မိုခါ၊ စစ်ကောင်စီနဲ့ မုန်တိုင်းအလွန်နေ့ရက်များ

ရခိုင်ပြည်မြို့တော် စစ်တွေမြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ ဗေဒါကျေးရွာဟာ မိုခါမုန်တိုင်းဒဏ်ကြောင့် လူ ၂၀ လောက်သေဆုံးခဲ့ပြီး တရွာလုံးနီးပါး အပျက်အစီးပုံ အဖြစ်ကို နေ့တွင်းချင်းမှာ ပြောင်းလဲသွားခဲ့ရပါတယ်။
ဗေဒါ ကျေးရွာဟာ ဘင်္ဂလားပင်လယ်ဝနဲ့ ကုလားတန်မြစ်ဝ အနီးမှာတည်ရှိနေတာကြောင့် မုန်တိုင်းဒဏ်ကို မကြာခဏ ကြုံတွေ့ကြရပေမယ် ပြီးခဲ့တဲ့ မေလ ၁၄ ရက်နေ့က လေတိုက်နှုန်း မိုင် ၁၃၀ ကျော်နဲ့ ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ မိုခါ မုန်တိုင်းကြောင့် ရွာလုံးကျွတ် အထိနာခဲ့ရပါတယ်။
ငါးဖမ်းလုပ်ငန်းနဲ့ အများစုက အသက်မွေးဝမ်းကျောင်းပြုကြတဲ့ ဒီကျေးရွာမှာ အခုဆိုရင် နေအိမ်တွေ ပျက်စီးသွားတဲ့အပြင် ငါးဖမ်းလှေတွေ၊ စက်တွေ၊ ပိုက်တွေကိုလည်း ဆုံးရှုံးခဲ့ရပါတယ်။
ကျေးရွာအတွင်းက လူဦးရေနှစ်ထောင် ကျော်ခန့်ဟာ မုန်တိုင်းသတိပေးချက်တွေကို ကြိုတင်ရရှိခဲ့တာကြောင့် အန္တရာယ်ကို ရှောင်ရှားနိုင်ခဲ့ပေမယ့် လူ ၁၀၀ ကျော်က တော့ ရွာမှာပဲ ကျန်နေခဲ့ ကြပြီး အဲဒီထဲက လူ ၂၀ ကျော်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သူတို့ကျေးရွာကို ပြန်လာတဲ့အခါ နေထိုင်စရာ၊ လုပ်ကိုင်စားသောက်စရာ ဘာမှမရှိတော့တဲ့ဘဝကို ရောက်သွားခဲ့ကြတယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။။
လက်ရှိမှာ ကူညီကယ်ဆယ်ရေးတွေကို မှီခိုပြီး စားသောက်နေရတဲ့ ရွာသားတွေဟာ မကြာသေးမီက ထွက်ပေါ်ခဲ့တဲ့ “မုန်တိုင်းသင့်ဒေသတွေမှာ ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကို ပြည်နယ်စစ်ကောင်စီက ခရီးသွားလာခွင့် ပိတ်ပင်လိုက်တယ်”ဆိုတဲ့ သတင်းကြောင့်လည်း စိုးရိမ်မှုတွေရှိနေကြပါတယ်။
မုန်တိုင်းတိုက်ခိုက်ခဲ့တာ တစ်လကြာလာတဲ့အထိ သူတို့အများစုဟာ အမိုးအကာ အောက်မှာမနေရ သေးသလို စားသောက်ရေး အတွက် ပူပန်နေရဆဲ ဖြစ်တယ်လို့ ဗေဒါရွာသားတစ်ဦးက ပြောပါတယ်။
လာမယ့် ဇွန်လ ၁၄ ရက်နေ့ဟာ မိုခါဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ခဲ့တာ တစ်လပြည့်တဲ့နေ့ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်ဟာ နှစ်စဉ် အခုလိုမုတ်သုံအကြိုကာလကိုရောက်လို့ရှိရင် မုန်တိုင်းတွေနဲ့ကြုံရလေ့ရှိတဲ့ ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ မိုခါလိုပြင်းအား၊ ဖျက်အားကြီးမားတဲ့ မုန်တိုင်းမျိုးကတော့ မကြုံစဖူးကြုံခဲ့ကြရတာလို့ ဒေသခံတွေက ပြောပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆိုင်ကလုန်းမိုခါကြောင့် ရခိုင်ပြည်နယ်က မြို့နယ်ပေါင်း ၁၇ မြို့နယ် အားလုံးထိခိုက်ပျက်စီးခဲ့ပါတယ်
