ရွှေဝါရောင်ကာလက အသတ်ခံခဲ့ရပြီး ၁၆ နှစ်ခန့်ကြာမှ ပြန်ပေါ်လာတဲ့ ဂျပန်သတင်းထောက်ရဲ့ ကင်မရာ

ဓာတ်ပုံ ရင်းမြစ်, Kenji Nagai
လွန်ခဲ့တဲ့ ၁၆ နှစ် ခန့် ၂၀၀၇ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ဖြစ်ပါတယ်။
မိုးအုံ့နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းပေါ်မှာ သေနတ်သံတွေ၊ မီးခိုးတွေ ရုတ်တရက်ထွက်ပေါ်လာခဲ့အပြီး လူအများအပြား ထွက်ပြေးသွားခဲ့ကြတဲ့အချိန်မှာ လူတစ်ယောက် ကင်မရာတစ်လုံးနဲ့ အတူလဲကျပြီး ကျန်နေခဲ့ပါတယ်။
လဲကျသွားခဲ့သူဟာ အဝတ်အစားနဲ့ အသားအရောင်ကြောင့် သူဟာ နိုင်ငံခြားသားတစ်ဦးလို့ အဲဒီနေရာမှာ ရှိနေခဲ့သူတွေက ယူဆခဲ့ကြပါတယ်။
လဲကျသွားခဲ့သူကို နောက်မိနစ်အနည်းငယ်အကြာမှာ မလှုပ်မယှက်နဲ့ လှမ်းတွေ့ရပြီး သေဆုံးသွားပြီလို့ယူဆရကြောင်းနဲ့ အဲဒီနောက် သူ့ကို မြန်မာစစ်တပ်က လာသယ်သွားတာကို မြင်ခဲ့ရကြောင်း အဲဒီနေရာမှာရောက်နေခဲ့တဲ့ မြန်မာသတင်းစာဆရာတစ်ဦးက ပြန်ပြောပြပါတယ်။
အဲဒီသေဆုံးသူဟာ ကန်ဂျိ နာဂါအိဆိုတဲ့ အသက် ၅၀ အရွယ် ဂျပန်သတင်းထောက်တစ်ဦးဖြစ်ပြီး ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ မြန်မာနိုင်ငံအတွင်းသေဆုံးခဲ့တဲ့ သတင်းထောက်လည်း ဖြစ်ပါတယ်။
သူဟာ အဲဒီနေ့က စစ်တပ်က ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ တစ်ဦး အပါအဝင်ဖြစ်ပါတယ်။
(ဒီဆောင်းပါးမှာ ရိုက်တာ သတင်းဌာနရဲ့ ပူလစ်ဇာ ဆုရ ကန်ဂျိနာဂါအိ ပစ်ခတ်ခံရတဲ့ပုံကိုဖော်ပြထားပြီး စိတ်ထိခိုက်ဖွယ်ရာ မြင်ကွင်းတွေပါဝင်တယ်လို့ ကြိုတင် အသိပေးလိုပါတယ်။)
ဆယ်စုနှစ်ကျော်ကြာလာတဲ့ အခုကာလအထိ ကန်ဂျိ နာဂါအိ သေဆုံးခဲ့ရမှုကို မြန်မာစစ်တပ်က ဖြေရှင်းပြောကြားတာမရှိပါဘူး။ ဒါ့အပြင် ကန်ဂျိနာဂါအိ သေဆုံးတဲ့အချိန် က သူ့လက်မှာကိုင်ပြီး သတင်းရိုက်ကူးနေတဲ့ ကင်မရာလည်း ပျောက်ဆုံးခဲ့ပါတယ်။
ကန်ဂျနာဂါအိ မိသားစုက ကင်မရာပြန်ရဖို့နဲ့ သေဆုံးခဲ့တဲ့အပေါ် တာဝန်ခံဖို့ မြန်မာစစ်တပ်ကို တောက်လျှောက် တောင်းဆိုခဲ့ပေမဲ့ ပြန်မရခဲ့ဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ အခုတော့ ကန်ဂျိနာဂါအိ သေနတ်ပစ်မခံရခင် နောက်ဆုံးအချိန်အထိ ကိုင်ခဲ့တယ်ဆိုတဲ့ကင်မရာကို ဒီဗီဘီသတင်းဌာနက တဆင့် ကန်ဂျိနာဂါအိ ရဲ့ ညီမ ဖြစ်သူထံကို ၁၆ နှစ်ခန့် အကြာမှာ လွှဲပြောင်းပေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ADREES LATIF / REUTER
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီနေရာမှာ ၂၀၀၇ ခုနှစ်တုန်းက ကိုယ်တိုင် ရှိနေခဲ့တဲ့ ပြည်တွင်းသတင်းထောက်တစ်ဦးက ကန်ဂျိနာဂါအိ ကင်မရာကို စစ်တပ်က သိမ်းသွားခဲ့တာကို မျက်စိနဲ့ကိုယ်တိုင်မြင်တွေ့ခဲ့ရတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ဒီကင်မရာ ဘယ်လိုနည်းနဲ့ ဒီဗီဘီသတင်းဌာန ကိုရောက်ခဲ့သလဲဆိုတာကို အပြည့်အစုံ မပြောနိုင်ပေမဲ့ တာဝန်သိနိုင်ငံသားတစ်ယောက်ကြောင့် မိသားစုဆီကိုလွှဲပြောင်းပေးနိုင်ခဲ့တာလို့ ဒီဗီဘီသတင်းဌာနရဲ့ တာဝန်ရှိသူက ပြောပြပါတယ်။
