နိုင်ငံခြားတပ်သားတွေကို ဆီးရီးယားတပ်မှာ ရာထူးကြီးတွေပေးတယ် သတင်းထွက်

ဆီးရီးယားကို အုပ်ချုပ်နေတဲ့ HTS အစ္စလာမ္မစ်အုပ်စုက တပ်ပြန်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဆီးရီးယားကို အုပ်ချုပ်နေတဲ့ HTS အစ္စလာမ္မစ်အုပ်စုက တပ်ပြန်ဖွဲ့
    • ရေးသားသူ, ဆီဘက်စ်ရှန် အာရှာ
    • ရာထူးတာဝန်, ဘီဘီစီသတင်း၊ ဒမတ်စကပ်

နိုင်ငံခြားက အစ္စလာမ္မစ် တပ်သားတချို့ကို ဆီးရီးယား ခေါင်းဆောင်သစ်တွေက ဆီးရီးယားစစ်တပ်မှာ ထိပ်တန်း ရာထူးတွေ ပေးတယ်ဆိုတဲ့ သတင်းထွက်လာပါတယ်။

ဒီလဆန်းက ဘရှားအယ်လ်အာဆတ်ကို ဖြုတ်ချပြီးနောက် ဆီးရီးယားနိုင်ငံကို အခု အုပ်ချုပ်နေတဲ့ HTS ခေါ် ဟာယတ် တတ်ဟရီးယား အယ်လ်ရှမ် အစ္စလာမ္မစ်အုပ်စုက တပ်ကို ပြန်ဖွဲ့နေတာပါ။

ဒီအစိုးရသစ်ရဲ့ လုပ်ရပ်ကို အတည်မပြုနိုင်သေးပေမယ့် နိုင်ငံအနာဂတ်ကို နိုင်ငံခြားသား စစ်သွေးကြွတွေ ခြယ်လှယ်လာနိုင်သလား ဆီးရီးယား နိုင်ငံထဲမှာရော ပြင်ပမှာပါ မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။

ဆီးရီးယား ပြည်တွင်းစစ် ၁၃ နှစ်အတွင်း သူတို့ပါဝင်ပတ်သက်မှုကြောင့် စစ်မီးကို ပိုကြမ်းတမ်း ရက်စက် လာစေခဲ့ပါတယ်။

ပြည်ပက လာတဲ့ ဂျီဟတ်ဝါဒီတွေကို အစွန်းရောက် အတွေးအခေါ်တွေ ဆီးရီးယားမှာ ပြန့်ပွားဖို့ ကြိုးစားသူတွေလို့ ရှုမြင်ကြပါတယ်။ အာဆတ်အလွန် နိုင်ငံမှာ ဒီလို အစွန်းရောက်ဝါဒတွေကို လက်မခံဘူးလို့ ဆီးရီးယား လူ့အဖွဲ့အစည်း နေရာစုံက လူတွေက အခု ပြောနေကြပါတယ်။

စစ်ရာထူးအသစ် ၅၀ လောက် ကြေညာရာမှာ အနည်းဆုံး ခြောက်ခုကို နိုင်ငံခြားသားတွေကို ပေးကြောင်း ဆီးရီးယား သတင်းရင်းမြစ် အများအပြားက မှတ်ချက်ပေးပါတယ်။

သတင်းမှာပါတဲ့ နာမည်စာရင်းအရ တရုတ် ဝီဂါတွေအပြင် ဂျော်ဒန်နဲ့ တူရကီ နိုင်ငံသား တယောက်စီပါ ခန့်အပ်ခံရတဲ့ထဲ ပါတယ်လို့ ဆိုပါတယ်။ ဒီလူအားလုံးကို ဗိုလ်မှူးကြီးနဲ့ ဗိုလ်မှူးချုပ်လို ထိပ်တန်းရာထူးတွေ အပေးခံရတာလို့ ဆိုပါတယ်။

ဆီးရီးယားပြည်တွင်းစစ်အတွင်း အဖွဲ့ပေါင်းစုံဆီမှာ ဝင်တိုက်ကြတဲ့ နိုင်ငံခြား လက်နက်ကိုင်တွေရဲ့ ကဏ္ဍက ဆီးရီးယားမှာ ပြောစရာ ဖြစ်နေပါတယ်။

နိုင်ငံစုံက ထောင်နဲ့ချီတဲ့ ပြည်ပတပ်သားတွေ သမ္မတအာဆတ်ကို ဆန့်ကျင်တဲ့ အုံကြွမှုမှာ ဝင်ပြီး ပူးပေါင်းခဲ့ကြပါတယ်။

ဒီအုံကြွမှုကလည်း ဆန္ဒပြပွဲကြီးတွေကို လုံခြုံရေးတပ်တွေက အင်အားသုံး နှိမ်နင်းရာကနေ ဖြစ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခကြီး ဖြစ်ပါတယ်။

ဆီးရီးယားအရှေ့ပိုင်းမှာ နယ်မြေအကျယ်ကြီး ထိန်းချုပ်ခဲ့တဲ့ အစ္စလာမ္မစ်နိုင်ငံအုပ်စုနဲ့ ပေါင်းသူတွေ ရှိသလို တချို့ကလည်း ကိုယ့်အုပ်စု ကိုယ်ဖွဲ့ကြပါတယ်။

