ထိုင်ဝမ်ကို စစ်ရေးထောက်ပံ့မှု အမေရိကန်ကို တရုတ်ဝေဖန် - သြဂုတ်လ ၃၁ရက် ညနေခင်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အချုပ်အခြာပိုင် နိုင်ငံတွေကို အကူအညီပေးတဲ့ အစီအစဉ်တခုမှာ အမေရိကန်က ထိုင်ဝမ်ကို စစ်ရေးအကူအညီပထမဆုံး ပေးခဲ့တဲ့အတွက် ဒါကို တရုတ်က ဝေဖန်လိုက်ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ ထိုင်ဝမ်လုံခြုံရေးကို ထိခိုက်စေတယ်လို့ တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောပါတယ်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဒီလို အကူအညီပေးတာဟာ ထိုင်ဝမ် အချုပ်အခြာ အာဏာကို အသိအမှတ်ပြုတဲ့ သဘောမဟုတ်ဘူးလို့ ဆိုပါတယ်။
တရုတ်အစိုးရဟာ ထိုင်ဝမ်ကို သူတို့နိုင်ငံရဲ့ ခွဲထွက်နယ်မြေ တခုအဖြစ် သတ်မှတ်ထားတာပါ။
အမေရိကန် အစိုးရ အဆက်ဆက် လက်ထက်တွေမှာ ထိုင်ဝမ်ကို လက်နက် ရောင်းချလေ့ရှိပေမယ့် အခုတကြိမ်မှာတော့ အမေရိကန်ပြည်သူတွေရဲ့ အခွန်ငွေနဲ့ ထိုင်ဝမ်ကို ပထမဆုံး ထောက်ပံ့တာ ဖြစ်ပါတယ်။
စပိန်အမျိုးသမီးဘောလုံးအသင်းအောင်မြင်မှု အစား အနမ်းအရှုပ်တော်ပုံကိုဘဲ လူတွေက စိတ်ဝင်စားနေတယ်လို့ ဂိုးသမားပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ကမ္ဘာဖလား အမျိုးသမီး ဘောလုံးပြိုင်ပွဲမှာ စပိန်အသင်းဗိုလ်စွဲတာကို အောင်ပွဲခံရမယ့်အစား အငြင်းပွားဖွယ် အနမ်းပေးတဲ့ ကိစ္စက လွှမ်းမိုးနေတဲ့အပေါ် စိတ်ပျက်မိတယ်လို့ ဂိုးသမားCatalina Coll ကပြောကြားလိုက်ပါတယ်။
လမ်းပေါ်မှာ လူတွေက သူ့ကိုတွေ့ရင် အောင်မြင်မှုအတွက် ဝမ်းမြောက်ကြောင်း ပြောဖို့ထက် ဒီအရှုပ်တော်ပုံကိစ္စကိုဘဲ ပြောနေကြတယ်လို့ သူက ဆိုပါတယ်။
စပိန်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ လူဝစ် ရူဘီယာလက်စ် ဟာ စပိန်အသင်းအနိုင်ရခဲ့ပြီးနောက် မစ္စကိုးလ်တို့အဖွဲ့ထဲက ဂျယ်နီ ဟာမိုဆိုကို နမ်းခဲ့တာ ဖြစ်ပါတယ်။
ကစားပွဲအပြီး အောင်ပွဲခံကားပေါ်မှာ မစ္စဟာမိုဆို သူ့အဖွဲ့သားတွေနဲ့ ပျော်ရွှင်နောက်ပြောင်နေတဲ့ ဗီဒီယိုကို ပြပြီး သူ့သဘောတူလို့ နမ်းခဲ့တာပါလို့ မစ္စတာ ရူဘီယာလက်စ်က သက်သေပြခဲ့ပါတယ်။
အွန်လိုင်းပေါ်ကနေ ငွေညှစ်တဲ့သံသယနဲ့ ဖမ်းထားတဲ့ တရုတ် ၈၈ယောက်ကို နေရပ်ပြန်ပို့ဖို့ အင်ဒိုစဉ်းစားနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အင်ဒိုနီးရှားမှာ လူမှုကွန်ရက်တွေ ၊ အွန်လိုင်း Dating website တွေကနေ ငွေညှစ်တဲ့ သံသယနဲ့ တရုတ်နိုင်ငံသား ၈၈ယောက်ကို နေရပ်ပြန်ပို့ဖို့ သင့်မသင့် အာဏာပိုင်တွေ ဆုံးဖြတ်စဉ်းစားနေပါတယ်။
