ဂရိ တောမီးက နေရာပေါင်း ၈၀ ကျော်မှာ လောင်နေနဲ့ ဇူလိုင် ၂၄ ရက် ညပိုင်း နိုင်ငံတကာ သတင်းတွေ

Greece

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဂရိတောမီး လူတွေ သောင်းချီ ထွက်ပြေးနေရ

ဂရိမှာ တောမီးလောင်တဲ့ နေရာပေါင်း ၈၀ ကျော် ရှိနေပြီး ဒေသခံတွေ၊ ခရီးသွားတွေ သောင်းနဲ့ချီပြီး ထွက်ပြေး နေကြရပါတယ်။

တောမီးလောင်တာနဲ့ ပတ်သက်ပြီး အရင်ဖြစ်ခဲ့တာတွေနဲ့ နှိုင်းရင် အကြီးဆုံးသော ကယ်တင်ရေး အစီအစဉ်တွေကို လုပ်နေတယ်လို့ ဂရိ အစိုးရက ပြောပြီး ဥရောပ သမဂ္ဂ ကလည်း မီးသတ်သမား ရာနဲ့ချီ စေလွှတ်ကာ အကူအညီပေးထားပါတယ်။

ကော်ဖူး၊ အက်ဗီယာ၊ ရုတ် စတဲ့ ကျွန်းတွေမှာ အကြီးမားဆုံး ထိခိုက်ခဲ့ပြီး ပင်မကုန်း မြေကြီးက ဆိပ်ကမ်းတွေမှာ မီးဘေးအတွက် သတိပေးတာတွေ၊ အဆင်သင့် ရှိကြ ဖို့အရေးတွေကို လုပ်နေရပါတယ်။

မီးတောက်မီးလျှံတွေကြောင့် နိုင်ငံရဲ့ အဓိကအဝေးပြေးလမ်းမကြီး တခုကိုလည်း ပိတ်ထား ပါတယ်။

အစ္စရေး ဥပဒေပိုင်း ပြင်ဆင်မှု ညှိနှိုင်းတာ ရပ်ဆိုင်းသွား

Israel

ဓာတ်ပုံ ရင်းမြစ်, Getty Images

အစ္စရေး နိုင်ငံမှာ သမိုင်းတလျောက် အကြီးဆုံးသော ဆန္ဒပြပွဲတွေကို ဖြစ်စေခဲ့တဲ့ ဥပဒေပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ညှိနှိုင်းဆွေးနွေးနေကြတာက ပျက်သုဉ်းသွားပါတယ်။

ညှိနှိုင်းတာ မဖြစ်တော့ရင် ဥပဒေ ပြုပြင်ပြောင်းလဲရေးအတွက် ဆန္ဒမဲ မပေးဘဲ သူတို့ သပိတ်မှောက်မယ်လို့ အတိုက်အခံအမတ်တွေက လွှတ်တော်မှာ ပြောပါတယ်။

ဒီလို ညှိနှိုင်းနေတာ ပျက်သုဉ်းသွားပြီ ဆိုတာကို အတိုက်အခံ ခေါင်းဆောင် ရာအဲလ် လာပစ်က ပြောတယ် ဆိုတဲ့ သတင်းလည်း ထွက်လာပါတယ်။

သမ္မတ အိုက်ဇက် ဟာဇော့က ကြားဝင်ပြီး ဆွေးနွေးကြဖို့ စည်းရုံးတဲ့အတွက် နှစ်ဘက် က ခေါင်းဆောင်တွေ ညက ညှိနှိုင်းခဲ့ကြတာပါ။

ဂျေရုဆလင်က လမ်းတွေအပေါ် ဆန္ဒပြနေကြတဲ့ လူတွေကို ရဲက ရေအမြောက်တွေနဲ့ ထိုးပြီး လူစုခွဲနေပါတယ်။

အခု ဆန္ဒပြလှုပ်ရှားမှုကိုခေါင်းဆောင်သူတွေထဲက တယောက်ဖြစ်တဲ့ မိုရှေ ရက်ဒ်မန်း နဲ့ တခြား ဆန္ဒပြသူ အများအပြားလည်း ဖမ်းဆီးတာ ခံထားရပါတယ်။

တွစ်တာ အမှတ်တံဆိပ် အိတ်စ် (X) ဖြစ်လာ

Twitter

ဓာတ်ပုံ ရင်းမြစ်, Getty Images

တွစ်တာ ကုမ္ပဏီပိုင်ရှင် အီလွန် မတ်စ်က တွစ်တာ အမှတ်တံဆိပ် နေရာမှာ ငှက်ပုံလေး အစား အိတ်စ် (X) စာလုံးပုံနဲ့ အစားထိုး လိုက်ပါတယ်။