မိုခါဖြတ်သန်းရာလမ်းကြောင်းမှာရှိတဲ့ ရသေ့တောင်၊ စစ်တွေ၊ ပုဏ္ဏားကျွန်း၊ မြို့နယ်တွေမှာတော့ ပျက်စီးမှုအများဆုံးအခြေနေ ကို မြင်တွေ့ရမှာပါ။ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တောမြို့နယ်တွေကတော့ ထိခိုက်ပျက်စီးမှု ဒုတိယနေရာမှာရှိနေပါတယ်။ ကျန်မြို့နယ်တွေကတော့ သက်သာရာရခဲ့ကြတဲ့အခြေနေမျိုးလို့ဆိုရမှာပါ။
မုန်တိုင်းကြောင့် ပျက်စီးမှုဒဏ်ကို ဆိုးဆိုးရွားရွားခံစားခဲ့ကြရတာက ကျေးလက်နေပြည်သူတွေဖြစ်ပါတယ်။ တချို့ကျေးရွာတွေဆိုလို့ရှိရင် နေအိမ်တွေ တစ်အိမ်မှမရှိတော့တဲ့အထိ ပျက်စီးခဲ့တာပါ။ တချို့ရွာတွေမှာဆို သုံးလေးအိမ်လောက်ပဲ ကျန်ခဲ့တာကိုတွေ့ရတယ်လို့ အကူအညီပေးရေးလုပ်နေသူတွေက ပြောပါတယ်။
စစ်ကောင်စီကပြုစုတဲ့စာရင်းတွေအရ လူနေအိမ်နဲ့ တခြားအဆောက်အဦးပေါင်း ၂၇၃၇၂၃ လုံးပျက်စီးခဲ့ရပါတယ်။ ပျက်စီးဆုံးရှုံးမှုတန်ဖိုးကတော့ ငွေကျပ်သန်းပေါင်း ၄၇၄၉၀၉ ရှိပြီး သေဆုံးသူပေါင်း ၁၄၃ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၉၄ ဦးနဲ့ လေဘေးသင့်ပြည်သူပေါင်း ၁၁၅၄၆၄၅ ဦးရှိတယ်လို့ဆိုပါတယ်။
လူသေဆုံးမှုအများဆုံးကတော့ စစ်တွေမြို့နယ်နဲ့ ရသေ့တောင်မြို့နယ်တွေမှာဖြစ်ကြပါတယ်။ စစ်တွေမြို့နယ်အတွင်းက ပင်လယ်ကမ်းခြေတွေမှာနေထိုင်ကြတဲ့ မွတ်ဆလင် ၁၀၀ ကျော်သေဆုံးခဲ့တယ်လို့ စစ်ကောင်စီကို ကျေးရွာအလိုက် တင်ပြကြတဲ့ စာရင်းတွေအရသိရပါတယ်။
လူသေဆုံးမှုများခဲ့တဲ့ အဲ့ဒီကျေးရွာတွေကို ဘီဘီစီက သွားရောက်ခဲ့တဲ့အချိန်မှာတော့ အဲ့ဒီရွာသားတွေဟာ ကြိုတင်ပြောင်းရွှေ့နေကြပေမယ့် ကျေးရွာအတွင်းစောင့်ရှောက်ပြီးကျန်နေခဲ့တဲ့ သူတွေထဲ သေဆုံးသွားခဲ့ကြတယ်လို့ ရွာသားတွေက ပြောဆိုကြပါတယ်။


ကျေးရွာတွေနဲ့ ဒုက္ခသည်စခန်းတွေရှိတဲ့နေရာတွေကို ပင်လယ်ဒီရေဝင်ရောက်လာခဲ့ပြီး လူတွေမျောပါသွားပြီးတော့ လေအားရေအားတွေကြောင့် နစ်မြုပ်သွားခဲ့ကြတာလို့ ကိုယ်တိုင်ကြုံခဲ့ရသူတွေကပြောဆိုကြပါတယ်။ တချို့ဆိုလို့ရှိရင် မိသားစုတစ်စုတည်းက လေးငါးဦးထိ သေဆုံးခဲ့ကြတာတွေလည်းရှိပါတယ်။
