ထိုင်းရွေးကောက်ပွဲအနိုင်ရသူကို ဝန်ကြီးချုပ်ရွေးဖို့ ထပ်မံပယ်ချခံရ-ဇူလိုင် ၁၉ ညနေခင်းနိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ထိုင်းနိုင်ငံက ပါလီမန်တွင်းမှာ ဝန်ကြီးချုပ်သစ် ရွေးချယ်ဖို့အရေး ဒုတိယအကြိမ် မဲပေးမှု ပြီးဆုံးသွားပါပြီ။
မေလရွေးကောက်ပွဲ အနိုင်ရ ပီတာလင်ဂျာရိုရတ်ကို ရွေးချယ်ခြင်းမရှိဘဲ အဆုံးသတ်ခဲ့တာပါ။
ဒီနေ့ ထိုင်းပါလီမန်မှာ သူ့ကို ဝန်ကြီးချုပ်အဖြစ် တင်မြှောက်ဖို့ သင့်မသင့် မဲပေးဆုံးဖြတ်ရာမှာ ဒုတိယအကြိမ် ပယ်ချခံခဲ့ရတာပါ။
ပထမတော့ ဖွဲ့စည်းပုံ တရားရုံးက မစ္စတာ ပီတာကို အမတ်အဖြစ်ကနေ ရပ်ဆိုင်းခဲ့ပြီး ဒီအရေးဆွေးနွေးနေတဲ့ ပါလီမန်တွင်းကနေ သူထွက်ခွာဖို့ ဖိအားပေးခံခဲ့ရတာ ဖြစ်ပါတယ်။
မစ္စတာ ပီတာရဲ့ Move Forward ရှေ့သို့ချီ ပါတီက ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ထိုင်းစစ်တပ်က ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေရှိရာ အထက်လွှတ်တော်က သူ့ကိုထောက်ခံမဲ မပေးဘဲ ရှိခဲ့ကြောင့် အခုလို ကြုံရတာ ဖြစ်ပါတယ်။
ICC ၀ရမ်းထုတ်ခံထားရတဲ့ ပူတင် တောင်အာဖရိက BRICS ညီလာခံ မတက်တော့ဘူးလို့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
တောင်အာဖရိကနိုင်ငံ ဂျိုးဟန်နာစဘတ်မြို့မှာ လာမယ့်လ ကျင်းပမယ့်BRICS ညီလာခံကို ရုရှားသမ္မတ ဗလာဒီမီယာပူတင် တက်ရောက်မှာ မဟုတ်ဘူးလို့ အိမ်ရှင် တောင်အာဖရိက သမ္မတ ဆီရေးလ်ရာမာဖိုဆာက အတည်ပြုပါတယ်။
ယူကရိန်းကျူးကျော်စစ်ကြောင့် မစ္စတာ ပူတင်ဟာ နိုင်ငံတကာ ရာဇဝတ်တရားရုံး ICCက ဝရမ်းထုတ်ခံထားရသူဖြစ်ပြီး တောင်အာဖရိကဟာ ICC နဲ့ သဘောတူ လက်မှတ်ထိုးထားတဲ့နိုင်ငံဖြစ်တာကြောင့် တောင်အာဖရိကသွားရင် သူအဖမ်းခံရနိုင်တာ ဖြစ်ပါတယ်။
နှစ်ဖက် သဘောတူညီချက်အရ အခုတော့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လာဗ့်ရော့ဗ် သာ ညီလာခံ လာတက်မယ်လို့ တောင်အာဖရိက အစိုးရက ပြောပါတယ်။
ဘရစ်ခ် ညီလာခံလာတက်ရင်း ပူတင်ကိုဖမ်းရင် ဒါဟာ စစ်ကြေညာတာပဲ ဆိုတဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ ရုရှားအစိုးရ ပြောခွင့်ရက ငြင်းဆိုထားပါတယ်။
နယ်စပ်ဖြတ်ကျော်၀င်တဲ့ အမေရိကန်တပ်သား မြောက်ကိုရီးယားမှာ ထိန်းသိမ်းခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယားကို တောင်ကိုရီးယားကနေ ဖြတ်ကျော်ဝင်ရောက်တဲ့ အမေရိကန် စစ်သားနဲ့ပတ်သက်လို့ အသေးစိတ် အချက်အလက်တွေ မနေ့ အင်္ဂါနေ့က ပိုမိုထွက်ပေါ်လာပါပြီ။
အမေရိကန် စစ်သား ထရဲဗစ်စ် ကင်းန် ဟာ တောင်ကိုရီးယားမှာ ရှိစဉ် ညကလပ်တခုမှာ အမျိုးသားတယောက်ကို လက်သီးနဲ့ထိုးမှု ၊ ရဲကားကို ဖျက်စီးမှု နဲ့ အချုပ်ချခံရမှုတွေ ရှိခဲ့တာပါ။
အဲဒီအမေရိကန် တပ်သားဟာ သူ့ကို အမေရိကန်နိုင်ငံကို ပြန်ပို့စဥ် ထွက်ပြေးခဲ့ပါတယ်။ အဲဒီနောက် ခရီးသွားအဖွဲ့တစ်ခုနဲ့ လိုက်ပါသွားပြီး နယ်စပ်ဖြတ်ကျော်တာခဲ့တာပါ။
အခုတော့ သူဟာ မြောက်ကိုရီးယား နိုင်ငံက ထိန်းသိမ်းရေးစခန်းမှာ ဖမ်းဆီး ခံထားရပါတယ်။
အိန္ဒိယမှာ ထရန်စဖော်မာ ပေါက်ကွဲမှုကြောင့် သေဆုံးသူ တဒါဇင်ကျော်ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံ တောင်ပိုင်း ဥတ္တရာခန်း ပြည်နယ် မြစ်ကမ်းဘေးမှာ ထရန်စဖော်မာ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၁၅ ယောက် သေဆုံးသွားပါတယ်။
Chamoli အရပ်မှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုအတွင်း သေဆုံးသူတွေထဲ ရဲအရာရှိတယောက်နဲ့ အစောင့် ၅ ယောက်လည်း ပါဝင်ပါတယ်။
နောက်ထပ် ၁၅ယောက်လည်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားခဲ့ပြီး ဘာကြောင့်ပေါက်ကွဲမှု ဖြစ်ရသလဲ ဆိုတာကိုတော့ ချက်ချင်း မသိရသေးပါဘူး။
အစိုးရကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးဖို့ အမိန့်ထုတ်ထားပါတယ်။
အရည်အသွေးမပြည့်တဲ့ ဝါယာကြိုးတွေ အသုံးပြုမှုနဲ့ အဆင့်မမီတဲ့ အခြေခံအဆောက်အဦတွေကြောင့် ဆိုးရွားတဲ့ မတော်တဆမှုတွေ ဖြစ်လေ့ရှိတဲ့ အိန္ဒိယမှာ လျှပ်စစ်မတော်တဆမှုကြောင့်သေဆုံးမှုတွေကလည်း အမြဲလိုလို ဖြစ်လေ့ဖြစ်ထရှိတာ ဖြစ်ပါတယ်။








