အနောက်ဘက်ကမ်း လူငယ်သတ်ဖြတ်မှုက စစ်ရာဇဝတ်မှုမြောက်နိုင်ကြောင်း အစ္စရေး စွပ်စွဲခံရ

- ရေးသားသူ, အစ္စဆိုဘယ် ယွန်း၊ ဂျော့ရှ် ဘိတ်ကာ နဲ့ ဆာရာ အိုဘေဒတ်
- ရာထူးတာဝန်, BBC News
အစ္စရေးသိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၉ ရက်က ပါလက်စတိုင်း လူငယ်တချို့ဟာ သူတို့ကစားနေကျ လမ်းပေါ်ကို ထွက်လာကြပါတယ်။
မိနစ်အနည်းငယ်အကြာမှာတော့ လူငယ် ၂ ဦးက အစ္စရေးစစ်သားရဲ့ သေနတ်ဒဏ်ရာနဲ့ သေဆုံးခဲ့ပါတယ်။ ၁၅ နှစ်အရွယ် ဘာဆေးလ်နဲ့ ၈ နှစ်အရွယ် အဒမ် တို့ ဖြစ်ပါတယ်။
အစ္စရေးသိမ်းထားတာ ရာစုနှစ်ဝက် ကျော်နေပြီဖြစ်တဲ့ အနောက်ဘက်ကမ်းမှာ အခုလို အစ္စရေးလုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လုပ်ရပ်အပေါ် စုံစမ်းစစ်ဆေးမှုတစ်ခုရဲ့ အစိတ်အပိုင်းအဖြစ် ဒီလူငယ်နှစ်ဦး ဘယ်လို သေဆုံးခဲ့သလဲဆိုတဲ့ ဖြစ်စဉ်ကိုဘီဘီစီက ပုံဖော်ကြည့်ခဲ့ပါတယ်။
မိုဘိုင်းဖုန်းနဲ့ စီစီတီဗီ ဗီဒီယိုမှတ်တမ်း၊ အစ္စရေးစစ်တပ်ရဲ့ လှုပ်ရှားမှုဆိုင်ရာ အချက်အလက်၊ မျက်မြင်သက်သေတွေရဲ့ထွက်ဆိုချက်၊ အခင်းဖြစ်တဲ့နေရာအပေါ် တိုင်းတာချက်တွေအပါအဝင် အသေးစိတ် စုံစမ်းစစ်ဆေးမှု စတာတွေကို ပေါင်းစပ်ကြည့်တဲ့အခါ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဖော်ညွှန်းတဲ့ သက်သေတွေ ထွက်ပေါ်လာပါတယ်။
ဘီဘီစီက တွေ့ရှိတဲ့ သက်သေအထောက်အထားတွေအရဆိုရင် အဒမ်သေဆုံးမှုက ‘စစ်ရာဇဝတ်မှု’ ဖြစ်နိုင်ကြောင်း ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးနဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဘန် ဆောလ်က ပြောပါတယ်။
ဥပဒေပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ လောရင့်စ် ဟေးလ် ကော်သွန်းကလည်း လူကိုသေစေတဲ့အင်အားသုံးတာက ‘မဆင်မခြင် သိမ်းကျုံးလုပ်ဆောင်မှု’ လို့ ပြောပါတယ်။
အစ္စရေးကာကွယ်ရေးတပ် (IDF) ကတော့ သေဆုံးမှုဖြစ်စဉ် အခြေအနေတွေကို “ပြန်လည်သုံးသပ်” နေပြီး “ကျည်ဆန်အစစ် အသုံးပြုရတာက ဖမ်းဆီးဖို့ကြိုးပမ်းရာမှာ တခြားနည်းလမ်းအားလုံးကုန်သွားတဲ့အချိန်မှာ ဖမ်းဆီးဖို့ ရည်ရွယ်ချက် အရသော်လည်းကောင်း လက်ငင်းခြိမ်းခြောက်မှု ဖယ်ရှားရန်အတွက် သော်လည်းကောင်း အသုံးပြုတယ်”လို့ ပြောပါတယ်။