နောက်ပြီးတော့ ရသေ့တောင်မြို့နယ်အတွင်းမှာလည်း မုန်တိုင်းခိုနေကြတဲ့ အဆောက်အဦးတွေ ပြိုပြီးလူဆယ်ချီသေဆုံးခဲ့ကြရှိပါတယ်။
စစ်တွေမှာလည်း လူတွေအများအပြားမုန်တိုင်းဝင်ခိုနေကြတဲ့ အလိုတော်ပြည့်ဘုန်းတော်ကြီးကျောင်းက အဆောက်အဦးပြိုပျက်ပြီး မုန်တိုင်းခိုနေတဲ့ အမျိုးသမီးတစ်ဦးရဲ့ဗိုက်မှ မှန်စဝင်ပြီးတော့သေဆုံးသွားခဲ့ပါတယ်။

“မုန်တိုင်းအလွန်နေ့ရက်များ”


မိုခါရဲ့ ဖျက်အားကြောင့် ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ် ၇ ခုလောက်ဟာ ရစရာမရှိတော့အောင် ပျက်စီးသွားခဲ့တာပါ။
ဆေးရုံဆေးခန်းကအစ အိုးအိမ်တိုက်တာ အဆောက်အဦးတွေပြိုပျက်ခဲ့ရတယ်။ ကျောင်းဖွင့်ရာသီ ကလေးငယ်တွေစာသင်ဖို့ ကျောင်းဆောင်တွေလည်း ပြိုပျက်သွားခဲ့ပါတယ်။ နှစ်ပေါင်းရာနဲ့ချီပြီး ထိန်းသိမ်းထားကြတဲ့သစ်ပင်တွေ၊ လူတွေစိုက်ပျိုးထားကြတဲ့ သီးနှံပင်တွေ၊ သစ်သီးဝလံပင်တွေလည်း ပျက်စီးခဲ့ရပါတယ်။ လူတွေနေစရာအိမ်မရှိတော့အောင် ဖြစ်ခဲ့ရတယ်။
မုန်တိုင်းနဲ့အတူ ပင်လယ်ရေတွေမြင့်တက်ခဲ့တာကြောင့် မြေနိမ့်ပိုင်းနေရာတွေက လူတွေအသုံးပြုမှီခိုနေကြတဲ့ ရေတွင်းရေကန်တွေလည်း ဆားငန်ရေဝင်ရောက်ခဲ့တာကြောင့် ပျက်စီးသွားခဲ့ပါတယ်။ မြို့ပေါ်လိုနေရာတွေမှာလည်း လျှပ်စစ်မီးမရှိတာကြောင့် ရေပြတ်သွားခဲ့ပါတယ်။
ဆန်ဈေးနှုန်းတွေလည်း ပေါ်ဆန်းမွှေးဆန်တစ်အိတ်ကို ကျပ် ၈၀၀၀၀ ကျော်ရှိရာကနေ ကျပ် ၁၂၀၀၀၀ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။ လက်လုပ်လက်စားမိသားစုတွေနဲ့ ဆင်းရဲသားလူတန်းစားတွေအတွက် နေရေးထက် စားရေးက ပိုပြီးတော့ အခက်တွေ့စေခဲ့ရပါတယ်။ သူတို့ပုံမှန်လုပ်ကိုင်နေကြတဲ့ အလုပ်တွေကိုလည်း လုပ်ကိုင်လို့မရတော့သလို စီးပွားရေးလုပ်ငန်းတွေလည်း ရပ်နားထားရတာကြောင့် တစ်နေ့စာ တစ်နေ့ရှာဖွေစားသောက်နေကြတဲ့ မိသားစုတွေအတွက် မိုခါအလွန်နေ့ရက်တွေမှာ ပိုမိုပြီးတော့ ခက်ခဲမှုတွေနဲ့ ကြုံတွေ့နေကြရတာဖြစ်ပါတယ်။
အဆိုးဆုံးကတော့ မုန်တိုင်းအလွန်မှာ နေစရာအိမ်မရှိတဲ့သူတွေရော အိမ်ရှိတဲ့သူတွေရော အပါအဝင် ပိုက်ဆံရှိတဲ့သူတွေရော ဆင်းရဲသားတွေရော အားလုံးအခက်အခဲနဲ့ကြုံလာရတာက ရေနဲ့ဟင်းသီးဟင်းရွက်ရှားပါးတဲ့ပြဿနာဖြစ်ပါတယ်။
