ဘီဂျင်းဆေးရုံမီးလောင်မှု-သေဆုံးသူ ၂၉ ဦးထိရှိလာ

Beijing Hospital fire, China

ဓာတ်ပုံ ရင်းမြစ်, Getty Images

လူ ၁၂ ဦးကို ဖမ်းဆီးထိန်းသိမ်းပြီး စုံစမ်းမေးမြန်းနေ

တရုတ်နိုင်ငံမြို့တော် ဘီဂျင်းက အနည်းဆုံး လူ ၂၉ ဦး သေဆုံးထားတဲ့ ဆေးရုံတစ်ရုံ မီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်လို့ လူ ၁၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းပြီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

သေဆုံးသူ အများစုဟာ အဲဒီဆေးရုံမှာတက်ရောက်ကုသနေတဲ့ လူနာတွေ ဖြစ်ကြပါတယ်။

ဒီနှစ်တွေအတွင်း လူအသေအပျောက်အများဆုံး ဖြစ်ခဲ့တဲ့ Changfeng အမည်ရ အဲဒီဆေးရုံက မီးလောင်မှုဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဒေသစံတော်ချိန် မွန်းလွဲ တစ်နာရီခန့်မှာ ဖြစ်ပွားခဲ့တာပါ။

မီးလောင်မှုဖြစ်ပွားတဲ့သတင်းကို ပြည်တွင်းသတင်းဖော်ပြမှုတချို့ကနေသာ သိရှိခဲ့ရပြီး ဒေါသထွက်နေပြီး စိုးရိမ်ပူပန်နေတဲ့ ဆွေမျိုးသားချင်းတွေအနေနဲ့ မီးလောင်မှုဖြစ်ပွားပြီး နာရီအနည်းငယ်ကြာတော့မှသာ ဆေးရုံကို အပြေးအလွှားရောက်ရှိလာခဲ့ကြရတယ်။

မီးလောင်မှုဖြစ်ပွားပြီး ခုနစ်နာရီရှစ်နာရီကျော်လောက်အထိ ဆေးရုံဘက်ကနေ ဘာဖုန်းတစ်ခုမှလက်ခံရရှိခဲ့ခြင်းမရှိဘူးလို့ ဆွေမျိုးသားချင်းတစ်ဦးက China Youth Dialy သတင်းကိုပြောပါတယ်။

လူနာရှင်အများစုဟာ ဆေးရုံထဲက သူတို့ချစ်ခင်ရသူတွေကို နေရာရွှေ့ပြောင်းဖို့ ညလုံးပေါက်ကြိုးစားခဲ့ရတယ်လို့ ပြောပါတယ်။ အခုအခါ မီးလောင်မှုကနေ ကယ်ထုတ်လာနိုင်ခဲ့သူတွေကို တခြားဆေးရုံတွေကို ရွှေ့ပြောင်းကုသနေတယ်လို့ ဆိုပါတယ်။

ဒီနေ့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ အာဏာပိုင်တွေက ဒီဖြစ်စဥ်နဲ့ပတ်သက်လို့ ကနဦး စုံစမ်းစစ်ဆေးမှုတစ်ခုအရဆေးရုံရဲ့ပြုပြင်မွမ်းမံတဲ့လုပ်ငန်းခွင်တစ်ခုကနေ လွင့်စဥ်ထွက်လာတဲ့မီးပွားတွေကနေ မီးလောင်မှုဖြစ်ပွားတယ်ဆိုပြီး ပြောကြားထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခုအခါ အဲဒီဆေးရုံရဲ့ ဒါရိုက်တာ၊ လက်ထောက်ဒါရိုက်တာအပါအဝင် ပြုပြင်မွမ်းမံခြင်းလုပ်ငန်းခွင်အတွက် တာဝန်ရှိကြီးကြပ်သူတို့ကိုပါဖမ်းဆီးထိန်းသိမ်းထားပါတယ်။

လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ ဒီမီးလောင်မှုဖြစ်စဥ်နဲ့ပတ်သက်တဲ့ ဗီဒီယိုဖိုင်မှာတော့ မီးခိုးတွေ ပြည့်နေတဲ့အဆောက်အဦအတွင်း ပြတင်းပေါက်တွေကနေ ခုန်ချထွက်ပြေးနေတဲ့ လူနာတွေကိုတွေ့ရပြီး ပိတ်မိနေတဲ့လူနာတွေကို "စိတ်အေးအေးထားဖို့နဲ့ ကယ်ဆယ်ရေးကိုစောင့်ဆိုင်းဖို့ ဒရုန်းတစ်စီးနဲ့ ပြောကြားနေတာကို တွေ့ရပါတယ်။

တချို့တွေကလည်း ဆေးရုံနံရံ ပြင်ပလေအေးပေးစက်တွေပေါ်မှာရှိနေပြီး ကယ်ဆယ်ရေးကို စောင့်မျှော်နေတာကိုလည်း အဲဒီဗီဒီယိုမှာ တွေ့ရပါတယ်။

ဒေသတွင်းသတင်းတွေအရတော့ မီးသတ်သမားတွေဟာ လူ အယောက် ၇၀ လောက်ကို ကယ်ထုတ်နိုင်ခဲ့ပြီး တစ်နာရီအတွင်းမှာပဲ မီးငြှိမ်းသတ်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမဲ့ အဲဒီဆေးရုံမှာရှိနေတဲ့ လူနာတွေရဲ့ ဆွေမျိုးသားချင်းတွေကတော့ ဆေးရုံရဲ့စီမံခန့်ခွဲမှုကိုဒေါသထွက်နေကြပြီး မီးလောင်ပြီး ရှစ်နာရီကြာတဲ့အချိန်အထိ ဆေးရုံတာဝန်ရှိသူတွေအနေနဲ့ မီးလောင်မှုမှာ သေဆုံးထိခိုက်ဒဏ်ရာရသူတွေရဲ့အမည်စာရင်းကိုမထုတ်ပြန်နိုင်ဘူးလို့ သူတို့ကပြောပါတယ်။

အဲဒီဆေးရုံမှာ ရှိတဲ့လူနာအများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး တချို့မှာ ခွဲစိတ်ကုသမှုခံယူထားသူတွေဖြစ်ကာ မိုဘိုင်းဖုန်း ရှိသူလည်းအနည်းစုသာဖြစ်တယ်လို့ သတင်းဖော်ပြတာတွေရှိနေပါတယ်။