ဗဟိုဘဏ်ပေးမယ့် ၃၀ ကျပ် ငွေလွှဲသူတွေ မက်မှာလား

ဒေါ်လာ ၁၀၀ တန် အရွက်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြည်ပရောက်မြန်မာနိုင်ငံသားတွေရဲ့ နိုင်ငံခြားသုံးငွေနဲ့ရရှိတဲ့ လုပ်ခလစာ၀င်ငွေတွေကို ပြည်ပကနေ ပြည်တွင်းကို လိုင်စင်ရဘဏ်တွေက တစ်ဆင့် လွှဲပို့တာတွေအတွက် အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၃၀ အပိုဆောင်းငွေအဖြစ် ထည့်သွင်းပေးမယ်လို့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က မနေ့က အောက်တိုဘာ ၂၈ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ပြင်ပ ဒေါ်လာပေါက်စျေးက ၃၀၀၀ ကျပ်၀န်းကျင် ရှိနေတဲ့အတွက် အခုလို ထပ်ဆောင်းပေးငွေ ပေးတဲ့ တစ်ဒေါ်လာကို ၃၀ ကျပ်ဟာ ပြည်ပရောက်မြန်မာလုပ်သားတွေနဲ့ မိသားစုဝင်တွေအတွက် တကယ်ထိရောက်မှုရှိနိုင်မလား။

ငွေဘယ်လို လွှဲနေသလဲ၊ ဘယ်လို ရလဲ

ပြည်ပရောက်မြန်မာတွေက မြန်မာပြည်ထဲက မိသားစုကို လုပ်ခလစာတွေ လွှဲပေးတဲ့အခါမှာ ဘဏ်တွေကနေ လွှဲတာ၊ ဟွန်ဒီစနစ်နဲ့ လွှဲတာ၊ ‌ဝေ့ဖ်အကောင့်တွေ အသုံးပြုပြီးလွှဲအပ်တာတွေ နည်းအမျိုးမျိုးနဲ့ ပြုလုပ်ကြပါတယ်။

အရင်က တရားဝင် နားလည်မှု စာချုပ် MOU ထိုးထားတဲ့ အလုပ်သမားတွေကသာ မြန်မာနိုင်ငံကို ငွေပြန်လွှဲရင် ဘဏ်တွေက တစ်ဆင့်လွှဲရတာတွေရှိပြီး မေလကတည်းကနေ အခုနောက်ပိုင်းအထိ ထိုင်း၊ မလေး၊ စင်ကာပူစတဲ့နိုင်ငံတွေက အလုပ်သမားတွေအတွက် MOU စာချုပ်ထဲမှာလည်း ဘဏ်ကိုလွှဲဖို့ဆိုပြီး မပါရှိတော့တဲ့နောက်ပိုင်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ ငွေလွှဲတာနေကြတာပါ။

အရင်က မြန်မာနိုင်ငံကို ငွေလွှဲရင် ဘဏ်တွေကနေပဲ လွှဲရတဲ့အတွက် အလုပ်သမားတွေရဲ့ လုပ်ခ လစာတွေ နစ်နာမှုတွေ အများကြီးနဲ့ ကြုံရတယ်လို့ ထိုင်းနိုင်ငံက အလုပ်သမားတွေကို ကူညီပေးနေသူတွေက ဆိုကြပါတယ်။ အခုနောက်ပိုင်းတော့ ငွေလွှဲကုမ္ပဏီတွေကနေပဲ လွှဲကြတဲ့အတွက် ပြင်ပ ပေါက်စျေးအတိုင်း မိသားစု၀င်တွေက ရလာတာတွေ ရှိလာတယ်လို့ သိရပါတယ်။

အဲဒီတော့ အခုလို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်တဲ့ တစ်ဒေါ်လာကို ထပ်ဆောင်းပေးငွေ ကျပ် ၃၀ ကို အလုပ်သမားတွေက စိတ်ဝင်စားပြီး ဘဏ်တွေကနေ လွှဲကြမှာလား၊ ပြည်တွင်းနိုင်ငံခြားငွေ ဝင်ရောက်မှုအတွက်ရော တကယ် ထိ‌ရောက်မှုရှိရဲ့လား။

ပြင်ပပေါက်စျေးသာ အလိုရှိကြ

ဒေါ်လာနဲ့ ကျပ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ထိုင်းရောက် မြန်မာအလုပ်သမားတွေကို ကူညီနေသူတစ်ဦးကတော့ ငွေလွှဲနေတဲ့ အလုပ်သမားတွေကတော့ အဲဒီလို ပေးမယ်ဆိုတဲ့ ငွေကို မက်မောမှာမဟုတ်ဘဲ အပြင်ပေါက်စျေးနဲ့ပဲ လွှဲချင်ကြတယ်လို့ ဆိုပါတယ်။