ဒါဟာ လူတွေ ပထမဆုံးရင်ဆိုင်ကြရတဲ့ စားသောက်ရေးပြဿနာဖြစ်ပါတယ်။ သစ်ပင်တွေလဲသွားခဲ့သလို ဘာအပင်မှာမှ အရွက်အနုဆိုတာ မရှိတော့ပါဘူး။ လူတွေစားသုံးဖို့ ကုန်းကောက်စရာဘာဆိုဘာမှမရှိတဲ့အခြေနေကို ရောက်သွားခဲ့ပါတယ်။ အဲ့ဒီအချိန် တစ်နေ့ရာနဲ့တစ်နေရာသွားဖို့ အတွက်လည်း လမ်းတွေပိတ်ဆို့နေတော့ တခြားဒေသတွေက ဟင်းသီးဟင်းရွက်တွေ၊ စားစရာတွေကိုလည်း တင်ပို့လို့မရတဲ့အထိ ဖြစ်နေခဲ့ပါတယ်။

စစ်ကောင်စီကတော့ ရခိုင်ပြည်သူတွေကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ အရေးတကြီးဆောင်ရွက်နေတယ်လို့ ပြောပါတယ်။ အမိုးအကာတွေအဖြစ်အသုံးပြုနိုင်တဲ့ တာပေါ်လင်စတွေနဲ့ သွပ်ပြားတွေကိုအကူအညီပေးနေတယ်လို့ စစ်ကောင်စီဘက်ကပြောပါတယ်။ လတ်တလောစားသုံးဖို့အတွက်လည်း ခေါက်ဆွဲခြောက်ထုပ်တွေကို မပြတ်တမ်းဝေငှပေးနေတယ်လို့လည်း ဆိုပါတယ်။
“ပြန်လည်ထူထောင်ရေးအတွက် ကျွန်တော်တို့ လမ်းပွင့်တာနဲ့ သင်္ဘောကြီးတွေနဲ့လာတဲ့ ပစ္စည်းတွေပေါ့နော်၊ သွပ်ပြားတို့ တာပေါ်လင်တို့ကို ဖြန့်ဝေပေးပါတယ်။ ရောက်လာတဲ့ပစ္စည်းတွေကို ဂိုဒေါင်ထဲမှာ သိမ်းထားတာမျိုးမဟုတ်ဘဲ ရောက်ပို့စနစ်နဲ့ ပို့ဆောင်ပေးနေတာပါ။ ပေးတဲ့နေရာမှာတော့ အဲ့ဒီပစ္စည်းတွေကို ချမှတ်ထားတဲ့မူဝါဒတွေနဲ့ပဲ ပေးတာဖြစ်ပါတယ်။”လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
လေဘေးသင့် ရခိုင်ဒေသခံတွေကို ထောက်ပံ့ကူညီပေးမယ့် ပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ ရေတပ်သင်္ဘောတွေ၊ MV ကုန်သင်္ဘောတွေနဲ့ အဆက်မပြတ်ရခိုင်ပြည်နယ်ကို ရောက်ရှိနေတယ်လို့လည်း ပြောပါတယ်။
မေလ ၁၈ ။ ၁၉ ရက်နေ့မှာ ကုန်းလမ်းတွေပွင့်တာနဲ့ ဧရာဝတီနဲ့ ရန်ကုန်တိုင်းတို့က မီးသတ်တပ်ဖွဲ့ဝင်တွေ ၈၀၀ ကျော်ရောက်ရှိလာပြီး စစ်တွေမြို့မှာ ရှင်းလင်းရေးတွေ လုပ်ကြပါတယ်။
ပျက်စီးသွားခဲ့တဲ့ လျှပ်စစ်မီးလိုင်းတွေ ပြန်လည်ပြုပြင်ဖို့အတွက် ပြည်နယ်နဲ့တိုင်းဒေသကြီးအသီးက ကျွမ်းကျင်ပညာရှင်တွေပါဝင်တဲ့ အဖွဲ့ပေါင်း ၂၀ ကျော်လာရောက်ပြီး လုပ်ကိုင်နေကြတာဖြစ်ပါတယ်။ စစ်တွေမြို့ပေါ်မှာတော့ မေလ ၂၅ ရက်နေ့ ညနေပိုင်းက မီးစက်နဲ့ လမ်းမီးတွေပေးဝေနိုင်ခဲ့ပါတယ်။ ဇွန်လ ၇ ရက်နေ့မှာတော့ မဟာဓာတ်အားလိုင်းကလာတဲ့ လျှပ်စစ်မီးကို စတင်ဖြန့်ဖြူးပေးနိုင်ခဲ့တဲ့အတွက် နေအိမ်တချို့မီးရရှိကြပါတယ်။ ကျန်တဲ့မြို့နယ်တွေမှာတော့ ဇွန်လကုန်ပိုင်းလောက်ကို မီးပေးနိုင်ဖို့အတွက် ကြိုးစားနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့သင်္ဘောတွေကတော့ စစ်တွေမြို့ကိုမေလ တတိယအပတ်အတွင်းမှာ ကုန်ပစ္စည်းတွေနဲ့ ရောက်ရှိလာပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေကို စတင်ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
