ဓားစာခံတွေ ကယ်ထုတ်ဖို့ စစ်ရေးသာရှိလို့ အစ္စရေးဆို- ဖေဖော်ဝါရီ ၁၂ရက် နိုင်ငံတကာသတင်းများ

အစ္စရေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဓါးစားခံ ကယ်ထုတ်ရေး ပြောကြားလာတဲ့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူး

ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓားစာခံတွေ ပြန်ကယ်ထုတ်နိုင်ဖို့ စစ်ရေးသာ တခုတည်းသော နည်းလမ်းဖြစ်တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန်ရာဟူးက ပြောကြားလိုက်ပါတယ်။

အစ္စရေး ဓားစာခံနှစ်ယောက် လွတ်မြောက်လာပြီးနောက်မှာ သူက အခုလို ပြောလိုက်တာပါ။

ဒီဓားစာခံနှစ်ယောက်ကို ဟားမတ်စ်တွေက ရာဖာမြို့လယ်မှာ ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေနဲ့ ပြည့်ကျပ်နေတဲ့ ရာဖာမြို့ကို အစ္စရေးက လေကြောင်းကနေ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီးနောက် အခု ဓားစာခံ နှစ်ယောက်ကို ကယ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ပွဲ အတွင်း အနည်းဆုံး လူ ၆၇ ယောက် သေဆုံးခဲ့ပါတယ်။

တိုက်ပွဲဖြစ်ရာ အရပ်နားက ဆေးရုံမှာ ဆိုရင် ဒဏ်ရာရလူနာတွေ များလွန်းလို့ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်နေတယ်လို့ ဆရာဝန် တယောက်က ပြောပါတယ်။

ဟားမတ်စ် တို့ထိန်းချုပ်တဲ့ ကျန်းမာရေး ဌာနကလည်း ဂါဇာမှာ ပြီးခဲ့တဲ့ရက် တရက်အတွင်း လူပေါင်း ၁၆ဝ ယောက် သေဆုံးခဲ့တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲ ပြတ်ပြတ်သားသား နိုင်သူမရှိတဲ့ ပါကစ္စတန်

ပါကစ္စတန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါကစ္စတန် ရွေးကောက်ပွဲမှာ မဲလိမ်မှုတွေရှိတယ်ဆိုပြီး တိုင်ကြားမှုတွေ ထွက်ပေါ်နေ

ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲအတွင်း ဘယ်ပါတီကမှ အများစု အနိုင်မရခဲ့တဲ့ ပါကစ္စတန်မှာ အစိုးရဖွဲ့ဖို့ ကြိုးစားနေကြပါတယ်။

ဒုတိယ နဲ့ တတိယ အကြီးဆုံးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း နာဝပ်စ် ရှာရစ်ဖ် ပါတီ နဲ့ ဘီလာဝါ ဘူတို ပါတီ တို့ဟာ ညွန့်ပေါင်းဖွဲ့ဖို့ တရားဝင် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်နေပါတယ်။

အကျဉ်းချခံထားရတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို သစ္စာခံတဲ့ တသီးပုဂ္ဂလ အမတ်တွေက တခြား ပါတီတွေထက် ထောက်ခံမဲ ပိုရထားတာကြောင့် ပါကစ္စတန်မှာ နိုင်ငံရေးအရ မသေချာ မရေရာမှုတွေ ဖြစ်နေပါတယ်။

လိုအပ်တဲ့ မဲအပြည့်အဝ မရတဲ့ပါတီတွေကလည်း မဲရလဒ် တော်တော်များများအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်မှုတွေ လုပ်ဖို့ စဉ်းစားနေကြပါတယ်။

မဲဆန္ဒနယ် တော်တော်များများမှာ မစ္စတာခန်းထောက်ခံသူတွေ မဲမနိုင်ဘဲ မဲလိမ်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်ကာ တိုင်တန်းမှုတွေ ရှိနေပါတယ်။

အိန္ဒိယမှာ လယ်သမားတွေ ဆန္ဒပြခါနီးမှာ လူမစုရအမိန့်ထုတ်

အိန္ဒိယ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ တုန်းကလည်း လယ်သမားတွေ အိန္ဒိယမှာ အကြီးအကျယ် ဆန္ဒပြမှု ဖြစ်ပွားခဲ့

