ခရစ်တော်မွေးဖွားရာမြို့မှာ ခရီးသွားကင်းမဲ့ - ဒီဇင်ဘာ ၂၄ ရက်ညနေခင်း နိုင်ငံတကာသတင်းများ

ဝတ်ပြုဆုတောင်းနေကြသူအချို့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဝတ်ပြုဆုတောင်းနေကြသူအချို့

ဂျေရုဆလင်က လက်တင်ဘုန်းတော်ကြီး အကြီးအကဲက သူ့ရဲ့ အစဉ်အလာ မိန့်ခွန်း ကိုပြောဖို့အတွက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်းက ဘယ်သဲလ်ဟမ်မြို့ ကို ရောက်လာပါတယ်။

မြို့တွင်းမှာ လူထုစုဝေးတဲ့ တခြား အစဉ်အလာပွဲတွေ ဖျက်သိမ်းထားသလို ဆိုင်တွေ အများစုကလည်း ပိတ်ထားကြပါတယ်။

ပါလက်စတိုင်း ခရစ်ယာန် ဘုန်းတော်ကြီးတွေက ဒီနှစ်မှာ ဂါဇာက လူတွေနဲ့ တသွေး တသားတည်း ရှိတယ်ဆိုတာကို ပြသဖို့အတွက် ခရစ်စမတ် ပွဲတော်တွေမလုပ်ဘဲ ဆိုင်းငံ့ ထားတယ်လို့ ပြောပါတယ်။

ပါလက်စတိုင်း ခရီးသွားလာရေး ဝန်ကြီးကလည်း ခရစ်တော်မွေးဖွားရာ ဒီမြို့မှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နေတယ်လို့ ပြောပါတယ်။

ပုံမှန်အားဖြင့် နှစ်စဉ် ဒီလို ကာလမှာ ခရီးသွားတွေနဲ့ ပြည့်ကျပ်နေတဲ့ ဒီမြို့ဟာ ခြောက်ကပ် နေပါတယ်။

ပင်လယ်နီမှာ ယီမင်ဘက်ကပစ်လိုက်တဲ့ ဒရုန်းတွေကို အမေရိကန်ရေတပ်က ကြားဖြတ် ပစ်ချ

Iran

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒီလို သင်္ဘောမျိုး တစီး ဒရုန်းထိမှန်ခဲ့တာဖြစ်

အီရန်က ထောက်ခံပေးထားတဲ့ ဟူသီ သူပုန်တွေထိန်းချုပ်ရာ ယီမင်ဘက်ကနေ ပစ်လိုက်တဲ့ ဒရုန်း ၄ ခုကို သူတို့ရေတပ် ဖျက်သင်္ဘော USS Laboon ကနေ ပင်လယ်နီအတွင်းမှာ ပစ်ချခဲ့တယ်လို့ အမေရိကန် ဗဟိုစစ်ဌာနချုပ်က ပြောပါတယ်။

အိန္ဒိယ အလံလွှင့်တင်ထားတဲ့ ဂါဘွန်နိုင်ငံပိုင် ရေနံတင်သင်္ဘော တစီး ဒရုန်း ထိမှန်ခဲ့တယ်လို့လည်း သူတို့က X မှာ ရေးပါတယ်။

ဒီဖြစ်ရပ် ၂ ခုလုံးမှာ လူအထိအခိုက်တွေ မရှိဘူးလို့လည်း ဆိုကြပါတယ်။

အိန္ဒိယကမ်းလွန်ပင်လယ်က ရေနံတင် သင်္ဘောတစီး ဒရုန်းကြောင့် ထိခိုက် ပျက်ဆီးခဲ့ပြီး အဲဒါဟာ အီရန်လက်ချက် လို့ အမေရိကန် ကာကွယ်ရေးဌာနက အစောပိုင်းတုန်းက စွပ်စွဲထားပါတယ်။

အဲဒီရေနံတင် သင်္ဘော MV Cham Pluto ဟာ အစ္စရေးနဲ့ ဆက်နွှယ်မှုရှိတယ်လို့ ဗြိတိန်က လုံခြုံရေး ကုမ္ပဏီတခုဖြစ်တဲ့ အမ်ဘရေးက ပြောခဲ့ပြီး အဲဒီသင်္ဘောဟာ ဆော်ဒီအာရေးဗီးယားကနေ အိန္ဒိယကို သွားနေခဲ့တာလို့ ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံမှာ မူးယစ်နှိမ်နင်းမှု လူ ၁၄,၀၀၀ လောက်ကို ဖမ်းဆီးထား

Srilanka

ဓာတ်ပုံ ရင်းမြစ်, Getty Images

သီရိလင်္ကာ နိုင်ငံတဝန်းမှာ မူးယစ်ဆေးဝါး မှောင်ခိုကုန်ကူးသူတွေနဲ့ ဆေးစွဲသူတွေကို အရေးယူစစ်ဆင်ရေး လုပ်တဲ့ တပတ်တာ အချိန်အတွင်း လူပေါင်း ၁၄,၀၀၀ လောက် ကို ဖမ်းဆီးထားတယ်လို့ သီရိလင်္ကာ ရဲတပ်ဖွဲ့က ပြောပါတယ်။

စစ်ဆင်ရေးအတွင်း ဘိန်းဖြူ အပါအဝင် မူးယစ်ဆေးပေါင်းစုံ ကီလိုချိန် ၄၄၀ နီးပါး သိမ်းဆည်းရမိထားတယ်လို့လည်း သူတို့က ဆိုပါတယ်။

စစ်တပ်က ဦးစီးစီမံနေတဲ့ ဌာနအဆောက်အဦတခုထဲကို ဆေးစွဲနေတဲ့သူ ၁,၀၀၀ ကျော်ကို ပို့ထားပြီး ဆေးဖြတ်ပေးဖို့ စီစဉ်နေကြပါတယ်။

ဒါပေမဲ့ စီးနင်းမှုတွေဟာ ဝရမ်းမပါတဲ့ စီးနင်းမှုတွေဖြစ်ပြီး ဒါတွေက ဥပဒေနဲ့ မညီဘူးလို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေသလို ဆင်းရဲတဲ့လူတွေ နေထိုင်ရာနေရာတွေကိုသာ ပစ်မှတ်ထားနေကြတာလို့ သူတို့က ဝေဖန်နေပါတယ်။

မူးယစ် ဆေးဝါး စစ်ဆင်ရေး လုပ်တဲ့သူတွေကတော့ သူတို့ ခရစ်စမတ်ကာလမှာ ခဏနားထားဦးမှာဖြစ်ပြီး နောက်တပတ်ကျရင် ဆက်လုပ်သွားမယ်လို့ ဆိုပါတယ်။