စစ်တွေ၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့တွေမှာတော့ အရေးပေါ်ရေသန့်စက်တွေနဲ့ စစ်ကောင်စီက ရေရရှိဖို့အတွက် ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

"ကျောင်းတွေမှာ စာသင်နိုင်ဖို့”
မုန်တိုင်းတိုက်ခတ်ပြီး ၁၈ ရက်အကြာ ဇွန်လ ၁ ရက်နေ့မှာ တစ်နိုင်ငံလုံးက ကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီကတော့ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေထဲ ဦးစားပေးဆောင်ရွက်တဲ့အထဲမှာ ပညာရေးကဏ္ဍကိုထည့်သွင်းထားတယ်လို့ဆိုပေမယ့် ကျောင်းဖွင့်တဲ့နေ့မှာတော့ ကျောင်းတစ်ကျောင်းမှ မပြုပြင်ရသေးပါဘူး။
အစိုးရအဖွဲ့ရုံးစိုက်တဲ့ မြို့တော်စစ်တွေမှာတောင် မြို့ပေါ်ကကျောင်းတွေကို မပြုပြင်နိုင်သေးဘဲ ကျောင်းဖွင့်တာကို တွေ့မြင်ခဲ့ရပါတယ်။
တချို့ကျောင်းတွေက နီးစပ်ရာဘုန်းတော်ကြီးကျောင်းတွေ၊ ဓမ္မာရုံတွေ၊ လွတ်တဲ့အဆောက်အဦးတွေမှာ စပြီး ကျောင်းတက်ကြရပါတယ်။ တချို့ကျောင်းတွေမှာတော့ ယာယီရွှေ့ပြောင်းဖို့နေရာလည်းမရှိတော့ ထီးတွေဆောင်းပြီး စာသင်ကြရပါတယ်။ သုံးပတ်အကြာမှာတော့ စာသင်ကျောင်းတွေကို သွပ်ပြားတွေမိုးပေးတာ ၉၀ ရာခိုင်နှုန်းလောက်ထိ ပြီးစီးနေပြီးလို့ ပြည်နယ်ကောင်စီဘက်ကပြောပါတယ်။ ဒါဟာ ဘယ်လိုတွက်ချက်မှုမျိုးလဲဆိုတာတော့ မပြောနိုင်ပါဘူး။ အပြင်မှာမြင်တွေ့ရတာက ကျောင်းအများစုဟာ မဆောက်လုပ်နိုင်သေးတဲ့အခြေနေကိုတွေ့နေရပါတယ်။

“အပျက်အစီးတွေအောက်က ရုန်းမထွက်နိုင်ကြသေး”
ဦးစားပေးအနေနဲ့ သာဿနိကအဆောက်အဦးတွေ၊ စာသင်ကျောင်းတွေနဲ့ ဆေးရုံဆေးခန်းတွေကို ဆောက်လုပ်ပေးနေတယ် လို့ပြောဆိုပါတယ်။
စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေးအစီစဉ်မှာ ကျေးရွာတွေကိုအဓိကထားပြီး ကူညီကယ်ဆယ်မှုတွေပြုလုပ်နေသလို သူတို့တွေရဲ့အဓိကအရေးတကြီးလိုအပ်နေတဲ့ သွပ်ပြား၊ တာပေါ်လင်စတွေကိုပေးဝေတဲ့အခါမှာတော့ ချမှတ်ထားတဲ့မူဝါဒတွေအရ ထုတ်ပေးနေတာလို့ဆိုပါတယ်။
