လေကြောင်းရန်ကြောင့် ထန်တလန် ကြားကာလပညာရေးကျောင်း ၉၀ ကျော် ရက်အကန့်အသတ်မရှိပိတ်

မင်းတပ်မြို့နယ်ထဲက ကိုယ်ထူကိုယ်ထကျောင်းတွေမှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, Chin World

လေကြောင်းတိုက်ခိုက်မှု အန္တရာယ်စိုးရိမ်ချက်ကြောင့် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်ထဲမှာ ဖွင့်ထားတဲ့ ကြားကာလပညာရေးကျောင်း ၉၀ ကျော်ကို ရက်အကန့်အသတ်မရှိပိတ်ပြီလို့ သိရပါတယ်။

ကျောင်းပေါင်း ၉၅ ကျောင်းကို ဇန်နဝါရီလ ၁၆ ရက်နေ့ကစလို့ ပိတ်လိုက်တဲ့အကြောင်း ထန်တလန်မြို့နယ် ကြားကာလပညာရေးဘုတ်အဖွဲ့က ကြေညာချက် ထုတ်ပြန်လာတာပါ။

အိန္ဒိယ - မြန်မာနယ်စပ်မှာရှိတဲ့ ချင်းအမျိုးသားတပ်ဦး(CNF) စခန်းကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၀ ရက် ညနေပိုင်းမှာ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် CNF တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဘီဘီစီမှာ ပြီးခဲ့တဲ့ရက်က သတင်းဖော်ပြခဲ့ပြီးဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း စစ်ကောင်စီတပ်က ဟားခါးမြို့နယ်နဲ့ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်နဲ့ ကပ်လျက်မှာရှိတဲ့ ထန်တလန်မြို့နယ်ထဲမှာ ကင်းထောက်လေယာဥ်တွေ ပျံသန်းမှုတွေရှိခဲ့အပြီး ထန်တလန်မြို့နယ်ထဲက ကြားကာလကျောင်းတွေကို ပိတ်ဖို့ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဘက်က သတင်းထုတ်ပြန်ကြေညာလာတာဖြစ်ပါတယ်။

‘‘ကင်းထောက်လေယာဥ်တွေ ပျံတယ်။ အဲဒီလိုပျံပြီးရင် လေကြောင်းတိုက်ခိုက်မှုက ပေါ်လာတယ်ဆိုတော့ လေကြောင်းအန္တရာယ်စိုးရိမ်ချက်နဲ့ ကျောင်းတွေကို ပိတ်လိုက်တာပါ။ မြေပြင်မှာကလည်း ကျောင်းတွေမှာ ကတုတ်ကျင်းတူးနိုင်တာ မြေပြင်အနေအထားအရ ကျောင်းအနည်းငယ်ပဲရှိတော့ အခုလို ရက်အကန့် အသတ်မရှိ ပိတ်လိုက်ဖို့ ဖြစ်လာတာပါ’’ လို့ ထန်တလန်ပညာရေးဘုတ်အဖွဲ့မှာပါဝင်တဲ့ဆရာကြီးတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။

အိန္ဒိယ-မြန်မာနယ်စပ်က CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရအပြီးမှာ ထန်တလန်မှာ ကြားကာလကျောင်းတွေ ပိတ်ဖို့ဖြစ်လာတာပါ။

ဓာတ်ပုံ ရင်းမြစ်, The Chin Journal

ဓာတ်ပုံ ပုံစာ, အိန္ဒိယ-မြန်မာနယ်စပ်က CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရအပြီးမှာ ထန်တလန်မှာ ကြားကာလကျောင်းတွေ ပိတ်ဖို့ဖြစ်လာတာပါ။

စစ်တပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက် အပြန်အလှန်စွပ်စွဲခဲ့ကြတဲ့ ထန်တလန်မြို့ပေါ်က နေအိမ်ရာချီ မီးရှို့ခံရမှု ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းဖြစ်ခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် ထန်တလန် ဒေသခံ တွေဟာ အိန္ဒိယနယ်စပ်ကို ထွက်‌ပြေးခဲ့ကြရတာဖြစ်ပြီး ကလေးငယ်တွေက နယ်စပ်တစ်လျှောက်က ကြားကာလစာသင်ကျောင်းတွေမှာ တက်ရောက်နေကြတာဖြစ်ပါတယ်။