စီးပွားရေးဗီဇာနဲ့ လာသူတွေအတွက်ကတော့ အခွန်အနေနဲ့ ကောက်ခံတယ်ဆိုတာ သဘောပေါက်တယ်လို့ ဆိုပါတယ်။

အခုနောက်ပိုင်းမှာတော့ ကုမ္ပဏီကြီးတွေ၊ လုပ်ငန်းကြီးတွေ လုပ်ကိုင်နေသူတွေက လွဲလို့ သာမန်အလုပ်သမားတွေကတော့ ဘဏ်စနစ်ကို အသုံးမပြုကြတော့ဘဲ ငွေလွှဲ ကုမ္ပဏီတွေကနေပဲ တိုက်ရိုက်ငွေလွှဲကြ‌တယ်လို့ ပြည်ပရောက် မြန်မာအလုပ်သမားတွေက ဆိုကြပါတယ်။

ဟွန်ဒီတွေသာ အားထားရာ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခု ဘဏ်ကနေလွှဲတဲ့အခါ ပေးမယ်ဆိုတဲ့ ထပ်ဆောင်းပေးငွေတွေကလည်း ပြင်ပပေါက်စျေးနဲ့ အဆမတန်ကွာဟနေ‌သေးတဲ့အတွက် ငွေလွှဲ ကုမ္ပဏီတွေနဲ့ပဲ ဆက်လုပ်ဖြစ်ကြမယ်လို့ သိရပါတယ်။

မလေးရှားရောက် မြန်မာအလုပ်သမားတစ်ဦးကတော့ အခုလို ပြောပါတယ်။

“ဒီဘက်မှာက ငွေလွှဲကောက်တဲ့သူတွေကိုပဲ လွှဲကြတယ်။ ဘဏ်တွေ ဘာတွေက သိပ်ပြီးတော့ မလွှဲကြဘူး။ အခုက ဝေ့ဖ်မန်းနီးနဲ့ လွှဲလိုက်ရင် အိမ်တိုင်ရာရောက်၊ ကိုယ်တောင်မှ သွားထုတ်စရာမလိုဘူး။”

“ဘဏ်တွေကို သွားနေရလို့ရှိရင် ဥပမာ အမောင့်ငွေက တစ်နေ့ကို ငါးသိန်းထုတ်ရတာတို့ ဆယ်သိန်းထုတ်ရတာတို့ ကိုယ်ကြိုက်သလို မရတော့ တချို့က ဘဏ်တွေကို သိပ်ပြီးတော့ မလွှဲကြတော့ဘူးလေ။”

“အခုကတော့ ဝေဖန်နေကြတာပေါ့။ သက်ရောက်မှုကတော့ ရှိလာမယ်တော့ မထင်သေးပါဘူး။ ယုံကြည်မှုကလည်း သိပ်ရှိမယ်လို့ မထင်ပါဘူးလေ။”

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဒေါ်လာကို ပြင်ပ ပေါက်စျေးအတိုင်းမဟုတ်ဘဲ ဗဟိုဘဏ်သတ်မှတ်စျေးအတိုင်း ၁၈၅၀ ကနေ ၂၁၀၀ ကျပ် အဆင့်ဆင့် သတ်မှတ်လိုက်ပြီးနောက်ပိုင်း ငွေလွှဲလိုသူတွေက ဟွန်ဒီလို ငွေလွှဲစနစ်တွေကို အဓိက ပိုပြီးအသုံးပြုလာကြတာပါ။

အခုလို တစ်ဒေါ်လာကို ထပ်ဆောင်းပေးငွေ ကျပ် ၃၀ တိုးပေးတာကလည်း ပြင်ပပေါက်စျေးနဲ့ ရာနဲ့ချီ ကွာဟနေသေးတဲ့အတွက် ထိရောက်မှုမရှိနိုင်ဘူးလို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

ကမ္ဘာ့ငွေကြေးစျေးကွက်မှာ ဒေါ်လာစျေးမြင့်ခိုင်မာနေတာ၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် ရိုက်ခတ်မှု မျိုးစုံကြောင့် ပြည်တွင်း နိုင်ငံခြားငွေ ရှားပါးနေတာတွေကို စစ်ကောင်စီက နည်းလမ်းမျိုးစုံ အကြိမ်များစွာ ပြောင်းလဲ ဖြေရှင်းနေပြီး ဗဟိုဘဏ် ဥက္ကဋ္ဌပါ ပြောင်းသွားပေမဲ့ အခုထိ ဒေါ်လာလိုအပ်ချက်ကို ဖြေရှင်းနေရသေးတာကို တွေ့ရပါတယ်။