DIOR လက်ကိုင်အိတ် လက်ဆောင် လက်ခံလို့ တောင်ကိုရီးယား သမ္မတကတော် ဝေဖန်ခံရ - ဖေဖော်ဝါရီ ၈ ရက် နိုင်ငံတကာသတင်းများ

S Korea

ဓာတ်ပုံ ရင်းမြစ်, VOICE OF SEOUL/YOUTUBE

ဓာတ်ပုံ ပုံစာ, သမ္မတ ကတော်က လက်ကိုင်အိတ် လက်ခံယူလိုက်တာကို လာပေးတဲ့ သူက လျှို့ဝှက်ကင်မရာနဲ့ ရိုက်ယူခဲ့

တန်ဖိုးကြီးအသုံးအဆောင် ဖြစ်တဲ့ ဒီရော (DIOR) တံဆိပ် လက်ကိုင်အိတ် တလုံးကို တောင်ကိုရီးယား သမ္မတ ကတော်က လက်ဆောင်အဖြစ် လက်ခံယူ လိုက်တဲ့အတွက် ဝေဖန်မှုတွေ ရက်သတ္တပတ် အတော်ကြာ ထွက်လာခဲ့တဲ့နောက် သမ္မတ ယွန်ဆပ်ခ်ယိုးက သူ့ဇနီးဘက်ကနေ ကာကွယ်ပြောလိုက်ပါတယ် ။

သမ္မတ ကတော် ကင်ကွန်ဟီက ဒီလက်ကိုင်အိတ် လက်ခံယူလိုက်တာကို လာပေးတဲ့ သူက လျှို့ဝှက်ကင်မရာနဲ့ ရိုက်ယူခဲ့ပြီး ဒီအဖြစ်က ၂၀၂၂ ခုနှစ် စက်တင်ဘာလတွင်းက ဖြစ်ခဲ့တာပါ။

ဗီဒီယိုကတော့ အများပြည်သူကြားကို ဒီကာလအတွင်းမှာ ရောက်လာခဲ့ကာ ဒီအရှက်ရဖွယ် သတင်းက တောင်ကိုရီးယားမှာ ခေါင်းစည်းသတင်း ဖြစ်နေခဲ့ ပါတယ်။

မစ္စတာယွန်က ဒါက နိုင်ငံရေးအရ လှည့်ပတ်ကစားကွက်ဖြစ်တယ်လို့ ဆိုကာ သူ့ဇနီး အနေနဲ့ ခပ်ပြတ်ပြတ်ပဲ လက်ဆောင်ကို မငြင်းလိုက်နိုင်တာကတော့ နောင်တရဖွယ် ဖြစ်တယ်လို့ ပြောပါတယ်။

အခု DIOR လက်ကိုင်အိတ်ဟာ ဒေါ်လာ ၂၀၀၀ ကျော် တန်ဖိုးရှိပါတယ်။

ပါကစ္စတန်ရွေးကောက်ပွဲကျင်းပစဉ် မိုဘိုင်းဖုန်းကွန်ရက်တွေ ဖြတ်ထားလို့ ဝေဖန်နေကြ

Pakistan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပါကစ္စတန်မှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပနေပြီး နိုင်ငံတဝန်းမှာ လူတွေ သန်းနဲ့ချီပြီး မဲတွေ ပေးနေတဲ့ ကာလမှာ မိုဘိုင်းဖုန်း ကွန်ရက်တွေ၊ အင်တာနက်တွေကို ပါကစ္စတန် အစိုးရက ကန့်သတ်ထားတဲ့ အပေါ် အတိုက်အခံပါတီတွေက ရှုတ်ချလိုက်ပါတယ်။

အကျဉ်းထောင်ထဲ ရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန် ခန်းက ဒါဟာ နိုင်ငံသားတွေရဲ့ အခွင့်အရေးကို တမင်သက်သက် နှိပ်ကွပ်တာဖြစ်တယ်လို့ ပြောပါတယ်။

အာဏာပိုင်တွေကတော့ လုံခြုံဘေးကင်းရေး ထိခိုက်လာနိုင်လို့ အခုလို လုပ်ဆောင်တာလို့ ဆိုပါတယ်။

မဲပေးတာကို နှောင့်ယှက်ဖို့ လုပ်ဆောင်ကြတာတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံအနောက်မြောက်ပိုင်းက ဒါရာ အစ္စမေးလ် ခန်း ခရိုင်မှာ သေနတ်သမားတွေက ဗုံးခွဲပြီး သေနတ်နဲ့ ပစ်ကြလို့ ရဲ ၅ ယောက် သေဆုံးခဲ့ပါတယ်။