‘ကလေးတွေက အခုပုံမှန်ကျောင်းပြန်တက်ချိန်မှာ ကျောင်းပိတ်လိုက်ရသလို ဖြစ်တာပါ။ မီဇိုရမ်ဘက်ရောက်နေတဲ့ကျောင်းသားရော၊ ပြည်တွင်းမှာရှိတဲ့ ထန်တလန်မြို့နယ်ထဲက ကျောင်းသားရော ပေါင်းရင် ကျောင်းသူကျောင်းသားအရေအတွက် ၂ သောင်းနီးပါးရှိတယ် ’ မြို့နယ်ပညာရေးဘုတ်အဖွဲ့ဝင် တစ်ဦးက ပြောပြပါတယ်။

 ကြားကာလပညာရေးကျောင်းမှာတွေ့ရတဲ့ ထန်တလန်ဒေသခံ ကလေးငယ်တွေ

ဓာတ်ပုံ ရင်းမြစ်, ထန်တလန်ပညာရေးဌာန

ဓာတ်ပုံ ပုံစာ, ကြားကာလပညာရေးကျောင်းမှာတွေ့ရတဲ့ ထန်တလန်ဒေသခံ ကလေးငယ်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ထန်တလန်မြို့တွင်းမှာတော့ ပြီးခဲ့တဲ့နှစ် မီးလောင်မှုတွေဖြစ်ပြီးကတည်းက ဒေသခံတွေ နေရပ်မပြန်ကြတော့ဘဲ စစ်တပ်နဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေပဲရှိနေတော့တာကြောင့် တိုက်ပွဲတွေ ဆက်ရှိနေတုန်းလို့ မြေပြင်အခြေအနေသိရှိသူတွေက ဘီဘီစီကို ပြောပြပါတယ်။

 တစ်ချိန်တည်းမှာပဲ ပြီးခဲ့တဲ့နှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေမှာ စာသင်ကျောင်းအချို့မှာ တိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်းထဲမှာလည်း လုံခြုံရေးစိုးရိမ်ချက်တွေနဲ့အတူ ကြားကာလပညာရေးကျောင်းအချို့ အခုရက်ပိုင်းတွေအတွင်း ပြန်ဖွင့်လာနိုင်ပါတယ်။

ကျောင်းတွေပြန်ဖွင့်လာချိန်မှာ လေကြောင်းအန္တရာယ်အတွက် ပြင်ဆင်ထည့်တွက်တာတွေလည်းရှိတယ်လို့ စစ်ကိုင်းတိုင်းထဲက မြို့နယ်အချို့မှာ ကြားကာလ ကျောင်း ၆ ကျောင်းအထိ ဖွင့်နိုင်အောင် ကူညီပေးခဲ့တဲ့ S&C စစ်ကိုင်းမီးဘေး စစ်ဘေးကူညီရေးအဖွဲ့က ဘီဘီစီကိုပြောပါတယ်။

‘ကျောင်းတွေ တိုက်ခိုက်ခံရမှာကို လူထုက စိုးရိမ်ချက်ကတော့ ဆက်ရှိနေတယ်။ ဒါပေမဲ့ စစ်ကြောင်း ထိုးထိုး မထိုးထိုး မီးရှို့ခံရတာတွေက ဆက်ရှိနေတာ ဆိုတော့ မထူးဘူးဆိုပြီး မိဘတွေကိုယ်တိုင်က လက်ခံလာလို့ ကျောင်းတွေ ပြန်ဖွင့်လာနိုင်တာ’’ လို့ အဲဒီအဖွဲ့က ပြောပါတယ်။

စစ်ကိုင်းက ကြားကာလပညာရေးကျောင်း

ဓာတ်ပုံ ရင်းမြစ်, S&C မီးဘေးစစ်ဘေးပညာရေးကူညီစောင့်ရှောက်ရေးအဖွဲ့

ဓာတ်ပုံ ပုံစာ, စစ်ကိုင်းက ကြားကာလပညာရေးကျောင်း

စစ်ကိုင်းမှာ ကျောင်းတွေ ပြန်ဖွင့်ပေမဲ့ မြေပြင်အနေအထားအရ ကျောင်းတွေမှာ ဗုံးခိုကျင်းတူးတာတွေ လုပ်တာမရှိဘဲ စစ်ကောင်စီရဲ့ လေယာဥ်တွေ ပျံသန်းမှုအခြေအနေကို ကင်းထောက်စောင့်ကြည့်ပြီး အချင်းချင်း သတိပေးချက်နဲ့ပဲ လေကြောင်းအန္တရာယ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ထားတယ်လို့လည်း အဲဒီကူညီရေးအဖွဲ့က ဆိုပါတယ်။