အောက်တိုဘာ ၇ ရက်က အစ္စရေးထဲမှာ ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုဖြစ်ပြီး နောက်ပိုင်းလတွေမှာ အနောက်ဘက်ကမ်းမှာလည်း သွေးထွက်သံယိုမှု ဖြစ်စဉ်တွေ မြင့်တက်ခဲ့ပါတယ်။ ပါလက်စတိုင်းအိမ်တွေမှာ မှုတ်ဆေးတွေနဲ့ ဖျက်လိုဖျက်ဆီးလုပ်တာ၊ ပါလက်စတိုင်းအရပ်သားတွေကို လက်နက်တွေနဲ့ ခြိမ်းခြောက်တာ၊ အိမ်နီးချင်း ဂျော်ဒန်နိုင်ငံကို ထွက်သွားဖို့ ပြောတာ၊ ပါလက်စတိုင်း သေနတ်သမားတစ်ဦးရဲ့ ကိုယ်လက်အင်္ဂါတွေ ပြတ်တောက်အောင် လုပ်တာ၊ စတဲ့ အထောက်အထားတွေကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။
နိုဝင်ဘာ ၂၉ ရက်က ရိုက်ထားတဲ့ ဗီဒီယိုမှာ ဘာဆေးလ်ဟာ ရှပ်တာတံခါးတွေပါ ပိတ်ထားတဲ့ စတိုးဆိုင်တစ်ခုရှေ့မှာ ရပ်နေပါတယ်။
အစ္စရေးစစ်တပ် ရောက်လာတဲ့အခါတိုင်း ပါလက်စတိုင်းပိုင်နက် အနောက်ဘက်ကမ်းမှာရှိတဲ့ ဂျနင်းမြို့က ဆိုင်တွေ အမြန်ပိတ်ကြပါတယ်။ ဒီမှာတော့ ဂါဇာမှာလို ဟားမတ်စ်က မအုပ်ချုပ်ပါဘူး။
ဂျနင်းဒုက္ခသည်စခန်းထဲမှာ အစ္စရေးစစ်တပ်လုပ်တဲ့ စစ်ဆင်ရေးတစ်ခုကနေ သေနတ်သံတွေ ကြားရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
အဒမ်ဟာ ဘောလုံးအားကစားကို ကြိုက်နှစ်သက်ပြီး လီယိုနယ် မက်ဆီရဲ့ အမာခံပရိသတ်ပါ။ အဲဒီနေ့က သူဟာ သူ့အစ်ကို အသက် ၁၄ နှစ်အရွယ် ဘာဟာနဲ့ အတူ ရှိနေပါတယ်။ လမ်းပေါ်မှာ စုစုပေါင်း လူငယ် ၉ ဦးလောက်ရှိပါတယ်။ သူတို့ရှိနေခဲ့တာကို စီစီတီဗီ ကင်မရာတွေကနေ ၃၆၀ ဒီဂရီနီးပါး မြင်ကွင်းကျယ် မြင်ရပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မီတာ ၃၀၀-၄၀၀ အဝေးလောက်မှာ ကျည်ကာအစ္စရေးစစ်ကား အနည်းဆုံး ၆ စီးလောက်က ကွေ့ပြီး ဝင်လာပါတယ်။ လူငယ်တွေရှိတဲ့ဆီ ဦးတည်လာနေတဲ့အခါ လူငယ်တွေလည်း စိတ်အနှောင့်အယှက်ဖြစ်ပြီး တချို့က အဲဒီနေရာကနေ စထွက်ခွာခဲ့ပါတယ်။
အဲဒီအချိန်မှာပဲ စစ်ကားတစ်စီးရဲ့ ရှေ့အခန်း ပွင့်လာတာကို မိုဘိုင်းဖုန်းက ရိုက်ထားတဲ့ ဗီဒီယိုမှာ တွေ့ရပါတယ်။ ကားထဲက စစ်သားတွေက လူငယ်တွေကို ရှင်းရှင်းလင်းလင်း မြင်နေရပါတယ်။ အဒမ်က စစ်သားတွေနဲ့ ၁၂ မီတာ အဝေးလောက်မှာရှိနေချိန် ဘာဆေးလ်ဟာ လမ်းအလယ်ဘက် ရုတ်တရက်ထွက်ပြေးခဲ့ပါတယ်။
အဲဒီနောက် သေနတ်ပစ်ခတ်မှု အနည်းဆုံး ၁၁ ကြိမ် ရှိခဲ့ပါတယ်။