မြို့နယ်တိုင်းမှာ ပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ပစ္စည်းတွေ ဖြန့်ဝေပေးဖို့ ဗိုလ်မှူးချုပ်အဆင့်ရှိတဲ့ စစ်တပ်အရာရှိကြီးတစ်ဦးစီကို ခန့်အပ်တာဝန်ပေးထားပါတယ်။ စစ်တပ်အရာရှိရဲ့ စီမံခန့်ခွဲမှုတွေနဲ့ပဲ ထောက်ပံ့ပေးနေတာပါလို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပုံမှန်အားဖြင့် ဇွန်လကိုရောက်လို့ရှိရင် ရခိုင်ပြည်နယ်ရဲ့သဘာဝအရ မိုးစရွာနေပါပြီ။ မုန်တိုင်းတိုက်ခတ်ခဲ့တဲ့ တစ်လနီးပါးကြာလာတဲ့အချိန်ထိ နေအိမ်ပျက်စီးသွားခဲ့တဲ့သူတွေ နေအိမ်ပြန်မဆောက်နိုင်ကြသေးပါဘူး။ အမိုးအကာလန်သွားတဲ့နေအိမ်တွေမှာတောင် အိမ်တိုင်းစေ့ပြန်မပြင်နိုင်ကသေးဘဲ မိုးကာစတွေနဲ့ဖုံးအုပ်ကာရံပြီး နေထိုင်နေကြတာကိုတွေ့နေရဆဲဖြစ်ပါတယ်။
“အဖွားတို့က ဘာအလုပ်မှလည်းမလုပ်နိုင်တော့ဘူး။ ပိုက်ဆံလည်းမရှိတော့ ဒီအိမ်တွေကိုပြန်ဆောက်ဖို့ဆိုတာ အခြေအနေမရှိတော့ဘူး။ ဒီတိုင်းပဲနေနေရတာပေါ့။ ပြန်ဆောက်ဖို့အတွက် ဝါးတွေလည်းဈေးကြီးတော့ မဝယ်နိုင်ဘူး။ အကူအညီရရှိတော့ အဆင်ပြေမှာပါ။”လို့ မင်းဂံရပ်ကွက် ၁၁ မှာနေတဲ့ အသက် ၇၅ နှစ်အရွယ် ဒေါ်မဖြူကပြောပါတယ်။
တိုက်အိမ်တွေ၊ သစ်သားအိမ်တွေလောက်ကို မဆိုထားနှင့် ဝါးနဲ့ဆောက်တဲ့တဲအိမ်လေးတစ်လုံး ပြန်ဆောက်ဖို့အတွက်တောင် အခက်အခဲတွေရှိကြပါတယ်။
ဝါးလုံးတစ်ရာကို ယခင် ကျပ် ၃ သောင်းလောက်သာရှိရာကနေ မုန်တိုင်းအလွန်မှာ ကျပ် ၁ သိန်းကျော်သွားခဲ့ပါတယ်။ ဓနိပျစ်အချပ် ၁၀၀ ကို ကျပ် ၃ သောင်းပါ။ လက်သမားခနဲ့ထည့်ပေါင်းလိုက်ရင် တဲသာသာအိမ်လေးတစ်လုံးဆောက်ဖို့အတွက် ကျပ် ၁၀ သိန်းအထက်လိုအပ်နေပါတယ်။
တချို့ အမိုးအကာလန်သွားတဲ့အိမ်တွေဆိုရင်လည်း သွပ်ပြားတွေဈေးကြီးပေးဝယ်နေရတာကြောင့် သွပ်ပြားအချပ် ၄၀ လိုတဲ့အိမ်တစ်လုံး ဆိုရင် ပြန်လည်ပြုပြင်ခ ကုန်ကျစရိတ် အနည်းဆုံး သိန်း ၃၀ လောက်ထိ ကုန်ကျကြပါတယ်။ ဒီကာလထဲ ဆင်းရဲသားလူတန်းစားတွေနဲ့ သာမန်လက်လုပ်လက်စားလူတန်းစားတွေအတွက်တော့ သူတို့ရဲ့နေအိမ်တွေကို ပြန်လည်ပြုပြင်နိုင်ဖို့အတွက် ထိရောက်တဲ့ ကူညီကယ်ဆယ်ရေးအစီစဉ်တစ်ခုလိုအပ်နေတာပါ။

“ထောက်ပံ့ကူညီမှုတွေရပ်ဆိုင်းခံရ”
မေလ ၁၄ ရက်မုန်တိုင်းတိုက်ပြီး ပျက်စီးသွားတဲ့ရခိုင်ပြည်သူတွေကို အကူအညီပေးဖို့ အိန္ဒိယက ကုန်သင်္ဘော သုံးစီးထွက်လာတယ်လို့ သိရပါတယ်။
အဲဒီသင်္ဘောတွေ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီမှာ စစ်တွေဆိပ်ကမ်းကို ဆိုက်ကပ်ဖို့ အကြောင်းကြားတဲ့အတွက် ပြည်နယ်အဆင့်က ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။ ဒါပေမဲ့ အဲဒီသင်္ဘောတွေဟာ စစ်တွေဆိပ်ကမ်းကိုရောက်မလာခဲ့ပါဘူး။ ရန်ကုန်ဆိပ်ကမ်းမှာပဲ ဆိုက်ကပ်ခဲ့ရတယ်လို့ နီးစပ်သူတွေကပြောဆိုပါတယ်။
