အစ္စရေးကို ဂျီနိုဆိုက်မှုနဲ့ တောင်အာဖရိက တရားစွဲတဲ့ အမှု ICJ မှာ စတင် ကြားနာ - ဇန်နဝါရီ ၁၁ ရက် နိုင်ငံတကာ ထိပ်တန်း သတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အစ္စရေး စစ်တပ် ဂါဇာထဲ ကျူးလွန်နေတာတွေဟာ လူမျိုးတုန်း သတ်ဖြတ်မှု ဂျီနိုဆိုက်ထိ မြောက်တယ် ဆိုပြီး တောင်အာဖရိကနိုင်ငံက စွဲဆိုထားတဲ့ အမှုကို သဟေ့ဂ်မြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ တရားရုံးတော် ICJ မှာ စတင် ကြားနာ နေပြီ ဖြစ်ပါတယ်။
အစ္စရေးဘက်ကတော့ အခြေအမြစ် မရှိတဲ့ စွပ်စွဲချက်တွေ ဆိုပြီး ပယ်ချထားပါတယ်။ ဒီအမှုရဲ့ အစိတ်အပိုင်း တစ်ရပ် အနေနဲ့ ဂါဇာထဲ အစ္စရေးရဲ့ စစ်ရေး လုပ်ဆောင်မှုတွေ ချက်ချင်းရပ်တန့်ဖို့ အမိန့် ICJ ရုံးတော်က ချမှတ်ပေးပါ ဆိုပြီးတော့လည်း တောင်အာဖရိက နိုင်ငံက တောင်းဆိုထားပါတယ်။
အောက်တိုဘာ ၇ ရက်နေ့ ဟားမတ်စ် ကျူးလွန်ခဲ့တဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အတွက် တုံ့ပြန်တာ ဆိုပြီး သူတို့ လုပ်ရပ် မှန်ကြောင်း အစ္စရေး အနေနဲ့ ပြောလို့ မဖြစ်နိုင်ပါဘူးလို့ တောင်အာဖရိက တရားရေးဝန်ကြီး ရော်နယ် လာမိုလာက ပြောပါတယ်။
“ဟားမတ်စ် အပါအဝင် တခြား ပါလက်စတိုင်း လက်နက်ကိုင် အဖွဲ့တွေက အရပ်သားတွေ အပေါ် ပစ်မှတ်ထားခဲ့၊ ဓားစာခံတွေ အဖြစ် ခေါ်သွားခဲ့ကြတဲ့ အောက်တိုဘာ ၇ ရက် လုပ်ရပ်တွေ အပေါ် တောင်အာဖရိကက ခြွင်းချက်မရှိ ရှုတ်ချပါတယ်။
ဒါပေမယ့် နယ်မြေထဲ ကျူးကျော် တိုက်ခိုက်ခံရလို့ ဖြစ်ဖြစ်၊ ဘယ်လောက် ရက်စက် ကြမ်းကြုတ်မှုတွေ ကျူးလွန် ခံရလို့ ဖြစ်ဖြစ်၊ ဘယ်လို အကြောင်း ပြချက်မျိုးကိုမှ သုံးပြီး ဂျီနိုဆိုက် ဆိုင် နိုင်ငံတကာ ပဋိညာဉ်ကို ချိုးဖောက်ခွင့် မရှိပါဘူး” ဆိုပြီး ဝန်ကြီး လာမိုလာ ဆိုပါတယ်။
ဟူသီတွေ ပင်လယ်နီထဲ တိုက်ခိုက်တာတွေ ရပ်ဖို့ လုံခြုံရေးကောင်စီ ဆုံးဖြတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကုလသမဂ္ဂ လုံခြုံရေး ကောင်စီထဲမှာတော့ ပင်လယ်နီထဲ နိုင်ငံတကာ ကုန်သွယ် သင်္ဘောတွေကို အီရန် ကျောထောက် နောက်ခံပြု ယီမင် ဟူသီ သူပုန်တွေ တိုက်ခိုက် နေတာ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုချက် ချမှတ်လိုက်ပါတယ်။
ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကိုယ့် နိုင်ငံပိုင် သင်္ဘောတွေကို ကိုယ်ကာကွယ်ခွင့် ရှိတယ် ဆိုတဲ့ အဲဒီ ဆုံးဖြတ်ချက်ကို ကန့်ကွက်သူမရှိ ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ မဟာမိတ်တွေဟာ သူ့တို့ရဲ့ စစ်သင်္ဘောတွေကို ပင်လယ်နီထဲ ပြီးခဲ့တဲ့ လ ကတည်းက နေရာချထားပြီး၊ ကုန်တင်သင်္ဘောတွေကို ဟူသီတွေ တိုက်ခိုက်နေမှု အပေါ် အကာအကွယ် ပေးနေပါတယ်။
အဲဒီ အကြောင်း အခု လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်ထဲ တိုက်ရိုက် ထည့်သွင်း ရည်ညွှန်းတာမျိုး မလုပ်ပေမယ့်၊ ပင်လယ်နီထဲ စစ်သင်္ဘောတွေ နေရာချတဲ့ လုပ်ရပ်ကို လုံခြုံရေးကောင်စီက အသိအမှတ်ပြု ထောက်ခံပေးတဲ့ သဘော သက်ရောက် စေပါတယ်။
အိန္ဒိယထဲ ဝင်ပြေးခဲ့တဲ့ မြန်မာစစ်သား ၂ လ အတွင်း အယောက် ၄၀၀ ကျော် ရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, INDIA ARMY
အိန္ဒိယနဲ့ ကပ်ရက် မြန်မာနိုင်ငံထဲ ပေါ်ပေါက်နေတဲ့ စစ်ပွဲတွေ အတွင်း လူမျိုးစု လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်နေတဲ့ မြန်မာ စစ်တပ်က စစ်သားတွေ အိန္ဒိယထဲ ပြေးလာကြတဲ့ အရေအတွက်ဟာ ပြီးခဲ့တဲ့ နှစ်လ အတွင်း အယောက် ၄၀၀ ကျော် အထိ ရှိခဲ့တယ် ဆိုပြီး အိန္ဒိယ စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး မန်နော့ဂျ် ပန်ဒီး က ပြောပါတယ်။
မြန်မာစစ်သားတွေ အဓိက ဝင်လာခဲ့တဲ့ နေရာဟာ အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ် တစ်ခုဖြစ်တဲ့ မီဇိုရမ်ထဲကို ဖြစ်တယ်လို့လည်း ဆိုပါတယ်။
အဲဒီ ဝင်လာခဲ့သူတွေကို မြန်မာပြည်ဘက် ပြန်ပို့ ပေးခဲ့တယ်လို့ အိန္ဒိယ စစ်တပ်က ထုတ်ပြန်ထားပါတယ်။
အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း နောက် ပြည်နယ်တစ်ခု ဖြစ်တဲ့ မဏိပူရ ထဲကိုလည်း မြန်မာ စစ်တပ်နဲ့ တိုက်ခိုက်နေတဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေ ဝင်ရောက်ဖို့ ကြိုးစားနိုင်ဖွယ် ရှိတဲ့ အပေါ် သူ့ အနေနဲ့ စိုးရိမ်ကြောင်း ဗိုလ်ချုပ်ကြီး ပန်ဒီးက သတင်းထောက်တွေကို ပြောပါတယ်။
အီကွေဒေါမှာ အရေးပေါ်ကာလ ကြေညာပြီးနောက် လူ ၃၀၀ ကျော်ကို ဖမ်းထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အီကွေဒေါနိုင်ငံမှာ အကြမ်းဖက် ဖြစ်ရပ်တွေ ဆက်တိုက် ပေါ်ပေါက်ခဲ့တဲ့နောက် သမ္မတ ဒန်နီရယ် နိုဘိုအာက နိုင်ငံကို ရက် ၆၀ အရေးပေါ် အခြေအနေ ကြေညာထားပြီး၊ အခုဆိုရင် ရာဇဝတ်ဂိုဏ်းတွေရဲ့ အဖွဲ့ဝင်တွေ အဖြစ် သံသယ ရှိရသူ လူပေါင်း ၃၀၀ ကျော်ကို ဖမ်းဆီးထားတယ်လို့ အီကွေဒေါ စစ်တပ်က ထုတ်ပြန်ပါတယ်။