အခင်းဖြစ်တဲ့နေရာကို ဘီဘီစီက စိစစ်ကြည့်တဲ့အခါ သေနတ်ပစ်ခတ်မှုက နေရာစုံကို ထိခဲ့ပါတယ်။ ကျည်ဆန်လေးတောင့်က သတ္တုတိုင်တစ်ခုကို ထိခဲ့ပြီး၊ နှစ်တောင့်က စတိုင်းဆိုင် ရှပ်တာတံခါးကို ထိပါတယ်။ နောက်တစ်တောင့်က ရပ်ထားတဲ့ကားတစ်စီးရဲ့ ဘန်ပါကို ဖြတ်ဖောက်သွားသလို နောက်တစ်တောင့်က လက်ရမ်းတစ်ခုကို ထိုးဖောက်သွားပါတယ်။
ဘီဘီစီက ရရှိတဲ့ ဆေးစစ်ချက်တွေမှာတော့ ဘာဆေးလ်ရဲ့ ရင်ဘတ်ကို သေနတ်ကျည်ဆန် ၂ ချက်ထိတာ တွေ့ရပါတယ်။
နောက်ကျည်ဆန်ကတော့ ၈ နှစ်သား အဒမ်ရဲ့ ခေါင်းကို နောက်ဘက်ကနေ သူ ထွက်ပြေးစဥ် ပစ်ခတ်ခံရတာပါ။ သူ့အစ်ကို ဘာဟာက သူ့ကို ဘေးလွတ်ရာ ဆွဲခေါ်ဖို့ အသည်းအသန် ကြိုးစားခဲ့ပါတယ်။ လူနာတင်ကားရဖို့ အကူအညီအော်ခေါ်ရင်း ဆွဲခေါ်ရာမှာ ဆွဲခေါ်ထားတဲ့ လမ်းကြောင်းမှာ သွေးစတွေ တွေ့ရပါတယ်။

ဒါပေမဲ့ သိပ်နောက်ကျသွားခဲ့ပါပြီ။ အဒမ်နဲ့ သူ့သူငယ်ချင်း ဘာဆေးလ်တို့ဟာ ဘာဟာရဲ့ ရှေ့မှာပဲ သေဆုံးခဲ့ကြပါတယ်။
“ကျွန်တော် တုန်လှုပ်မိတယ်။ ကိုယ့်အတွက်တောင် ကိုယ်မစဥ်းစားနိုင်ခဲ့ဘူး။ သူ့ကို စကားပြောဖို့ ကြိုးစားခဲ့တယ်။ ‘အဒမ် အဒမ်’လို့ ခေါ်နေမိပေမဲ့ သူ့ဝိဥာဥ်က သူ့ခန္ဓာကိုယ်ထဲက ထွက်သွားပြီမို့ သူမထူးနိုင်တော့ဘူး” လို့ ဘာဟာက ဘီဘီစီကို မျက်ရည်တွေ ကျနေရင်းက ပြောပြပါတယ်။
သူအပစ်မခံရခင်က ဘာဆေးလ်ဟာ သူ့လက်ထဲမှာ တစ်ခုခု ကိုင်ထားတာကို မြင်တွေ့ရပါတယ်။ ဘာဆိုတာတော့ မရှင်းလင်းပါဘူး။ နောက်ပိုင်းမှာ IDF က ဓာတ်ပုံတစ်ပုံ ထုတ်ပြပြီး ဘာဆေးလ်ဟာ ဖောက်ခွဲရေးပစ္စည်းကိုင်ထားတာလို့ ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ စုံစမ်းစစ်ဆေးပြီးရတဲ့ သက်သေအထောက်အထားတွေကို ဘီဘီစီကနေ လွတ်လပ်တဲ့ကျွမ်းကျင်သူတွေဆီကို ပေးပို့ခဲ့ပါတယ်။ အဲဒီထဲမှာ လူ့အခွင့်အရေးရှေ့နေတွေ၊ စစ်ရာဇဝတ်မှု စုံစမ်းရေးမှူး၊ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ ကျွမ်းကျင်သူ၊ ကုလသမဂ္ဂ အဖွဲ့ဝင်တွေနဲ့ ဘက်မလိုက်တဲ့ တခြားအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။ တချို့ကတော့ သူတို့ သုံးသပ်ချက်ကို ပေးရာမှာ အမည်မဖော်ပြစေလိုပါဘူး။
ကျွမ်းကျင်သူတွေကတော့ ဒီဖြစ်စဥ်ကို စုံစမ်းစစ်ဆေးသင့်တယ်ဆိုတာ သဘောတူကြပါတယ်။ တချို့ကဆိုရင် ဒါက နိုင်ငံတကာ ဥပဒေကို ချိုးဖောက်ဖွယ်ရှိတယ်လို့ ပြောပါတယ်။
ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးနဲ့ အကြမ်းဖက်မှု တန်ပြန်နှိမ်နင်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် ဘန် ဆောလ်ကတော့ ဘာဆေးလ်ဖြစ်စဥ်မှာ လူသေစေနိုင်တဲ့အင်အားမျိုးကို ဥပဒေနဲ့အညီအသုံးပြုခဲ့သလားဆိုတာနဲ့ ဘာဆေးလ်းဟာ ဖောက်ခွဲရေးပစ္စည်းကိုင်ထားတာ ဟုတ်မဟုတ်ဆိုတာတွေက မေးခွန်းထုတ်စရာ ရှိနေနိုင်တယ်လို့ ပြောပါတယ်။
“အဒမ်ကိစ္စမှာတော့ အရပ်သားတွေကို အဆင်အခြင်မဲ့စွာ၊ ဒါမှမဟုတ် အင်အားအလွန်အကျွံသုံးကာ တမင်ရည်ရွယ်ပြီး နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေ တားမြစ်ချက်တွေ၊ စစ်ရာဇဝတ်မှု နဲ့ လူသားတစ်ဦးရဲ့အသက်ရှင်ခွင့်တွေကို ချိုးဖောက်ခဲ့ပုံရတယ်”လို့ ဘန်ဆောလ်က ပြောပါတယ်။
ဘရစ္စတယ်လ် တက္ကသိုလ်က နိုင်ငံတကာဥပဒေစင်တာရဲ့ တွဲဖက် ညွှန်ကြားရေးမှူး ဒေါက်တာ လောရင့်စ် ဟေးလ် ကော်သွန်းကလည်း “စစ်သားတွေက ကျည်ကာယာဥ်တွေထဲမှာ ရှိနေခဲ့တယ်။ တကယ်လို့ ခြိမ်းခြောက်မှုအန္တရာယ်တစ်ခု ရှိနေရင်တောင် သူတို့ မောင်းထွက်သွားပြီးမှ ဖမ်းဆီးဖို့ လုပ်သင့်တယ်။ အဆင်အခြင်မဲ့ သိမ်းကျုံးပြီး လူသေစေတဲ့အင်အားသုံးတာက နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုပဲ” လို့ ပြောပါတယ်။

IDF ဘက်က ပြောတာကတော့ ဒီသံသယရှိတဲ့သူတွေက သူတို့တပ်ဖွဲ့တွေဆီ ဖောက်ခွဲရေးပစ္စည်းတွေနဲ့ ပစ်ဖို့ လုပ်နေကြတယ်။ လက်ငင်းအန္တရာယ်ရှိခဲ့တယ်။ ဒါကြောင့် “တပ်ဖွဲ့တွေက ဘယ်သူဘယ်ဝါ ခွဲခြားဖော်ထုတ်ပြီး ပစ်ခတ်ခဲ့တယ်”လို့ ပြောပါတယ်။
ဒါပေမဲ့ ဘီဘီစီက စုံစမ်းလေ့လာခဲ့တဲ့ ဗီဒီယို အထောက်အထားတွေနဲ့ မျက်မြင်သက်သေတွေရဲ့ ထွက်ဆိုချက်အရတော့ အဒမ်မှာ ဘာလက်နက်မှ ပါပုံမရဘဲ သူထွက်ပြေးချိန်မှာ နောက်ကနေ ခေါင်းကို အပစ်ခံခဲ့ရတာပါ။
ဘာဆေးလ်နဲ့ အဒမ် သေဆုံးမှုအခြေအနေတွေကို ပြန်လည်သုံးသပ်နေပြီး အနောက်ဘက်ကမ်းမှာ IDF လှုပ်ရှားမှုကြောင့် သေဆုံးတဲ့ ကလေးငယ်တိုင်းကိုလည်း ပုံမှန်စိစစ်သုံးသပ်တာတွေ လုပ်တယ်လို့ IDF က ပြောပါတယ်။
ဘီဘီစီက တွေ့ရှိတဲ့ အထောက်အထားတွေကိုကြည့်ခဲ့ရတဲ့ အစ္စရေး စစ်သားဟောင်းတွေကတော့ အစ္စရေးရဲ့ တရားရေးစနစ်ဟာ ဖြစ်စဥ်တစ်ခုမှာ မျှတသည်ဖြစ်စေ မမျှတသည်ဖြစ်စေ လူသေစေနိုင်တဲ့အင်အားအသုံးပြုတဲ့ စစ်သားတွေကို အကာအကွယ်ပေးထားတယ်လို့ သူတို့ ယုံကြည်ကြောင်း ပြောပါတယ်။