အိန္ဒိယ နိုင်ငံမြို့တော် ဒေလီမှာ ထောင်သောင်းချီတဲ့ လယ်သမားတွေ နက်ဖြန် အင်္ဂါနေ့မှာ ဆန္ဒပြဖို့ ပြင်နေချိန်မှာ တလကြာ လူစုလူဝေး မလုပ်ရအမိန့်ကို ရဲက ထုတ်ပြန်လိုက်ပါတယ်။

လယ်သမားတွေရဲ့ ဆန္ဒပြမှုဟာ လူထုလုံခြုံရေးကို အကြီးအကျယ် ခြိမ်းခြောက်မှုရှိတယ်လို့ ရဲက ပြောပြီး လုံခြုံရေး တပ်ဖွဲ့ ထောင်နဲ့ချီ ချထားပါတယ်။

နယ်ကနေ ဒေလီမြို့ကို သွားတဲ့ လမ်းတွေကိုလည်း လုံခြုံရေး အတားအဆီးတွေနဲ့ ပိတ်ထားပါတယ်။

အိန္ဒိယမှာ သူတို့ရဲ့ ကောက်ပဲသီးနှံတွေ စျေးပိုရစေမယ့် အာမခံချက် ရဖို့ သမဂ္ဂပေါင်း ၂၀၀ ကျော်က လယ်သမားတွေ လယ်ထွန်စက်တွေနဲ့ မြို့တက် ဆန္ဒပြဖို့ စီစဉ်နေကြတာ ဖြစ်ပါတယ်။

၂၀၂၁ ခုနှစ်တုန်းကလည်း အလားတူ ဆန္ဒပြမှုမျိုး လယ်သမားတွေ ပြုလုပ်ခဲ့ကြဖူးပါတယ်။

နိုင်ငံတလွှား ရွေးကောက်ပွဲ လပိုင်းအတွင်း ကျင်းပဖို့ ရှိနေတဲ့ အိန္ဒိယမှာ လယ်သမားတွေရဲ့ မဲကလည်း အရေးပါလှတာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်မှာ ဒီဇင်ဘာ ဗုံးကွဲမှုနောက်ဆက်တွဲ ဘာတွေဖြစ်နေသလဲ

ဖိလစ်ပိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ခရစ်ယာန် ဘာသာရေး ဆုတောင်းပွဲအတွင်း ဒီဇင်ဘာတုန်းက ဗုံးခွဲတိုက်ခိုက်ခံရ

ဖိလစ်ပိုင်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ရိုမန်ကက်သလစ် ဘာသာဝင်တွေရဲ့ ဆုတောင်းပွဲမှာ အစ္စလာမ်ဝါဒီတွေရဲ့ ဗုံးခွဲတိုက်ခိုက်မှု နောက်ကွယ်က ကြိုးကိုင်သူကို သတ်ပစ်လိုက်ပြီလို့ လုံခြုံရေးတပ်ဖွဲ့တွေက ပြောပါတယ်။

အစ္စလာမ်မစ် နိုင်ငံ အဖွဲ့အစည်းနဲ့ ဆက်စပ်တဲ့ Dawlah Islamiyah ဒလာ အာလာမီရာ အဖွဲ့မှာ ပါဝင်ပတ်သက်တဲ့ ခဒါဖီ မင်မ်ဘက်ဆာ ဟာ ပြီးခဲ့တဲ့ ဇန္နဝါရီလကုန်ပိုင်းတုန်းက ပစ်ခတ်မှုအတွင်း ပြင်းထန်ဒဏ်ရာရခဲ့တာလို့ စစ်တပ်က ဆိုပါတယ်။

ဖိလစ်ပိုင်က မွတ်ဆလင်အများဆုံး နေထိုင်ရာ မာရာဝီ ဒေသက မင်ဒါနာအို ပြည်နယ် တက္ကသိုလ် ဗုံးကွဲမှုအတွင်း လူ ၄ ယောက် သေဆုံးပြီး ၄ဝ ကျော် ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။