ငွေညှစ်ခံရတဲ့အထဲ အင်ဒိုနီးရှား နိုင်ငံသားတွေ မပါဘူးဆိုရင် ပြီးခဲ့တဲ့ အင်္ဂါနေ့က ဖမ်းဆီးထားတဲ့ အဲဒီတရုတ်နိုင်ငံသား အားလုံးကို ချက်ချင်း ပြန်လွှတ်ပေးမယ်လို့ အင်ဒိုရဲပြောခွင့်ရကဆိုပါတယ်။
အခုအဖမ်းခံထားရတဲ့ တရုတ်စင်ဒီကိတ် လုပ်ငန်းအစုအဖွဲ့ဟာ တရုတ်က ရာနဲ့ချီတဲ့သူတွေကိုလည်း ခြိမ်းခြောက်ငွေညှစ်တာတွေ ရှိခဲ့တယ်လို့ ရဲက ပြောပါတယ်။
သူတို့တောင်းတဲ့ငွေမရရင် ခြိမ်းခြောက်ခံရသူတွေရဲ့ အသံဖိုင် ဗီဒီယိုဖိုင်တွေကို လူသိရှင်ကြား ဖြန့်မယ်ဆိုပြီး အကျပ်ကိုင်တာကြောင့် သူတို့တောင်းဆိုတဲ့အတိုင်း လိုက်လျောရတဲ့ အခြေအနေမှာ ရှိခဲ့ကြတာပါ။
အခုကိစ္စမှာ တရုတ်ရဲရဲ့ သတင်းပေးမှုကြောင့် အင်ဒိုနီးရှားမှာ အရေးယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အငြင်းပွားနယ်မြေတွေကို သူတို့ပိုင်အဖြစ် တရုတ်က သူ့မြေပုံထဲ ပြထားလို့ အိန္ဒိယ ဒေါသထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အခုနောက်ဆုံးထွက်လာတဲ့ တရုတ်နိုင်ငံမြေပုံကို ဆန့်ကျင်တဲ့ နိုင်ငံတွေ အနေနဲ့ ချင့်ချိန်နှိုင်းဆနဲ့ အမြင်နဲ့ကြည့်ဖို့ လိုတယ်လို့ တရုတ်အစိုးရက ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့က တရုတ်အစိုးရ ထုတ်ပြန်လိုက်တဲ့ သူတို့နိုင်ငံ မြေပုံမှာ Himalayas ဟိမဝန္တာ ဒေသက သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ နေရာတွေကို သူတို့ပိုင်နက်အဖြစ် ထည့်သွင်းထားတာကြောင့် အိန္ဒိယအစိုးရက ဒေါသထွက်လျက် ရှိပါတယ်။
တရုတ်စီးပွားရေး ဆက်တိုက် ကျဆင်းနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘီ့းပွားရေး ဒုတိယအကြီးဆုံး နိုင်ငံ ဖြစ်တဲ့ တရုတ်မှာ အိမ်ခြံမြေစျေးကွက် ၊ ကုန်ထုတ်လုပ်မှု ၊ ကုန်အရောင်းအဝယ်နဲ့ ဝန်ဆောင်မှု လုပ်ငန်း စသဖြင့် ကဏ္ဍအားလုံးမှာ ဆက်လက် ကျဆင်းနေပါတယ်။
Country Garden ဆိုတဲ့ အိမ်ခြံမြေ ဆောက်လုပ်ရေး ကုမ္ပဏီ ဟာ ပထမနှစ်ဝက်မှာဒေါ်လာ ၆.၇ ဘီလီယံ ရှုံးတယ်လို့ ကြေညာခဲ့ပြီး နာရီပိုင်းအကြာမှာ အခုလို အခြေအနေတွေ ဖြစ်ပေါ်လာတာပါ။
ခရစ်စမတ်အတွက် ပြည်ပက အဝယ်အော်ဒါတွေ တရုတ်စက်ရုံတွေမှာ ပြည့်လျှံနေတဲ့ အခုလို အချိန်မှာ ထုတ်လုပ်မှုကဏ္ဍမှာ ပြီးခဲ့တဲ့ ၅ လ ဆက်တိုက် ကျဆင်းတာကို ခုနောက်ဆုံးထွက်လာတဲ့ စာရင်းကိန်းဂဏန်းတွေမှာ တွေ့ရပါတယ်။
ဒါကြောင့် တရုတ်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်မလား ၊ ဒါမှမဟုတ် ၊ ၂ဝဝ၈ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်းတုန်းကလို အလုပ်အကိုင်သစ်တွေ ပေါ်ထွက်လာရေးနဲ့ လူအများ ငွေသုံးလာအောင် ကြိုးစားဖို့ စီးပွားရေးကျားကန်ပေးတဲ့ အစီအစဉ်တွေလုပ်မလားဆိုတာ ဖိအားတွေ ဖြစ်နေပါတယ်။