၂၀၁၈ ကနေ ၂၀၂၀ ထိ အနောက်ဘက်ကမ်းမှာ အမှုထမ်းခဲ့တဲ့ တပ်ကြပ်ကြီး တစ်ဦးလည်း “အစ္စရေးစစ်သားတစ်ဦးက ပါလက်စတိုင်းတစ်ဦးကို အနီးကပ်ချိန်ရွယ်ပစ်ခတ်တာက အစ္စရေးမှာ လူသတ်မှုတစ်ခု”လို့ သတ်မှတ်ပါလိမ့်မယ်။ နောက်ပြီး အဒမ်ရဲ့ ဖြစ်စဥ်လို အမှုတွေမှာတော့ စစ်သားတစ်ဦးကို “ရာဇဝတ်မှုဆိုင်ရာ စွဲဆိုလုပ်ဆောင်ဖို့ ဖြစ်နိုင်ခြေက သုည ရာခိုင်နှုန်းပဲ ရှိပါတယ်။”
အစ္စရေးလူ့အခွင့်အရေးအဖွဲ့ ယက်ရှ် ဒင်ရဲ့ အချက်အလက်တွေအရတော့ အစ္စရေးစစ်သားတွေအပေါ် တိုင်တန်းတဲ့အမှုတွေရဲ့ ၁ ရာခိုင်နှုန်းအောက်လောက်ပဲ တရားစွဲတာတွေ ရှိခဲ့တယ်လို့ ဖော်ပြပါတယ်။
အောက်တိုဘာ ၇ ရက်က ဟားမတ်စ်ရဲ့ တိုက်ခိုက်မှုမှာ လူ ၁၂၀၀ ကျော်သေဆုံးခဲ့ပြီး ၂၅၀ ကျော် ဓားစာခံအဖမ်းခံရတဲ့ ဗီဒီယိုတွေ ထွက်လာတော့ အစ္စရေးပြည်သူတွေ ဒေါသဖြစ်ခဲ့ရသလို ကမ္ဘာတစ်ဝန်းကိုလည်း တုန်လှုပ်စေခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ ဒီစစ်ပွဲနဲ့ ဂါဇာက လူမှုကူညီကယ်ဆယ်ရေး အခြေအနေတွေအပေါ် ကမ္ဘာကြီးက အာရုံစိုက်ခဲ့ကြပါတယ်။ ဟားမတ်စ်ချုပ်ကိုင်တဲ့ ကျန်းမာရေးဝန်ကြီးဌာန ကိန်းဂဏန်းတွေအရတော့ ဂါဇာမှာ လူ ၃၄,၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အနောက်ဘက်ကမ်းမှာ အစ္စရေးရဲ့ စစ်ဆင်ရေးတွေ တိုးမြင့်လာခဲ့ပြီး ၂၀၂၃ ဟာ အဲဒီဒေသမှာ ကလေးငယ်တွေအများဆုံးသေဆုံးခဲ့တဲ့ နှစ်ဖြစ်ခဲ့ပါတယ်။
ကလေးငယ် ၁၂၄ ဦးသေဆုံးတယ်လို့ ယူနီဆက်ဖ်က ပြောပါတယ်။ ၈၅ ဦးက အောက်တိုဘာ ၇ ရက်နောက်ပိုင်းမှာ သေဆုံးတာပါ။
၂၀၂၄ မှာတော့ အခုချိန်ထိ ပါလက်စတိုင်းကလေးငယ် ၃၆ ဦးဟာ အစ္စရေးအခြေချသူတွေရဲ့ လက်ချက်နဲ့ ဒါမှမဟုတ် အစ္စရေးစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ပါတယ်။
အနောက်ဘက်ကမ်းဟာ စစ်ပွဲဇုန်လို့ သတ်မှတ်မထားတဲ့အတွက် နိုင်ငံတကာဥပဒေအရဆိုရင် အင်အားအသုံးပြုမှုကို ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရပါမယ်။

သူတို့ရဲ့ ထိတွေ့တိုက်ခိုက်မှုစည်းမျဥ်းတွေက တိတိကျကျအားဖြင့် ဘယ်လိုရှိတယ်ဆိုတာ IDF က လျှို့ဝှက်ထားပြီး စစ်သားဟောင်းတွေရော လက်ရှိတာဝန်ထမ်းဆောင်နေသူ အစ္စရေး စစ်သားတွေ ပြောတာကတော့ လူသေစေနိုင်တဲ့ အင်အားသုံးတာမျိုးက ရွေးစရာမရှိတော့တဲ့ နောက်ဆုံးအခြေအနေမှာပဲ သုံးရမှာဖြစ်ပြီး တကယ့် အသက်အန္တရာယ် ကြုံမှသာ အသုံးပြုရမှာဖြစ်တယ်လို့ ပြောကြပါတယ်။
