ဘာလီမှာ အမေရိကန်သမ္မတ နဲ့ တရုတ်ခေါင်းဆောင် တွေ့ဖို့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နဲ့ တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်တို့ဟာ မနက်ဖြန် တနင်္လာနေ့မှာ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့မှာ တွေ့ဆုံဖို့ရှိနေပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးကို တက်ရောက်ခဲ့ပြီး အဲဒီကနေ အင်ဒိုနီးရှားနိုင်ငံမှာ ဘာလီမှာကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေးကို တက်ရောက်ဖို့ရှိနေတာလည်း ဖြစ်ပါတယ်။
ဘာလီမှာ ကျင်းပမယ့် ဂျီ ၂ဝ ထိပ်သီးအစည်းအဝေး အတွင်း တရုတ်နဲ့ အမေရိကန် ခေါင်းဆောင်တွေကြား ဘုံသဘောတူညီမှုတွေ ရနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း အင်ဒိုနီးရှား သမ္မတ ဂျိုကို ဝီဒိုဒိုက ဘီဘီစီကို ပြောကြားလိုက်ပါတယ်။
မနက်ဖြန် ဘာလီမှာ ကျင်းပဖို့ စီစဥ်ထားတဲ့ တရုတ်ခေါင်းဆောင်နဲ့ အမေရိကန် သမ္မတတွေရဲ့ ဆွေးနွေးပွဲတွေက ကမ္ဘာတစ်ခုလုံးအတွက် အလားလာကောင်းတွေ မျှော်လင့်နိုင်လိမ့်မယ်လို့လည်း ဂျီ ၂ဝ အလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှား သမ္မတက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်နဲ့ တရုတ် ပြိုင်ဆိုင်မှုကြောင့် အာရှ ပစိဖိတ်ဒေသမှာ တင်းမာမှုတွေ မြင့်တက်ခဲ့ပါတယ်။
ပြိုင်ဆိုင်မှုက သဘာဝကျပေမယ့် ပဋိပက္ခထိ မဖြစ်စေရဘူး လို့လည်း မစ္စတာ ဝီဒိုဒိုက ဆိုပါတယ်။
ကမ္ဘာ့စီးပွားရေး ပြန်ထူထောင်နိုင်ဖို့ နဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ အရေးကြီးတယ်လို့လည်း သူက ပြောပါတယ်။
တရုတ် ဝန်ကြီးချုပ် လီကပ်ချီယန်းနဲ့ ခဏ တွေ့ဆုံခဲ့တာဟာ အပြုသဘောဆောင်ပြီး တိုးတက်မှု ရှိတယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် အန်ထော်နီ အာလ်ဘန်နေဇီက ပြောဆိုလိုက်ပါတယ်။
ကမ္ဘောဒီးယား မြို့တော် ဖနွမ်းပင်မှာ လုပ်တဲ့ ညစာစားပွဲမှာ သူတို့ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။
“တွေ့ခဲ့တာ ကောင်းတယ် ထင်ပါတယ်။ တရုတ်နဲ့ ဆက်ဆံရေးအကြောင်း ထပ်တလဲလဲ ကျနော်ပြောခဲ့တယ်။ ကျနော်တို့ ပူးတွဲလုပ်နိုင်တာတွေကို လုပ်သင့်ကြောင်း၊ တွေ့ဆုံဆွေးနွေးမှုဆိုတာ အစဉ်အမြဲကောင်းတဲ့ကိစ္စ ဖြစ်ကြောင်း ပြောခဲ့တယ်။ မနေ့ညက စကားပြောခဲ့ရလို့ မစ္စတာလီကို ကျေးဇူးတင်တယ် “ဆိုပြီး မစ္စတာ အာလ်ဘန်နေဇီက ပြောပါတယ်။
မစ္စတာ အာလ်ဘန်နေဇီ တရုတ်သမ္မတ ရှီကျင်ဖျင်နဲ့ နောက်တပတ် အင်ဒိုနီးရှားမှာ လုပ်မယ့် ဂျီ ၂ဝ အစည်းအဝေးမှာ တွေ့ဖို့ ရှိသလားဆိုတာကတော့ အတည်မပြုနိုင်သေးပါဘူး။
သူတို့ တွေ့ခဲ့မယ် ဆိုရင်တော့ နှစ်တွေနဲ့ချီ အဆင်မပြေခဲ့တဲ့ တရုတ် သြစတြေးလျ ဆက်ဆံရေးမှာ အပြောင်းအလဲလို့ ယူဆနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
တခါ ဒေသတွင်းနဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကြား ညီညွတ်ကြဖို့လည်း ဖနွမ်းပင် အစည်းအဝေးမှာ ကမ္ဘောဒီးယား ဝန်ကြီးချုပ်က တောင်းဆိုလိုက်ပါတယ်။
ကမ္ဘာ့တင်းမာမှုတွေရဲ့ ဆိုးကျိုးတွေကို အားလုံး လက်တွေ့ ရင်ဆိုင်နေရပြီး ဒါတွေကို ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ လိုတယ် ဆိုပြီး တရုတ်၊ ရုရှားနဲ့ အမေရိကန် အပါအဝင် နိုင်ငံစုံက ကိုယ်စားလှယ်တွေရှေ့မှာ ဟွန်ဆန် မိန့်ခွန်း ပြောခဲ့ပါတယ်။
အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ကမ္ဘောဒီးယားက အာဆီယံနဲ့ အဓိက မဟာမိတ်တွေကြား ထိပ်သီးဆွေးနွေးပွဲတွေ လက်ခံကျင်းပပေးနေတာ ဖြစ်ပါတယ်။
အမေရိကန်နဲ့ တရုတ်အကြား မဟာဗျူဟာအရ ယှဉ်ပြိုင်မှုနဲ့ ထိုင်ဝမ် အရေး သဘောကွဲမှုကြောင့် ဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်နေချိန်မှာ ဟွန်ဆန်ရဲ့ မှတ်ချက် ပေါ်ထွက်လာတာ ဖြစ်ပါတယ်။
ဂျီ ၂၀ ခေါင်းဆောင်တွေရဲ့ ထိပ်သီး ဆွေးနွေးပွဲတွေမှာ စီးပွားရေး ကိစ္စတွေအပြင် ရာသီဥတုပြောင်းလဲမှု၊ ပြည့်ဖြိုးမြဲ စွမ်းအင်၊ နိုင်ငံတကာ ကြွေးမြီ ကိစ္စနဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို ဘယ်လို အခွန်ထမ်းစေမလဲ ဆိုတာက အစ ဆွေးနွေးကြပါတယ်။
နှစ်စဉ် ဂျီ ၂၀ အဖွဲ့ဝင် နိုင်ငံတွေထဲက ဥက္ကဋ္ဌနေရာကို အလှည့်ကျ တာဝန်ယူကြပြီး ညီလာခံတွေမှာ ဘာတွေကို အဓိကထား ဆွေးနွေးသွားမလဲ ဆိုတာကို စီစဉ် တင်သွင်းကြပါတယ်။
၂၀၂၂ ရဲ့ ဥက္ကဋ္ဌက အင်ဒိုနီးရှား ဖြစ်ပြီး ဘာလီမှာ ကျင်းပမယ့် ထိပ်သီးဆွေးနွေးပွဲတွေ အတွင်းမှာ ကမ္ဘာ့ကျန်းမာရေး အစီအမံတွေနဲ့ ကပ်ရောဂါ ကာလလွန် စီးပွားရေး နာလန်ထူရေး တွေကို ဆွေးနွေးကြဖို့ ရည်မှန်းထားပါတယ်။








