ဂါဇာထိုးစစ်အပေါ် အစ္စရေးမှာ မေးခွန်းထုတ် - ဇန်နဝါရီ ၂၃ ရက် ညနေခင်းသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂါဇာမှာ တိုက်ခိုက်မှုတွေကို အလုံးစုံအောင်မြင်တဲ့အထိ ရပ်တန့်မှာ မဟုတ်ဘူးလို့ အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျာမင် နက်တန် ရာဟူးက ပြောကြားလိုက်ပါတယ်။
အစ္စရေး စစ်တပ်ရဲ့ ထိုးစစ်စကတည်းက အဆိုးရွားဆုံး ဖြစ်ရပ် တခုဖြစ်တဲ့ အစ္စရေး စစ်သား ၂၁ ယောက် သေဆုံးခဲ့ရတဲ့ကိစ္စပေါ်ပေါက်လာစဉ်မှာ သူက အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။
အဆောက်အအုံ ၂ ခုကို မိုင်းခွဲ ဖြိုချဖို့ အစ္စရေးစစ်သားတွေ အထဲမှာ ရှိနေစဉ် ဒုံးကျည်တခုနဲ့ ပစ်ခတ်ခံရပြီးသေဆုံးသွားတာ ဖြစ်ပါတယ်။
ကျဆုံးသွားသူတွေထဲက အစ္စရေးစစ်သားတယောက်ရဲ့ စျာပန ဂျေရုဆလင်မှာ ကျင်းပခဲ့ရာမှာ လူပေါင်း ၂၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
အခုလို အစ္စရေးစစ်သားအများအပြား ဖြစ်ရပ်တခုအတွင်းမှာ သေဆုံးခဲ့ရတဲ့အတွက် လူအများက စိတ်မကောင်းဖြစ်နေကြပြီး ဂါဇာထိုးစစ်ရဲ့ ရည်ရွယ်ချက်၊ ဦးတည်ချက်တွေ အပေါ် မေးခွန်းသစ်တွေ ထုတ်နေကြပါတယ်။
တချိန်တည်းမှာ ဂါဇာတောင်ပိုင်း ဟန်းယူနစ်မြို့ကို ဝိုင်းထားလိုက်ပြီလို့ အစ္စရေး စစ်တပ်က ပြောပါတယ်။
အဲဒီတဝိုက်မှာ တိုက်ပွဲတွေ ပြင်းထန်နေတာ လွန်ခဲ့တဲ့ ရက်ပိုင်းတွေကတည်းက ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၄ နာရီ အတွင်း အစ္စရေး လက်ချက်ကြောင့် ပါလက်စတိုင်း ၁၉၅ ယောက် သေဆုံးခဲ့ပြီး အယောက် ၃၅၀ ဒဏ်ရာရခဲ့တယ်လို့ ဂါဇာ ကျန်းမာရေးဌာနက ပြောပါတယ်။
အစ္စရေးဘက်က ပစ်တဲ့ လက်နက် သူတို့ရုံးကို ထိလို့ ဒဏ်ရာရသွားသူတွေ ရှိခဲ့ပြီး ဆေးရုံပို့ထားရတယ်လို့ ပါလက်စတိုင်း လခြမ်းနီ အဖွဲ့က ပြောပါတယ်။
စစ်မဲ့ဇုန်လို့ သတ်မှတ်ထားတဲ့ ကမ်းရိုးတန်း တလျောက်က အယ်လ် မဝါစီ အရပ်ကို အစ္စရေး စစ်တပ်က ဆက်လက် ထိုးစစ်ဆင်နေပါတယ်။
ဝိဂါအရေးနဲ့ ဟောင်ကောင် ဒီမိုကရေစီအရေး ဖြိုခွင်းမှုတွေကြောင့် တရုတ်အစိုးရ ဝေဖန်ခံရ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံဟာ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး အိုင်ယာလန် ၊ နယူးဇီလန် ၊ ဂျပန် တို့နဲ့အတူ ကုလသမဂ္ဂ သုံးသပ်မှု အစီရင်ခံစာမှာ အပြင်းအထန် ဝေဖန် ခံနေရပါတယ်။
တရုတ်အစိုးရရဲ့ မွတ်ဆလင် ဝိဂါ အများအပြားကို ထိန်းသိမ်းထားမှုနဲ့ ဟောင်ကောင်က ဒီမိုကရေစီ အရေး တက်ကြွသူတွေကို ချေမှုန်းမှုတွေ အပေါ် ဝေဖန်ခံနေရတာပါ။
ရှင်ကျန်းဒေသမှာ ဝိဂါနဲ့ တခြား မွတ်ဆလင်တွေအပေါ် တရုတ်အစိုးရက လူသားမျိုးနွယ် အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု ချိုးဖောက်နေတယ်လို့ ကုလအစီရင်ခံစာထဲမှာ စွပ်စွဲထားပါတယ်။
ဒီစွပ်စွဲချက်တွေ အားလုံးကို တရုတ်ဘက်က ငြင်းဆိုထားပါတယ်။