ဆိုလာမီး၊ စားသောက်ကုန်နဲ့ အမိုးအကာတွေအတွက် ယာယီအသုံးပြုနိုင်တဲ့ပစ္စည်းတွေ ပါဝင်ပြီး အဲဒီပစ္စည်းတွေဟာ ဒီကနေ့အထိ ရခိုင်ပြည်နယ်ကို တစ်ခုမှ ရောက်မလာသေးဘူးလို့ သူကပြောပါတယ်။ စစ်ကောင်စီကတော့ သူတို့ထောက်ပံ့ကူညီပေးထားတဲ့ ပစ္စည်းတွေ ဈေးကွက်ထဲမှာရောင်းချနေတာတွေ့လို့ရှိရင် ဥပဒေအရ အရေးယူမယ်ဆိုပြီး တုံ့ပြန်ခဲ့ပါသေးတယ်။
ရခိုင်ဒေသခံတွေကတော့ အစိုးရရဲ့အကူအညီတွေအဖြစ် အများဆုံး ဆန် ၆ ပြည်သာ ရရှိကြတယ်လို့ ပြောပါတယ်။ နယ်ဘက်ကျေးရွာတွေမှာတော့ တာပေါ်လင်စတွေနဲ့ ဆီတွေ၊ သွပ်ပြားတွေ နည်းနည်းပါးပါးရရှိကြတယ်လို့ ဆိုပါတယ်။ အဲ့ဒီအကူအညီတွေအတွက် သယ်ယူစရိတ်ဆိုပြီးတော့ ပိုက်ဆံတွေကောက်ခံတာလည်းကြားရပါတယ်။
အခုလို အကူအညီပေးတဲ့ပစ္စည်းတွေအတွက် ပိုက်ဆံမတောင်းဖို့ အစိုးရကညွှန်ကြားထားပြီးဖြစ်ပေမယ့် အောက်ခြေမှာ ဘယ်လိုဆောင်ရွက်နေလဲဆိုတာ မသိဘူးလို့ ဦးလှသိန်းက တုံ့ပြန်ပါတယ်။
စစ်တွေမြို့မှာ NGO,INGO အဖွဲ့အစည်းပေါင်း ၈၀ လောက်ရှိကြပါတယ်။ ဘယ်အဖွဲ့အစည်းကမှ လွတ်လပ်စွာကူညီခွင့်မရကြပါဘူး။ WFP ကတော့ မုန်တိုင်းတိုက်ပြီး တစ်ပတ်လောက်အတွင်းမှာ ဆန်အကူအညီတွေပေးခဲ့ပါတယ်။ သုံးရက်လောက်ပေးပြီးတော့ သူတို့အကူအညီလည်းရပ်သွားခဲ့ပါတယ်။
ရသေ့တောင်မြို့နယ်ဘက်ကို အကူအညီပေးဖို့သွားတဲ့ စာရေးဆရာဝေဟင်အောင်တို့အဖွဲ့ကို စစ်တွေတပ်နယ်အတွင်းမှာ ဖမ်းဆီးပြီး တစ်ရက်အကြာ စစ်ဆေးခံခဲ့ကြရပါတယ်။
ဇွန်လ ၈ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ လက်မှတ်နဲ့ အကူအညီပေးရေးလုပ်ငန်းစဉ်တွေကို ရပ်နားဖို့တားမြစ်စာတစ်စောင်ထွက်လာပါတယ်။
မိုခါ ဆိုင်ကလုန်းဒဏ်သင့် ရခိုင်ပြည်နယ်မှာ လူသားချင်းစာနာမှု အကူအညီပေးရေးအဖွဲ့တွေကို သွားလာခွင့်ဆိုင်းငံ့လိုက်တာဟာ ရခိုင်မှာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီရရှိနိုင်မှုအခြေအနေကို ယိုယွင်းလာစေပြီး နေပြည်တော်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး(UNOCHA) ကပြောလာပါတယ်။
ရခိုင်ပြည်နယ်ထဲက ဆိုင်ကလုန်းဒဏ်သင့် မြို့နယ်တွေကို လူသားချင်းစာနာမှုအကူအညီ ဖြန့်ဝေရေးနဲ့ အကူအညီပို့ဆောင်ရေး အစီအစဥ်တွေအပေါ် ကနေဦးအတည်ပြုချက်လည်း ပယ်ပျက်သွားပြီဖြစ်တာကြောင့် နေပြည်တော်အဆင့်က အတည်ပြုပေးတာ ဆက်ပြီးစောင့်နေရသလို ချင်းပြည်နယ်အတွက်လည်း အလားတူ အခြေအနေကြုံနေရတယ်လို့ ဆိုပါတယ်။