‘‘လက်ကမ်းစာစောင်လေးတွေဝေပေးတယ်။ ဘယ်လိုလာရင် ဘယ်လိုရှောင်ရှားကြမယ်ဆိုတာပေါ့။ ဆရာ ဆရာမတွေက အချိန်ပေးပြီး ပညာပေးတာလည်းရှိတယ်။ ဗုံးခိုကျင်းတွေက ကျွန်တော်တို့ဘက်မှာ တူးလေ့တူးထ မရှိဘူးခင်ဗျာ့။ လေကြောင်းအန္တရာယ်အတွက်ဆိုရင်တော့ လေကြောင်းက ဘယ်ကနေ တက်တယ်ဆိုတာ ထောက်ထားပြီးသား။ လေယာဥ်က ကျွန်တော်တို့ဘက်ကို လာပြီဆိုတာနဲ့ ကျွန်တော်တို့ ကြိုတင်ပြီးတော့ သိပါတယ်။ အဲဒါကတော့’’ လို့ S&C အဖွဲ့က ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်ကောင်စီတပ်ဟာ တိုင်းရင်းသားနယ်တွေမှာ အခုနှစ်အစောပိုင်းကာလကစလို့ လေကြောင်းတိုက်ခိုက်မှုတွေ တိုးလုပ်လာနေပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) တပ်မဟာအချို့ကို စစ်ကောင်စီတပ်က ညဘက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေပြုလုပ်ခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ကဆိုရင် စစ်တပ်က ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေထဲမှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် ခရစ်ယာန် သင်းအုပ် ဆရာ ၂ ဦးအပါအဝင် အရပ်သား ၅ ဦးသေဆုံးခဲ့ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရမှာကို စိုးရိမ်မှုတွေ ရှိနေချိန်၊ အရပ်သားထိခိုက်သေဆုံးမှုတွေ ရှိနေချိန်မှာပဲ တအာန်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့(TNLA)ခေါင်းဆောင်ကလည်း သူတို့ဒေသထဲမှာ လေကြောင်းရန် အကာအကွယ်နဲ့ အချက်ပြစနစ်တွေ လေ့ကျင့်ထားကြဖို့ တအန်းအမျိုးသားနေ့ကို ပေးပို့တဲ့သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုထားတာတွေ့ရပါတယ်။

ထန်တလန်မြို့နယ်ထဲက ကြားကာလပညာရေးကျောင်းတစ်ကျောင်း

ဓာတ်ပုံ ရင်းမြစ်, ထန်တလန်ပညာရေးဌာန

ဓာတ်ပုံ ပုံစာ, ထန်တလန်မြို့နယ်ထဲက ကြားကာလပညာရေးကျောင်းတစ်ကျောင်း

ပုံမှန်ဆို အခုလို ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေဟာ အခြေခံပညာအတန်းအများစုအတွက် ပညာသင်နှစ်တစ်နှစ်ပြီးဆုံးခါနီးအချိန်ဖြစ်ပြီး အတန်းတင်စာမေးပွဲကြီးဖြေဆိုဖို့ တာစူနေတဲ့အချိန် ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ လက်နက်ကိုင် ဆန့်ကျင်တော်လှန်မှုတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ကြားမှာ ကလေးငယ်တွေပညာသင်ကြားနိုင်ရေး ကြားကာလပညာရေးကျောင်းတွေဟာ လုံခြုံရေးအခြေအနေကြောင့် လနဲ့ချီ ဆက်ပြီးဖွင့်ထားဖို့ မဖြစ်နိုင်ဘူးဆိုတာ ထန်တလန်မြို့နယ်အတွင်းက ကျောင်းတွေ ပိတ်လိုက်ရတဲ့အခြေအနေက ပြသနေပါတယ်။

‘’ အရေးပေါ် အခြေအနေဖြစ်လာလို့ ကျောင်းတွေ ရက်အကန့်အသတ်မရှိပိတ်လိုက်ရပေမဲ့ တကယ်တော့ ဒီအခြေအနေ ခဏလေးပဲဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ အကဲဖြတ်စစ်ဆေးတဲ့ စာမေးပွဲကိစ္စတို့ ဘာတို့ အပေါ် အထိအခိုက်ရှိဖို့အထိ မဖြစ်လာဖို့ ဆုတောင်းပါတယ်။ ဒီအတိုင်းပဲ မကြာခင်အတွင်း ပြန်ဖွင့်နိုင်မယ်လို့တော့ ကျွန်တော် ယုံကြည်ထားပါတယ်’’ လို့ ထန်တလန်က CDM ကျောင်းအုပ်ကြီး တစ်ဦးက ဆိုပါတယ်။