ပါ ပူးတွဲ ဆောင်းပါးတစ်ပုဒ်မှာ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်းနဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အဲနာလီနာ ဘေယာဘော့ခ် က ဟားမတ်စ်နဲ့ အစ္စရေးအကြား တိုက်ပွဲအတွင်း အရပ်သားသေဆုံးမှုတွေ အရမ်းကို များလွန်းလှကြောင်း ဖော်ပြထားပါတယ်။
အစ္စရေးနိုင်ငံမှာ ရောက်ရှိနေတဲ့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး ကက်သရင်း ကိုလွန်နာကလည်း တာရှည်တည်တံ့ခိုင်မြဲတဲ့ အပစ်ရပ်မှုတစ်ခု အမြန်ဆုံးလုပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ဂါဇာမှာ အစ္စရေးက တွေ့ရာမရှောင် ဗုံးကြဲတိုက်ခိုက်နေမှုကြောင့် အစ္စရေးအပေါ် နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှုတွေ လျော့နည်းလာနေပြီလို့ သတိပေး ပြောသွားခဲ့ပါတယ်။
ဂါဇာမှာ ယာယီအပစ်ရပ်ဖို့ သံတမန်ရေးကြိုးပမ်းမှုတွေ ဆက်လုပ်နေတယ်လို့ ကာတာပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီအတောအတွင်းမှာပဲ ကာတာအစိုးရက အစ္စရေးနဲ့ ဟားမတ်စ်အကြား လူသားချင်းစာနာတဲ့ ယာယီအပစ်ရပ်မှုတစ်ခု ထပ်ရနိုင်ရေးအတွက် သံတမန်ရေးကြိုးပမ်းမှုတွေ သူတို့ ဆက်လုပ်နေကြောင်း ထပ်မံအတည်ပြု ပြောခဲ့ပါတယ်။
ကာတာဝန်ကြီးချုပ်နဲ့ အစ္စရေး မော့ဆက်ထောက်လှမ်းရေးအဖွဲ့ အကြီးအကဲတို့ တွေ့ဆုံစကားပြောခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အခုလို ပြောကြားလိုက်တာပါ။
အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နက်တာညာဟုကလည်း ဂါဇာက ဓားစာခံတွေ ပြန်လွတ်လာရေးကို အပြီးသတ် အကောင်အထည်ဖော်ဖို့ အစ္စရေးအစိုးရအနေနဲ့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ဟားမတ်စ်တို့ဘက်ကတော့ ဂါဇာမှာ အစ္စရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေမှုတွေ အဆုံးမသတ်မချင်း သူတို့အနေနဲ့ အကျဉ်းသား အလဲအလှယ်လုပ်ရေး စေ့စပ်ညှိနှိုင်းမှုတွေလုပ်မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဂျပန်နဲ့ အာဆီယံနိုင်ငံတွေအကြား ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်တရုတ်ပင်လယ်ထဲ တရုတ်ရဲ့ အခိုင်အမာ ခြေကုပ်ယူမှုတွေတစ်နေ့တခြား တိုးလာနေချိန်မှာ ဂျပန်နဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း(အာဆီယံ)အဖွဲ့ဝင်နိုင်ငံတွေအကြား ရေကြောင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူလိုက်ကြပါတယ်။
အာဆီယံ-ဂျပန်ဆက်ဆံရေး နှစ် ၅၀ မြောက်အထိမ်းအမှတ်အနေနဲ့ ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ ကျင်းပတဲ့ ဒေသတွင်းခေါင်းဆောင်တွေအစည်းအဝေးမှာ အခုလိုသဘောတူချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာ က တရုတ်ဟာ အိမ်နီးချင်းနိုင်ငံတွေအပေါ် တစ်ကယ့်ကို ခြိမ်းခြောက်မှုအသွင်ဆောင်နေတယ်လို့ ပြောပါတယ်။
နောက်ထပ် ကမ်းခြေစောင့်သင်္ဘောတွေ ဖိလစ်ပိုင်ဝယ်နိုင်ဖို့ အကူအညီပေးမယ်လို့ ဂျပန်အစိုးရက ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။
စနေနေ့တုန်းကလည်း မလေးရှားနိုင်ငံအတွက် သတိပေး၊ စောင့်ကြည့်ကင်မရာ စက်ပစ္စည်းတွေ ထောက်ပံ့ပေးမယ်လို့ ဂျပန်အစိုးရက ပြောသွားပါတယ်။
တရုတ်နိုင်ငံဟာ လက်ရှိမှာ တခြားအရှေ့အာရှနိုင်ငံတွေနဲ့ တောင်တရုတ်ပင်လယ်ထဲမှာ ရေပြင်ပိုင်နက် အငြင်းပွားမှု အတော်များများ ဖြစ်ပွားနေပါတယ်။
နေတိုးနိုင်ငံတွေကို ဘယ်တော့မှ ကျူးကျော်တိုက်ခိုက်မှာမဟုတ်ဘူးလို့ ရုရှားသမ္မတ ပူတင်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ခုကို ဘယ်တော့မှ တိုက်ခိုက်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။
ဒါဟာ တစ်ကယ်လို့ ယူကရိန်းကို ရုရှားက စစ်နိုင်ခဲ့ရင် နေတိုးအဖွဲ့ဝင် နိုင်ငံတွေထဲက တစ်ခုကို ထပ်ပြီး ကျူးကျော်တိုက်ခိုက်လာဖို့ ရှိတယ်ဆိုပြီး အခုလ အစောပိုင်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် ပြောခဲ့တဲ့ မိန့်ခွန်းကို ပြန်လည် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။
ဂျိုးဘိုင်ဒန်ရဲ့ ပြောဆိုချက်ဟာ လုံးဝ အဓိပ္ပာယ်မရှိကြောင်းနဲ့ ဒီလိုပြောတာဟာ ယူကရိန်းအပေါ် ထားရှိတဲ့ အမေရိကန်ရဲ့ လွဲမှားတဲ့ မူဝါဒ မှန်ကန်ပါတယ်ဆိုတာကို ပြချင်လို့သာ ဖြစ်တယ်လို့ သမ္မတပူတင်က ပြောပါတယ်။
နေတိုးအဖွဲ့ကို တိုက်ခိုက်ခြင်းအားဖြင့် ရုရှားရဲ့ စီးပွားရေး ဒါမှမဟုတ် နိုင်ငံရေး အကျိုးအမြတ် ဘာမှ ရှိလာမှာ မဟုတ်ဘူးလို့ သမ္မတပူတင်က အခိုင်အမာ ပြောခဲ့ပါတယ်။