ဒီဗီဘီသတင်းဌာနဘက်က အပြောအရ ဒီကင်မရာဟာ ကန်ဂျနာဂါအိရဲ့ ကင်မရာအစစ်အမှန်ဟုတ်၊ မဟုတ် အတည်ပြုထားပြီးဖြစ်လို့ နာဂါအိရဲ့ ကင်မရာလို့ ပြောနိုင်ကြောင်း အတည်ပြုပါတယ်။
၁၆ နှစ်နီးပါး အစပျောက်နေခဲ့တဲ့ ကင်မရာဟာ အခုတော့ မိသားစုဝင်တွေလက်ထဲကို ပြန်ရောက်ခဲ့ပါပြီ။
ဒီကင်မရာကို မိသားစုဆီကို ပြန်ပေးရတဲ့အကြောင်းက ကမ္ဘာကြီးက မြန်မာစစ်တပ်ရဲ့ လူထုနဲ့သတင်းသမားတွေအပေါ် အကြမ်းဖက်ဖိနှိပ်နေတာကို ပိုပြီးအာရုံစိုက်ပေးဖို့ ဖြစ်တယ်လို့ ဒီဗီဘီသတင်းဌာန တာဝန်ရှိသူက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကစပြီး သတင်းသမား အယောက် ၁၃၀ ထက်မနည်း အဖမ်းခံရပြီး လက်ရှိအချိန်ထိ မလွတ်မြောက်သေးသူ ၇၂ ယောက်ရှိနေသလို သတင်းသမား ၄ ယောက်လည်း သေဆုံးခဲ့တယ်လို့ RSF နယ်စည်းမခြားသတင်းသမားများအဖွဲ့က ၂၀၂၃ ခုနှစ်ဇန်နဝါရီ ၃၀ ရက် ထုတ်ပြန်ခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၂၀၀၇ စက်တင်ဘာလက မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခနဲ့ အကျပ်အတည်းကို ကမ္ဘာက သိအောင် ပြသနိုင်ခဲ့တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်တပ်က အကြမ်းဖက်ဖြိုခွင်းခဲ့ပါတယ်။
လူထု ခံစားနေရတဲ့ ဒုက္ခနဲ့ နိုင်ငံ့ရေးရာ ပြဿနာတွေကို သံဃာတွေက စာနာထောက်ထားတဲ့အနေနဲ့ လောင်စာဆီ ဈေးချပေးဖို့၊ အထွေထွေကုန်ဈေးနှုန်း ကျဆင်းဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတဝန်း မြို့ကြီးတွေမှာ လမ်းမတွေထွက်ပြီး မေတ္တာပို့ ဆုတောင်း ဆန္ဒထုတ်ဖော်ပွဲတွေ ဦးဆောင် ပြုလုပ်ခဲ့ချိန်မှာ ကျောင်းသားတွေနဲ့ အများပြည်သူလူထုကလည်း ပူးပေါင်းခဲ့ကြပါတယ်။
ဒီလို လူထုအရေးတော်ပုံအသွင် ဖြစ်လာခဲ့ချိန်မှာတော့ အဲဒီတုန်းက အုပ်ချုပ်နေတဲ့ စစ်အစိုးရဟာ ဖြိုခွဲနှိမ်နင်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ရန်ကုန်မြို့လယ်ခေါင်မှာတင် ဂျပန်သတင်းထောက် ပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ လက်နက်မဲ့ ဆန္ဒထုတ်ဖော်သူတွေကို အင်အားသုံး၊ ပစ်ခတ်၊ နှိမ်နင်းတဲ့အထိ ဖြစ်လာခဲ့ပါတယ်။
ရွှေဝါရောင်ကာလတွေမှာ စစ်အစိုးရရဲ့ လက်နက်နဲ့ ဖြေရှင်းမှုတွေကို မှတ်တမ်းတင်ပြီး နိုင်ငံတကာကို သိစေခဲ့တဲ့ ကင်မရာကိုင် အရပ်သားသတင်းထောက်တွေရဲ့ အခန်းကဏ္ဍကလည်း အရေးပါခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကန်ဂျိနာဂါအိရဲ့ ကင်မရာထဲမှာ မူရင်းရိုက်ကူးထားတဲ့ ဗီဒီယို တိပ်ခွေကို ဗုဒ္ဓဟူးနေ့ကဘန်ကောက်မြို့မှာ သတင်းဌာန အချို့ကိုဖိတ်ကြားပြီး ပြသခဲ့ပါတယ်။