ပထမအဆင့်အနေနဲ့ အာရဗီဘာသာ၊ ဟီဘရူးဘာသာစကားတွေနဲ့ စပြီး သတိပေးရကြောင်း၊ အဲဒီလိုမှ မရရင် မျက်ရည်ယိုဗုံးလို လူမသေစေနိုင်တဲ့ လက်နက်တွေ အသုံးပြုရကြောင်း၊ အဲဒီလိုမှမရရင် ခြေထောက်တွေ ပစ်ခတ်ကြောင်း၊ အဲဒီအဆင့်အားလုံးသုံးပြီးမှ ပစ်သတ်ရတဲ့အဆင့်ရောက်ကြောင်း သူတို့က ပြောကြပါတယ်။
အနောက်ဘက်ကမ်းက ပါလက်စတိုင်းအာဏာပိုင်တွေ အုပ်ချုပ်တဲ့ ကျန်းမာရေး ဝန်ကြီးဌာနကို ဘီဘီစီက ဝင်ခွင့်ရပြီး သေဆုံးခဲ့တဲ့ ကလေးငယ် ၁၁၂ ဦးရဲ့ ဆေးစစ်ချက်တွေကို လေ့လာခွင့်ရခဲ့ပါတယ်။ သူတို့ဟာ အသက် ၂ နှစ်ကနေ ၁၇ နှစ်ကြား ကလေးတွေဖြစ်ပြီး ၂၀၂၃ ဇန်နဝါရီကနေ ၂၀၂၄ ဇန်နဝါရီအတွင်း အစ္စရေးရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ကြရတာ ဖြစ်ပါတယ်။ ဒီဖြစ်စဥ်တွေ ဘယ်လိုအခြေအနေတွေအောက်မှာ ပေါ်ပေါက်ခဲ့လဲဆိုတာတော့ တိတိကျကျ မသိရပါဘူး။ တချို့ဖြစ်စဥ်တွေမှာ အစ္စရေးစစ်သားတွေအပေါ် အမှန်တကယ် ခြိမ်းခြောက်မှုအန္တရာယ်ပေးနိုင်တဲ့ အခြေအနေ ရှိခဲ့ကောင်း ရှိခဲ့နိုင်ပါတယ်။
ဒါပေမဲ့ လေ့လာစမ်းစစ်ကြည့်တဲ့အခါမှာ ကလေးတွေရဲ့ ၉၈ ရာခိုင်နှုန်းမှာ ခန္ဓာကိုယ်အထက်ပိုင်းမှာ ဒဏ်ရာတွေ ရခဲ့ကြပါတယ်။ ဒါကြောင့် ပစ်ခတ်မှုတွေကြောင့် သေဆုံးနိုင်ခြေများပြီး ဒီဖြစ်စဥ်တွေမှာ စစ်သားတွေဟာ ဒဏ်ရာရစေဖို့ထက် ပစ်သတ်ဖို့ လုပ်ဆောင်ခဲ့ကြဖွယ် ရှိပါတယ်။
အနောက်ဘက်ကမ်းမှာ စစ်သားတွေဟာ ထိတွေ့တိုက်ခိုက်မှုစည်းမျဥ်းတွေကို လိုက်နာမှုရှိခဲ့သလားဆိုတာနဲ့ လူသေစေတဲ့အင်အားအသုံးပြုတဲ့ အလေ့အထအပေါ် မေးခွန်းထုတ်စရာတွေ ဖြစ်နေပါတယ်။

စစ်ဆင်ရေးတွေရဲ့အကျိုးသက်ရောက်မှုအပေါ် အနောက်ဘက်ကမ်းမှာ သီတင်း ၅ ပတ်ကြာ ဘီဘီစီရဲ့ စုံစမ်းလေ့လာမှုအပြီးမှာတော့ စစ်တပ်ရဲ့ လုပ်ဆောင်ပုံနဲ့ပတ်သက်ပြီး လေးလေးနက်နက်မေးခွန်းထုတ်စရာ ဖြစ်စဥ်အတော်များများကို သက်သေနဲ့တကွ တွေ့ခဲ့ရပါတယ်။
၂၀၂၄ ဇန်နဝါရီလက တူလ်ကမ် ဒုက္ခသည်စခန်းမှာ ‘Resistance ခုခံတော်လှန်မှု’ လို့ ဒေသခံတွေ ခေါ်ကြတဲ့အဖွဲ့အပေါ် အစ္စရေးရဲ့ ၄၅ နာရီကြာ စစ်ဆင်ရေးကို ဘီဘီစီက မျက်မြင်တွေ့ရှိခဲ့ပါတယ်။