လူဆိုးတွေ ဖမ်းဆီးထားတဲ့ ဓားစာခံ အယောက် ၄၀ ကျော်ကို ကယ်ဆယ် နိုင်ခဲ့ပြီး၊ လက်နက်ခဲယမ်းတွေ ပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေ အမြောက်အများကိုလည်း သိမ်းဆည်း ရရှိထားတယ်လို့ ဆိုပါတယ်။
အီကွေဒေါ အကျဉ်းထောင်ထဲကနေ နာမည်ကြီး မူးယစ်ရာဇာတစ်ယောက် ထွက်ပြေး လွတ်မြောက် သွားခဲ့တဲ့နောက်၊ နိုင်ငံတဝန်း အကျဥ်းထောင်တွေထဲ ထောင်ဆူတာတွေ၊ ရပ်ရွာတွေထဲ တိုက်ခိုက်တာ ဗုံးခွဲတာ အဆောက်အအုံတွေထဲ ဝင်ရောက် စီးနင်းတာတွေ ဆက်တိုက် ပေါ်ပေါက်ခဲ့ပါတယ်။
အီကွေဒေါ စစ်တပ် အကြီးအကဲ ရေတပ်ဗိုလ်ချုပ်ကြီး ဂျေမီဗီလာက “အီကွေဒေါ ပြည်သူတွေ စိတ်ရှည် သည်းခံပြီး ကောင်းတဲ့ မျှော်လင့်ချက်တွေ ထားရှိဖို့၊ အီကွေဒေါ စစ်တပ်အပေါ် ယုံကြည်ဖို့ တောင်းဆိုလိုပါတယ်။ နိုင်ငံထဲ ငြိမ်းချမ်း တည်ငြိမ်မှု အမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်အောင် ကျွန်တော်တို့ဘက်က အစွမ်းကုန် ကြိုးစားနေပါတယ် ” ဆိုပြီး ပြောပါတယ်။
ထိုင်ဝမ် သီးသန့်လွတ်လပ်ရေး ဝါဒီ ဝီလျံလိုင်ကို မဲမပေးဖို့ ဘေဂျင်း လှုံ့ဆော်

ဓာတ်ပုံ ရင်းမြစ်, Getty Images
လာမယ့် စနေနေ့ ထိုင်ဝမ်ကျွန်းရဲ့ သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရမယ် ဆိုပြီး တစ်ပြေးနေတဲ့ ဝီလျံလိုင် ကို မဲမပေးဖို့ ထိုင်ဝမ် ပြည်သူတွေကို တရုတ်ပြည်မကြီး အစိုးရက တိုက်တွန်းနေပါတယ်။
ဝီလျံ လိုင်ဟာ ထိုင်ဝမ်ကို ပျက်စီးရာ ပျက်စီးရာ လမ်းကြောင်း ရှိရာဆီ ဆွဲခေါ်သွားမယ့်သူ ဆိုပြီး ဘေဂျင်းဘက်က ပြောနေပါတယ်။ ဝီလျံ လိုင်ရဲ့ ဦးဆောင်မှုဟာ ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ စစ်ပွဲတွေဆီ ဦးတည်နေတယ် လို့လည်း ဆိုပါတယ်။
မစ္စတာလိုင်ဟာ ထိုင်ဝမ်ရဲ့ ကိုယ်ပိုင်လွတ်လပ်ရေးကို လိုလားသူ ဖြစ်ပါတယ်။ ဒါ့ကြောင့် ထိုင်ဝမ်ကို ပိုင်နက်မြေ တစ်ခု အဖြစ်သာ မှတ်ယူထားတဲ့ ပြည်မကြီး အစိုးရ အနေနဲ့ ဝီလျမ် လိုင် အပေါ် မနှစ်လိုတာ ဖြစ်ပါတယ်။
တရုတ် အစိုးရဟာ ထိုင်ဝမ် ရွေးကောက်ပွဲ အတွင်း စွက်ဖက် နေတာတွေ ရပ်ပါဆိုပြီး လက်ရှိ ထိုင်ဝမ် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဆက်ဖ် ဝူက လောလောလတ်လတ်မှာပဲ ပြောထားပါတယ်။