ဘလူချီစတန် ပြည်နယ်မှာ မဲရုံ ၂ ခု လက်ပစ်ဗုံးနဲ့ ပစ်ပြီး ဗုံးခွဲတာ ခံခဲ့ရပါတယ်။

အပူချိန် ၁.၅ ဒီဂရီ ရာသီဥတု ရည်မှန်းချက်နဲ့ လွဲချော်လာပြီဖြစ်

climate

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရာသီဥတုဆိုင်ရာ အထင်ကရ ရည်မှန်းချက်ဖြစ်တဲ့ ၂၀၁၅ ပဲရစ် သဘောတူညီချက်က ရည်မှန်းချက်တွေကို လွဲချော်နေပြီလို့ ရာသီဥတုပြောင်းလဲရေးဆိုင်ရာ ဥရောပ ပညာရှင်တွေက ပြောပါတယ်။

ကမ္ဘာ့ ရာသီဥတုဟာ စက်မှုတော်လှန်ရေး မတိုင်မီခေတ်ထက် ပျမ်းမျှအားဖြင့် ၁.၅ ဒီဂရီစင်တီဂရိတ် အပူချိန်ပိုများလာတာက ပထမဆုံးအနေနဲ့ တနှစ်လုံးလုံး ရှိလာပြီ လို့ ဥရောပသမဂ္ဂရဲ့ ရာသီဥတုဌာနဖြစ်တဲ့ ကိုပါးနီးကပ်စ် (Copernicus) ရဲ့ သုတေသန တခုက ပြဆိုနေပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ရည်မှန်းချက်ချ လုပ်ကိုင်တာတွေ မရှိတာကြောင့် ၃ ဒီဂရီ စင်တီဂရိတ် တိုးလာမယ့်အထိ ဖြစ်လာနေတယ်။

အခုကတည်းက ဖြစ်နေတဲ့ ဆိုးကျိုးသက်ရောက်မှုတွေက လူတိုင်းကို ပိုပြီး ဆင်းရဲလာစေနေတယ်လို့ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂရဲ့ နိုင်ငံတကာအစိုးရများ အဖွဲ့ ဥက္ကဋ္ဌဟောင်း ဆာ ရောဘတ် ဝက်ဆင်က ပြောပါတယ်။

ပူတင်နဲ့ ပြိုင်မယ့် စစ်ဆန့်ကျင်ရေး နိုင်ငံရေး သမားကို ရွေးကောက်ပွဲ ကော်မရှင်က ပယ်

Russia

ဓာတ်ပုံ ရင်းမြစ်, MAXIM SHIPENKOV/EPA-EFE/REX/SHUTTERSTOCK

ဓာတ်ပုံ ပုံစာ, ရုရှား တရားရုံးချုပ်ကို အယူခံတင်မယ်လို့ ဘောရစ် နက်ဒက်စ်ဒင်က ပြော

ရုရှားက လာမယ့် သမ္မတရွေးကောက်ပွဲမှာ စစ်ကို ဆန့်ကျင်ပြီး ဗလာဒီမီယာ ပူတင်နဲ့ ယှဉ်ပြိုင်ရွေးကောက်ခံမယ့် နောက်ဆုံးလက်ကျန် နိုင်ငံရေးသမားကို ရွေးကောက်ပွဲ ကော်မရှင်က ပိတ်ပင်လိုက်ပါတယ်။

နောက်လမှာလုပ်မယ့်ရွေးကောက်ပွဲကို ဝင်ဖို့ ဘောရစ် နက်ဒက်စ်ဒင် က လိုအပ်တဲ့ ထောက်ခံမှု လက်မှတ်တွေ မရခဲ့ဘူးလို့ ဆိုကာ ဗဟိုရွေးကောက်ပွဲ ကော်မရှင်က သူ့ကို ပယ်လိုက်ပါတယ်။

ရုရှား တရားရုံးချုပ်ကို အယူခံတင်မယ်လို့ မစ္စတာ နက်ဒက်စ်ဒင်က ပြောပါတယ်။

မြို့တွေအများအပြားမှာတော့ လူပေါင်းများစွာဟာ အဲဒီ မထင်မရှား နိုင်ငံရေးသမားအတွက် ထောက်ခံတဲ့ လက်မှတ်ထိုးပေးဖို့ တန်းစီ စောင့်ဆိုင်းခဲ့ကြပါတယ်။

မစ္စတာပူတင်ကို ဝေဖန်ရာမှာ ထင်ရှားတဲ့ သူတွေထဲ ထောင်ထဲရောက်သွားတာတွေ၊ ပြည်ပကို ထွက်ပြေးတိမ်းရှောင်ရတာတွေ ပိုများလာပါတယ်။