အဲဒီမှာ အစ္စရေးစစ်သားတွေက သေနတ်နဲ့ချိန်ပြီး အိမ်နီးချင်း ဂျော်ဒန်ကို ပြောင်းရွှေ့သွားကြဖို့ ခြိမ်းခြောက်ပြောခဲ့တယ်ဆိုပြီး ပါလက်စတိုင်းအတော်များများက ဘီဘီစီကို ပြောပါတယ်။ IDF ကတော့ အရပ်သားတွေကို ခြိမ်းခြောက်တဲ့ တိုင်တန်းမှုတွေကို သုံးသပ်စစ်ဆေးသွားမယ်လို့ ပြောပါတယ်။
၁၂ နှစ်အရွယ် ကနေဒါ-ပါလက်စတိုင်း လူငယ် ဟေသန်ကိုလည်း အစ္စရေးစစ်သားတစ်ဦးက ဓားနဲ့ရွယ်ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သူက ပြောပါတယ်။ သူပြောတာကို သူ့အစ်ကိုနဲ့ ဖခင်ကလည်း အတည်ပြုခဲ့ပါတယ်။
ဒုက္ခသည်စခန်းအတွင်းက မိသားစုတစ်စုအိမ်မှာတော့ အယ်လ် အာဆာ ဗလီရဲ့ နံရံဆေးရေးပန်းချီတစ်ခုကို အစ္စရေးစစ်သားတွေက ဖျက်လိုဖျက်ဆီး ပြုမူခဲ့တာကို တွေ့ရှိခဲ့ပါတယ်။ ဒီဗလီက အစ္စလာမ်ကမ္ဘာမှာ တတိယမြောက် အလေးအမြတ်အထားဆုံး ဗလီနေရာဖြစ်ပါတယ်။
အဲဒီနေရာနဲ့ဆက်နေတဲ့ နံရံမှာတော့ ဂျူးတွေရဲ့ သင်္ကေတ ခြောက်ထောင့်ကြယ်ပုံကို မှုတ်ဆေးနဲ့ ရေးဆွဲထားသလို “အောက်တိုဘာ ၇” ဆိုပြီး ဟီဘရူးဘာသာနဲ့ ရေးထားပါတယ်။ ဒါက ဟားမတ်စ်တိုက်ခိုက်ခဲ့တဲ့နေ့ကို ဆိုလိုတာပါ။
IDF ကတော့ ဖျက်လိုဖျက်ဆီးလုပ်တာတွေက “IDF တန်ဖိုးတွေနဲ့ ဆန့်ကျင်ဖီလာ” ဖြစ်တယ်လို့ ပြောပြီး အစ္စရေးစစ်သားတွေ ဒီလိုလုပ်မယ်လို့ ထင်မထားကြောင်းလည်း ပြောပါတယ်။

အိမ်အပေါ်ထပ်မှာလည်း မွှေနှောက်ထားပါတယ်။ မီးဖိုချောင်ဗီရိုကို ဖျက်ဆီးခဲ့သလို ကလေးကစားစရာတွေလည်း ပျက်စီးခဲ့ပါတယ်။ တီဗီတွေလည်း ကွဲကုန်ပါတယ်။ ဒီဒုက္ခသည်စခန်းအတွင်းက တခြားအိမ်တွေလည်း အလားတူကြုံရပါတယ်။
ဂျေရုဆလင်က ဒိုင်ယာကွန်းနီးယား နိုင်ငံတကာ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေစင်တာက အကြီးတန်းဥပဒေကျွမ်းကျင်သူ ဒေါက်တာ အီတန် ဒိုင်းမွန်းက ပြောရာမှာလည်း “ခြောက်ထောင့်ကြယ် ဒါမှမဟုတ် ‘အောက်တိုဘာ ၇’ ကို နံရံတွေမှာ ဆေးမှုတ်တဲ့ ဖျက်လိုဖျက်ဆီးပြုမူမှုမျိုးက ဥပဒေနဲ့ မညီဘူးဆိုတာ ရှင်းပါတယ်။”
တူလ်ကမ် စခန်းက ကလေးငယ်ကို ဓားနဲ့ ခြိမ်းခြောက်တာ၊ သေနတ်နဲ့ချိန်ပြီး ခြိမ်းခြောက်တာတွေကလည်း နိုင်ငံတကာဥပဒေတွေကို ခြိုးဖောက်ရာ ရောက်နိုင်တယ်လို့ သူက ပြောပါတယ်။