တွစ်တာအတွက် ဒီဇိုင်းအသစ်ကို သူက ဖွင့်လှစ်လိုက်တာဖြစ်ပြီး အိတ်စ် စာလုံးက အမည်းရောင် နောက်ခံနဲ့ပါ။

ငှက်လေးနဲ့ ဖော်ပြတဲ့ အမှတ်အသား တံဆိပ်က ၂၀၀၆ ခုနှစ်ကတည်းက သုံးခဲ့တာပါ။

မစ္စတာ မတ်စ်က တွစ်တာကို ဝက်ဘ် မှာ ရှာချင်ရင် X.com နဲ့ ရှာဖွေရမယ်လို့ ပြောပါ တယ်။

ဒီ တွစ်တာ ကုမ္ပဏီကို ဘီလျံနာ ဖြစ်သူ မစ္စတာ မတ်စ် အောက်တိုဘာလက ဝယ်ယူပြီး ကတည်းက အပြောင်းအလဲအကြီးအမားတွေ လုပ်နေရာမှာ ဒါက နောက်ဆုံးဖြစ်လာတဲ့ ပြောင်းလဲမှုကြီး တခုပါ။

အားကစားရုံအမိုး ပြိုကျတဲ့အတွက် လူ ၁၁ ယောက်‌ သေဆုံး

China

ဓာတ်ပုံ ရင်းမြစ်, Chinese Local Media

တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းက ကျောင်း အားကစားရုံတခုမှာ အမိုး ပြိုကျခဲ့ပြီး အနည်းဆုံး လူ ၁၁ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။

သူတို့ထဲက အများစုဟာ ဘောလီဘော သင်တန်းတက်နေတဲ့ ကျောင်းသားတွေလို့ ပြောနေကြပါတယ်။

လူ ၄ ယောက် အသေ မသေပဲ လွတ်မြောက်လာနိုင်ခဲ့ပြီး နောက် ၄ ယောက်ကိုလည်း မီးသတ်သမားတွေက ကယ်ထုတ်နိုင်ခဲ့ကြပါတယ်။

‌ဒေသဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီ တခုက အကြီးအကဲတွေကို ဖမ်းထားပြီဖြစ်ကြောင်း ဒေသတွင်း မီဒီယာတွေက ပြောပါတယ်။

အမိုးလုပ်တဲ့နေရာမှာ သုံးတဲ့ပစ္စည်းတွေထဲမှာ ရေစုပ်စေတဲ့ အရာတွေကို သုံးထား တာကြောင့် မိုးရွာလာတဲ့အခါ အဲဒီ ပစ္စည်းတွေက ပိုလေးလံလာပြီး အမိုး ပြိုကျတဲ့ အထိ ဖြစ်ခဲ့တာလို့ ဆိုနေကြပါတယ်။

ဂရီတာ သွန်းဘတ်ကို ရဲအမိန့် မနာခံမှုနဲ့ ဒဏ်ငွေရိုက်

Sweden

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြီးခဲ့တဲ့ ဇွန်လအတွင်း ဆွီဒင်နိုင်ငံ မယ်လ်မို မြို့မှာ လုပ်ခဲ့တဲ့ ဆန္ဒပြမှုအတွင်း ဆွီဒင်က ရာသီဥတုအရေးဆိုင်ရာ လှုပ်ရှားတက်ကြွသူ ဂရီတာ သွန်းဘတ်ဟာ ရဲတွေရဲ့ အမိန့်ကို မလိုက်နာခဲ့ဘူးလို့ တရားရုံးတခုက ဆုံးဖြတ်ပြီး ဒဏ်ငွေတပ် လိုက်ပါတယ်။

နိုင်ငံတောင်ပိုင်းမှာရှိတဲ့ အဲဒီမြို့က တရားရုံးမှာ မစ္စ သွန်းဘတ်က သူ နားမထောင် မိတဲ့၊ မကြားမိတဲ့ အမိန့် ဖြစ်တယ်လို့ ဆိုကာ သူ့မှာ အပြစ်မရှိကြောင်း ချေပခဲ့ပေမယ့် တရားသူကြီးတွေက သူ့မှာအပြစ်ရှိကြောင်း အမိန့်ချခဲ့ပါတယ်။

အနာဂတ်ကို ပြန်ယူရမယ် ဆိုတဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့ က မယ်လ်မို ဆိပ်ကမ်း မှာ ဆန္ဒပြပွဲ တခုကို ဦးစီး စည်းရုံးခဲ့ပြီး ရုပ်ကြွင်းလောင်စာတွေ အသုံးပြုမှုတွေကို အဆုံးသတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

တချို့ အဖွဲ့သားတွေကလည်း ရေနံတင်ကားတွေပေါ်ကို တက်ရောက်ခဲ့ကြပါတယ်။