HTS နဲ့ ဆီးရီးယား ခေါင်းဆောင် အာမက် အယ်လ် ရှာရာ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, HTS နဲ့ ဆီးရီးယား ခေါင်းဆောင် အာမက် အယ်လ် ရှာရာ

HTS ကို ဆန့်ကျင်သူတွေက တော့ ဒီအဖွဲ့ကို နိုင်ငံခြားက ဂျီဟတ်ဝါဒီတွေ အများကြီးပါတဲ့ အဖွဲ့ဆိုပြီး စွပ်စွဲနေတာ ကြာပါပြီ။ အာဆတ်ကို ထောက်ခံသူတွေကလည်း HTS အဖွဲ့ရဲ့ နောက်ဆုံး အနိုင်ရ ထိုးစစ်မတိုင်မီမှာ အဖွဲ့ကို နာမည်ဖျက်ဖို့ ဒီလိုစွပ်စွဲခဲ့ကြပါတယ်။

ဒါပေမဲ့လည်း HTS နဲ့ အခု ဆီးရီးယား ခေါင်းဆောင် အာမက် အယ်လ် ရှရာက အစ်ဒလစ်ဘ်က သူပုန်နယ်မြေကို အုပ်ချုပ်နေတဲ့ နှစ်တွေအတွင်း ဒီနိုင်ငံခြားတပ်သားတချို့ကို ရှင်းထုတ်ပစ်ခဲ့ပြီး သူ့အဖွဲ့ဟာ ဂျီဟတ်ဝါဒီတွေရဲ့ တပ်မဟုတ်ဘဲ အမျိုးသားရေးတပ်သာ ဖြစ်ကြောင်း အခိုင်အမာပြဖို့ ကြိုးစားခဲ့ပါတယ်။

အာဏာရပြီးနောက်ပိုင်း အယ်လ်ရှရာပေးတဲ့ သတင်းစကားမှာလည်း လူ့အဖွဲ့အစည်းအားလုံးကို လေးစား ဆက်ဆံတဲ့ ပူးပေါင်းပါဝင်မှုရှိတဲ့ ညီညွတ်တဲ့ ဆီးရီးယား နိုင်ငံဆိုတဲ့ ပုံရိပ်ကို အလေးပေးပြောပါတယ်။

ဒမတ်စကပ်မှာ စစ်ရေးပြနေတဲ့ HTS တပ်သားများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒမတ်စကပ်မှာ စစ်ရေးပြနေတဲ့ HTS တပ်သားများ

သူ့စကားနဲ့ သူ့လုပ်ရပ်တွေ မညီမှာ စိုးရိမ်ကြသူတွေအတွက် ဒီလို ထင်ရှားတဲ့ နိုင်ငံခြားတပ်သားတချို့ကို ရာထူးတွေပေးတယ်ဆိုတဲ့ လုပ်ရပ်က ထပ်ပြီး တွေးစရာ ရစေနိုင်ပါတယ်။

အာဆတ် အစိုးရကို ဖယ်ရှားတဲ့ နောက်ဆုံးတိုက်ပွဲမှာ အရေးကြီးတဲ့အခန်းက ပါခဲ့ကြတဲ့ ဆီးရီးယားနဲ့ ပြည်ပကနေ ဝင်တိုက်ပေးတဲ့ တပ်သားတွေကို ဆုချတဲ့ ပုံစံမျိုး ဒီလို ရာထူးတွေ ခန့်အပ်ပုံရပါတယ်။

ဒီ အကြောင်းပြချက်နဲ့ပဲ ကျန်နေခဲ့တဲ့ နိုင်ငံခြားတပ်သားတွေနဲ့ မိသားစုတွေကို ဆီးရီးယားနိုင်ငံသား ပေးလာနိုင်ပါတယ်။

ဆီးရီးယား နိုင်ငံရေးနဲ့ လူမှုရေး မူဘောင်သစ်ကို ကူးပြောင်းချိန်မှာ ဒီလိုကိစ္စမျိုးက ရှုပ်ထွေးမှုတွေ ဖြစ်လာစေနိုင်ပါတယ်။

အခုလည်း နိုင်ငံရဲ့ နေရာစုံ အလွှာစုံက ကိုယ်စားလှယ်တွေကို စုစည်းပေးမယ့် အမျိုးသား ဆွေးနွေးပွဲ ကွန်ဖရင့်ကို အာဏာပိုင်အသစ်တွေက အလေးပေး ပြောနေကြပေမယ့် ဘယ်အချိန် ကျင်းပမယ်ဆိုတာ ရက် မသတ်မှတ်ရသေးပါဘူး။

ပြိုလဲ ကွဲပြားနေတဲ့ နိုင်ငံရဲ့ မဏ္ဍိုင်တွေကို ပြန်တည်ဆောက်ဖို့ ဒီကွန်ဖရင့်က စီစဉ်သတ်မှတ်ပေးနိုင်မယ်လို့ မျှော်လင့်ထားကြပါတယ်။