တဖက်မှာလည်း ဆင်းရဲနွမ်းပါးမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ တရုတ်အစိုးရ လုပ်ဆောင်ချက်တွေကို တခြား နိုင်ငံတွေက ချီးမွမ်းထားပါတယ်။
ကုသလမဂ္ဂ အစီရင်ခံစာကို တရုတ် နိုင်ငံခြားရေး ၀န်ကြီးဌာနက ဒီနေ့ အင်္ဂါနေ့ အစောပိုင်းတုန်းကတော့ တစုံတရာတုံ့ပြန်မှု မရှိသေးပါဘူး။
လီဆောင်ဂျွန်း သေဆုံးမှုနဲ့ ပတ်သက်လို့ စုံစမ်းရေးမှူးတွေက ရဲစခန်းကို ၀င်ရောက် စီးနင်းရှာဖွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုရီးယား မင်းသား လီဆောင်ဂျွန်း သေဆုံးမှုနဲ့ ပတ်သက်လို့ ပြည်နယ်စုံစမ်းရေးမှူးတွေက ဒေသန္တရ ရဲစခန်းကို ဝင်ရောက် စီးနင်းခဲ့ပါတယ်။
သူဟာ အော်စကာဆုရ ပါရာဆိုက်ထ် ဇာတ်ကားမှာ ပါဝင် သရုပ်ဆောင်ခဲ့တဲ့ မင်းသား ဖြစ်ပြီး ရဲက သူ့ကို ခေါ်ယူမေးမြန်းပြီး ၃ ရက်မြောက်နေ့မှာ သူ့ကိုယ်သူ အဆုံးစီရင်သွားတာ ဖြစ်ပါတယ်။
သူမသေခင်တုန်းကတော့ သူဘာမှ အမှားအယွင်း မလုပ်ထားဘူးလို့ သူက ထွက်ဆို ထားခဲ့ပါတယ်။
မစ္စတာလီ ရဲစခန်းကို လာရောက် အစစ်ခံမှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် ပေါက်ကြား ထွက်ပေါ်လာမှုနဲ့ ပတ်သက်လို့ သံသယ ရှိတဲ့အတွက် အင်ချွန်းမြို့က ရဲစခန်းကို စုံစမ်းရေးမှူးတွေ ဝင်ရောက် စစ်ဆေးတာ ဖြစ်ပါတယ်။
တောင်ကိုရီးယားမှာ ကျော်ကြားတဲ့ အနုပညာရှင်တွေ မူးယစ်ဆေးသုံးပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေမှုတွေနဲ့ ပတ်သက်လို့ မေးခွန်းထုတ်နေတဲ့ ကြားက အခုလို မစ္စတာ လီဆောင်ဂျွန်းရဲ့ သေဆုံးမှု ထွက်ပေါ်လာတာပါ။
ဒါ့အပြင် ဒီလိုမျိုး အရှုပ်တော်ပုံတွေနဲ့ ပတ်သက်လို့လည်း ရဲတပ်ဖွဲ့အနေနဲ့ အရေးယူပေးဖို့ ကျယ်ကျယ်ပြန့်ပြန့် တောင်းဆိုမှုတွေ ရှိနေပါတယ်။
ဒူတာတေး မူးယစ်ဖြိုခွင်းမှုစုံစမ်းရေးကို ICC နဲ့ ပူးပေါင်းမှာ မဟုတ်ဘူးလို့ လက်ရှိသမ္မတ အမိန့်ထုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖိလစ်ပိုင် သမ္မတဟောင်း ဒူတာတေးလက်ထက်က မူးယစ်တိုက်ဖျက်ရေး အစီအစဉ်အပေါ် နိုင်ငံတကာရာဇဝတ် တရားရုံး အိုင်စီစီ က စုံစမ်းစစ်ဆေးနေတာနဲ့ ပတ်သက်လို့ ပူးပေါင်းဆောင်ရွက်မှာ မဟုတ်ဘူးလို့ လက်ရှိ သမ္မတက ပြောကြားလိုက်ပါတယ်။
ပြည်တွင်းမှာ အိုင်စီစီ ကိုယ်စားလှယ်တွေအတွက် အလုပ်လုပ် မပေးဖို့ ဌာနဆိုင်ရာတွေကို အမိန့်ထုတ် ထားတယ်လို့ သမ္မတ ဖာဒီနန် မားကို့စ် ဂျူနီယာက ပြောပါတယ်။
ဒူတာတေး လက်ထက်တုန်းက အဲဒီမူးယစ်တိုက်ဖျက်ရေး စီမံကိန်း အတွင်း လူတွေ ထောင်ချီ သေဆုံးခဲ့ပါတယ်။
အိုင်စီစီရဲ့ စုံစမ်းစစ်ဆေးမှုဟာ ဖိလစ်ပိုင်ရဲ့ အချုပ်အချာအာဏာကို ချိုးဖောက်တာ ဖြစ်တယ်၊ အစိုးရအနေနဲ့ အကူအညီမပေးသင့်ဘူးလို့ ထင်မြင်ယူဆကြောင်း မစ္စတာ မားကို့စ်က ပြောပါတယ်။
မစ္စတာ ဒူတာတေး အာဏာ လက်ဝယ် ရှိစဉ်ကတော့ နိုင်ငံတကာရဲ့ စုံစမ်း စစ်ဆေးမှုကနေ ၂၀၁၉ တုန်းက ဖိလစ်ပိုင် နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။