ပြည်ပကနေ သယ်ယူမယ့် သဘာဝဘေး ထောက်ပံ့ရေးပစ္စည်းတွေကို မြန်မာကို သွင်းယူလာရေးတောင်းဆိုမှုအချို့ကို အတည်ပြုပေးပြီးဖြစ်ပေမဲ့ အကန့်အသတ်တွေရှိနေတယ်လို့လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ်ထဲ လူသားချင်းစာနာမှုအကူအညီရောက်ခွင့် ဆိုင်းငံ့ခံရတာဟာ လူပေါင်းထောင်ချီကို ပေးထားနိုင်တဲ့ကူညီရေး လုပ်ဆောင်ချက်တွေလည်း ရပ်ဆိုင်းသွားတယ်လို့ ဆိုပါတယ်။
မုတ်သုံရာသီရောက်လာချိန်မှာ အကူအညီပေးရေး ဝင်ရောက်ခွင့် ဆိုင်းငံ့ခံလိုက်ရတာဟာ အခြေအနေ ပိုဆိုးရွားလာစေနိုင်တယ်လို့လည်း UNOCHA က သတိပေးပြောဆိုပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနေတဲ့ အဖွဲ့တွေဟာ အကူအညီပေးတဲ့အခါမှာ မွတ်ဆလင်တွေနဲ့ ရခိုင်တွေအကြား ထောက်ပံ့ကူညီမှုတွေကို မျှတအောင်ပေးတာမျိုးဟုတ်တဲ့အတွက် သွားလာခွင့်တွေကို ယာယီတားမြစ်ရတာဖြစ်တယ်လို့ ပြည်နယ်ကောင်စီ ပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောပါတယ်။
မိုခါမုန်တိုင်းဟာ လူအုပ်စုတစ်ခုတည်းကို ကျရောက်ခဲ့တာမဟုတ်ဘဲ မြို့နယ်တွေအလိုက် ကြုံခဲ့ကြရတာဖြစ်တဲ့အတွက် အကူအညီတွေကိုလည်း မျှတအောင်ပေးဖို့လိုအပ်တယ်လို့ ဦးလှသိန်းက ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေမှာ ပညာရေးကဏ္ဍအတွက် ဦးစားပေးဆောင်ရွက်နေပြီး ရာခိုင်နှုန်းအများစုပြီးစီးနေပြီဖြစ်ကြောင်းနဲ့ တခြားကဏ္ဍတွေအတွက်တော့ လုပ်စရာတွေအများအပြားကျန်နေသေးတယ်လို့ သိရပါတယ်။
မုန်တိုင်း အပျက်အစီးတွေကြားမှာ ဗေဒါရွာသားတွေကတော့ သူတို့ ပုံမှန်ဘဝကို ပြန်ရောက်ဖို့ ကြိုးစားနေကြပါတယ်။
သူတို့ နေထိုင်စရာ မရှိတဲ့သူတွေကို နေရာ မျှပြီးနေကြသလို ရေနဲ့ အစားအသောက် တွေကိုလည်း ဝေမျှစားသောက်နေကြတယ်လို့ ပြောပါတယ်။
“အခုလည်း လေတိုက်လို့ရှိရင် ထွက်ပြေးကြတာပဲ။ ကြောက်စိတ်ဝင်နေကြတာပေါ့။ ကျွန်တော်တို့မှာ စားဖို့စားစရာတွေလည်းမရှိ၊ အဝတ်အစားလည်းမရှိ၊ အဲလိုနေခဲ့ရတယ်“လို့ ဗေဒါရွာသားတွေက ပြောပါတယ်။
အထောက်အပံ့တွေ ရောက်လာပေမယ့် လုံလောက်အောင်ရတဲ့ အခြေအနေ မဟုတ်ဘူးလို့ ဆိုပါတယ်။
“ကယ်ဆယ်ရေးတွေ တားထားတယ်ဆိုရင်တော့ ကျွန်တော်တို့ရေ ရှည်မှာ ငတ်ဖို့ပဲ ရှိတယ်”လို့ ဗေဒါရွာခံတစ်ဦး ကပြောပါတယ်။