အဲဒီ IDF ရဲ့ စစ်ဆင်းရေးအတွင်းမှာပဲ ဖောက်ခွဲရေးပစ္စည်းတွေကို သယ်ဆောင်လာတယ်လို့ သံသယရှိတဲ့ ပါလက်စတိုင်းတိုက်ခိုက်ရေးသမားကို အစ္စရေးစစ်သားတွေ ပစ်သတ်ခဲ့ပါတယ်။ မျက်မြင်သက်သေတွေပြောတာကတော့ အဲဒီလူရဲ့ အလောင်းပေါ်မှာ ကျင်ငယ်စွန့်ချတာ၊ ရိုက်နှက်တာ၊ ကြိုးတုတ်တာတွေ လုပ်ပြီးနောက် လမ်းတစ်လျှောက် ဒရွတ်တိုက်ဆွဲသွားတယ်လို့ ပြောပါတယ်။
ကြိုးတုတ်ထားတဲ့ အလောင်းတစ်ခုရဲ့ ဓာတ်ပုံတွေ ဘီဘီစီကို ပြကြပါတယ်။ သွေးစတွေ စွန်းပေနေတဲ့ နေရာကို စစ်ဆေးကြည့်တော့ အဝတ်နဲ့ ကြိုး ကျန်ခဲ့တာ တွေ့ရပါတယ်။ ဒါတွေက ဓာတ်ပုံတွေထဲက အလောင်းကို ချည်နှောင်ရာမှာ အသုံးပြုတဲ့အရာတွေနဲ့ ကိုက်ညီတာ တွေ့ရပါတယ်။

ဘီဘီစီက ရရှိတဲ့ သက်သေအထောက်အထားတွေကို လွတ်လပ်တဲ့ကျွမ်းကျင်သူတွေကို ပြကြည့်ပါတယ်။ ဂျီနီဗာတက္ကသိုလ်က နိုင်ငံတကာဥပဒေကျွမ်းကျင်သူ ပါမောက္ခ မာကို ဆက်ဆိုလိုက ပြောရာမှာတော့ “တကယ်လို့ ဥပဒေနဲ့အညီ သတ်ဖြတ်ခဲ့တယ် ဆိုရင်တောင် သေဆုံးသူတွေရဲ့ ရုပ်အလောင်းအကြွင်းအကျန်တွေကို လေးစားမှု ရှိရမယ်။ အခုမှတ်တမ်းအရဆိုရင် နိုင်ငံတကာ လူသားချင်းစာနာမှု ဥပဒေကို ချိုးဖောက်ရာ ရောက်သလို စစ်ရာဇဝတ်မှုတောင် မြောက်နိုင်တယ်။”
IDF က ပြောရာမှာတော့ သေဆုံးခဲ့တဲ့ တိုက်ခိုက်ရေးသမားကို စစ်ဆေးကြည့်ရာမှာ ဖောက်ခွဲရေးပစ္စည်းတွေ တွေ့ရကြောင်းနဲ့ လခြမ်းနီအဖွဲ့ဝန်ထမ်းတွေက အလောင်းကို မီးရှို့ဖို့ ငြင်းဆိုခဲ့တယ်လို့ ပြောပါတယ်။ “ဒါကြောင့် IDF တပ်ဖွဲ့ဝင်တွေက ဘေးကင်းလုံခြုံဖို့နဲ့ သူ့ခန္ဓာကိုယ်အောက်မှာ လက်နက်ရှိမရှိ စစ်ဆေးဖို့အတွက် သူ့ရဲ့ လက်တွေ ခြေတွေကို ချည်နှောင်ခဲ့ပါတယ်။”
ဘီဘီစီရဲ့သက်သေအထောက်အထားတွေကို လေ့လာသုံးသပ်ခဲ့တဲ့ အစ္စရေးစစ်သားဟောင်းတွေထဲက တချို့က ပြောရာမှာတော့ IDF စစ်ဆင်ရေးရဲ့ အလေ့အထတွေကြောင့် အနောက်ဘက်ကမ်းမှာ ပါလက်စတိုင်း လက်နက်ကိုင် တော်လှန်ရေးကို ပိုလှုံ့ဆော်ပေးရာ ရောက်သွားစေတယ်လို့ ပြောပါတယ်။
“ဘာမှမဖြစ်ခဲ့သယောင် ပါလက်စတိုင်းတွေက စစ်တပ်နဲ့ နိစ္စဓူဝ ဆက်သွယ်လုပ်ဆောင်သလိုမျိုး လူတွေက စစ်တပ်ကို ဆက်သွယ်လုပ်ဆောင်နိုင်မယ်လို့ ယူဆရင်၊ နောက်ပြီး ဒီလိုအခြေအနေအောက်မှာ နေနေတဲ့ လူတွေက လက်နက်ကိုင်တော်လှန်မှာ မဟုတ်ပါဘူးလို့ ယူဆရင်တော့ ဒါက ထုံအရာ ကျသလို လူမဆန်ရာလည်း ရောက်လိမ့်မယ်” လို့ အစ္စရေးစစ်သားဟောင်း တစ်ယောက်က ပြောပါတယ်။
“အခြေအနေတွေက ပိုဆိုးလာနေပြီ။”