ကင်မရာထဲကတွေ့ရတဲ့ ရုပ်သံဗီဒီယိုမှာတော့တော့ ကန်ဂျိနာဂါအိဟာ သေနတ်နဲ့ အပစ်မခံရခင် မိနစ်ပိုင်းအလို စစ်တပ်ကားတွေ ရောက်လာချိန်မှာ သူကိုယ်တိုင်ရိုက်ထားတဲ့ အခြေအနေကို ရှင်းပြနေတဲ့ ရုပ်သံတွေလည်း ပါဝင်ပါတယ်။
အဲဒီနောက် လူတွေ တကွဲတပြားနဲ့ ထွက်ပြေးကြပြီးနောက်မှာ ဗီဒီယိုလည်း ရပ်သွားခဲ့ပါတယ်။
“စစ်တပ် အခုပဲ ရောက်လာပြီ လက်နက်တွေ အများကြီးပါတယ်။ လူတွေလည်း ဘုရားရှေ့ကို အများကြီး ရောက်လာကြပြီ”လို့ ဒီဗီဒီယိုတိပ် မရပ်ခင်မှာ သူက နောက်ဆုံးပြောခဲ့ပါတယ်။
ကန်ဂျိနာဂါအိ ပစ်ခတ်ခံရတာကို သတင်းဌာနတချို့က မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး လဲကျနေတဲ့ ကန်ဂျိနာဂါအိကို သေနတ်နဲ့ချိန်ထားတဲ့ ရိုက်တာ သတင်းဌာနက ဓာတ်ပုံဟာ ပူလစ်ဇာဆုရခဲ့ပါတယ်။
ကန်ဂျိနာဂါအိ ကင်မရာက ဘယ်ကိုရောက်နေပြီး ဘယ်ကပြန်ရခဲ့တယ်ဆိုတာရယ်၊ ဒီ ၁၅ နှစ်ကျော်အတွင်း ဘယ်ကိုရောက်နေခဲ့တယ်ဆိုတာတွေကတော့ အခုအထိ အမေးသာရှိပြီး ရေရေ ရာရာ အဖြေမရှိသေးပါဘူး။
ကန်ဂျိနာဂါအိ ကင်မရာကို စစ်တပ်ကသိမ်းသွားတာကိုတော့ ကျွန်တော် မျက်စိနဲ့ မြင်လိုက်တယ်။ အခုကင်မရာက စစ်တပ်ကသိမ်းတဲ့ ကင်မရာလား နောက်ကင်မရာတစ်ခုလားဆိုတာကို သေသေချာချာ မပြောနိုင်ဘူးလို့ အဲဒီအချိန်မှာ ရှိနေခဲ့တဲ့ သတင်းထောက်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
အဲဒီနောက် မြန်မာအစိုးရသတင်းစာက နာဂါအိဟာ မြန်မာနိုင်ငံအတွင်းကို သတင်းထောက် ဗီဇာနဲ့ဝင်ရောက်ရမယ့် အစား အလည်အပတ် ဗီဇာနဲ့သာ ဝင်ရောက်ခဲ့သူ ဖြစ်ပြီး တရားဝင် ခွင့်ပြုချက်မရှိဘဲ သတင်းထောက်အလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်တယ်လို့ ဖော်ပြခဲ့ပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့ အချိန်ဟာ စစ်အုပ်ချုပ်ရေး ဥပဒေ ထုတ်ပြန်ထားတဲ့အချိန်ဖြစ်ပြီး စစ်သားက အာရှသားတွေဖြစ်တဲ့ မြန်မာနှင့် ဂျပန် ကို ရုတ်တရက် ခွဲမရခဲ့တာကြောင့် ပစ်ခတ်ခဲ့တာလို့လည်း ဆိုပါတယ်။
ရွှေဝါရောင်တော်လှန်ရေးမှာ သတင်းယူရင်း သေနတ်ကျည်ဆန်မှန် သေဆုံးခဲ့တဲ့ ဂျပန်သတင်းထောက် ကန်ဂျိနာဂါအိသေဆုံးခြင်း ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် အထိမ်းအမှတ်ပွဲကို ပြီးခဲ့တဲ့ ၂၀၁၇ ခန့်က လည်း မြန်မာသတင်းထောက်တချို့က ဦးစီးကျင်းပ ပြုလုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် နာဂါအိ အမှတ်တရအဖြစ် အများပြည်သူများ လက်မှတ်ရေးထိုးထားတဲ့ ဝမ်းနည်းမှတ်တမ်းမှတ်စု စာအုပ်၊ ဗီနိုင်းနှင့် နာဂါအိပုံတူ ကျောက်စီပန်းချီကားကို ဂျပန်သံရုံးကတစ်ဆင့် နာဂါအိမိသားစုထံပေးပို့ ခဲ့တယ်လို့ သိရပါတယ်။
"သူက သူရဲကောင်းတစ်ယောက်မဟုတ်ခဲ့ပေမယ် သတင်းသမားတစ်ယောက်အနေနဲ့ အသက်ပေးသွားခဲ့တာကို လူတွေကို အမှတ်ရစေချင်ပါတယ်"လို့ နာဂါအိရဲ့ ညီမဖြစ်သူက ပြောပါတယ်။








