မင်းသားဟယ်ရီတို့ စုံတွဲ ပါပါရာဇီတွေလိုက်လို့ ကားတိုက်လုနီးပါး ဖြစ်ခဲ့တယ်လို့ဆို

ဟယ်ရီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

မင်းသား ဟယ်ရီ၊ သူ့ဇနီး မက်ဂန်နဲ့ မက်ဂန်ရဲ့ မိခင်တို့ဟာ ပါပါရာဇီတွေ ပါဝင်တဲ့ “အန္တရာယ်ဖြစ်နိုင်လောက်တဲ့ ကားနဲ့ နောက်ကလိုက်မှု” နဲ့ ကြုံတွေ့ခဲ့ရတယ်လို့ မင်းသားရဲ့ ပြောခွင့်ရသူက ပြောပါတယ်။

ဒီအဖြစ်အပျက်ဟာ နယူးယောက်မြို့မှာ အင်္ဂါနေ့က ဆုချီးမြှင့်ပွဲ အခမ်းအနားတစ်ခုကို ဆပ်ဆက်မြို့စားနဲ့ မြို့စားကတော်တို့ တက်ရောက်အပြီးမှာ ဖြစ်ခဲ့တာပါ။

အဲဒီလို “မရပ်မနားအလိုက်ခံရတာ” နှစ်နာရီကျော် ကြာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒါကြောင့် လမ်းပေါ်မှာ တခြား ကားသမားတွေ၊ လမ်းလျှောက်သူတွေနဲ့ ရဲတွေနဲ့ ဝင်တိုက်မိမလိုအထိ ဖြစ်ခဲ့ရတယ်လို့ ဆက်ပြီး ဖော်ပြပါတယ်။

"လူသိများသူတွေကို အတိုင်းအတာတစ်ခုအထိ စိတ်ဝင်စားခံနေရပြီဆိုရင် ဘယ်သူမှ အေးအေးဆေးဆေး စိတ်ချလက်ချ နေရတယ်ဆိုတာ မရှိတော့ပါဘူး" လို့ သူက ပြောပါတယ်

နယူးယောက်ရဲတပ်ဖွဲ့ကတော့ အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်ပြီး လတ်တလော အတည်ပြုထားတာ မရှိသေးပါဘူး။

ဒီအဖြစ်အပျက်ဟာ အခုလအစောပိုင်းက ချားလ်စ်ဘုရင်ရဲ့ နန်းတက်ပွဲ အပြီး သူတို့ စုံတွဲကို လူမြင်ကွင်းမှာ ပထမဆုံးအကြိမ် အတူ တွေ့ရအပြီးမှာ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။

သူတို့ဟာ မက်ဂန်ရဲ့ မိခင် ဒေါ်ရီယာ ရက်လန်းနဲ့ အတူ Ms Foundation Women of Vision အဖွဲ့ရဲ့ နှစ် ၅၀ ပြည့် အခမ်းအနားကို တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။