နိုဘယ်လ်ဆုရှင် မိုဟာမက် ယူနွတ်စ် ထောင်ဒဏ်ချမှတ်ခံရ - ဇန်နဝါရီ ၁ ရက် နိုင်ငံတကာသတင်းများ

Bangladesh

ဓာတ်ပုံ ရင်းမြစ်, Getty Images

အသေးစားငွေချေးဆိုင်ရာ စီးပွားရေး ပညာရှင်လည်းဖြစ်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်လည်းဖြစ်တဲ့ မိုဟာမက်ယူနွတ်စ်ကို အလုပ်သမား ဥပဒေဖောက်ဖျက်မှုနဲ့ ဘင်္ဂလားဒေ့ရှ်တရားရုံး တရုံးက ထောင်ဒဏ် ၆ လ ချမှတ်လိုက်ပါတယ်။

သူတည်ထောင်တဲ့ အဖွဲ့တွေထဲက တခုဖြစ်တဲ့ ဂရမ်မန်း တယ်လီကွန်းက သူ့ လုပ်ဖော်ကိုင်ဖက် ၃ ယောက်လည်း သူနဲ့အတူ ပစ်ဒဏ်ချမှတ်ခံရပြီး ဒါတွေဟာ နိုင်ငံရေးအရ အမှုဆင်ကြတာလို့ သူ့ကို ထောက်ခံသူတွေက ပြောပါတယ်။

သူတို့ ၄ ယောက်ဟာ သူတို့ အလုပ်သမားတွေအတွက် လူမှုဖူလုံရေး ရန်ပုံငွေ လုပ်ပေးဖို့ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။

အခုလို သူတို့ ထောင်ဒဏ်တွေချမှတ်ခံခဲ့ရပေမဲ့ အယူခံတင်နိုင်ခွင့်ရခဲ့ကြပါတယ်။

မစ္စတာ ယူနွတ်စ် အစပြုခဲ့တဲ့ အသေးစားငွေချေးလုပ်ငန်းဟာ လူသန်းပေါင်း များစွာကို ဆင်းရဲတွင်းက ဆွဲထုတ်နိုင်ခဲ့တယ်လို့ ကောင်းချီးပေးခံခဲ့ရပေမယ့် ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ခ် ဟာစီနာကတော့ သူ့ကို အမြဲဝေဖန်သူဖြစ်ခဲ့ပါတယ်။

ရှိတ်ခ်ဟာစီနာပါတီအာဏာရခဲ့တဲ့ ၂၀၀၈ ခုနှစ်ကစလို့ ရေတွက်ရင် မစ္စတာ ယူနွတ်စ်ဟာ သူ့ကို စွပ်စွဲတဲ့ အမှုပေါင်း ၁၅၀ ကျော်နဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

လာမယ့်ရွေးကောက်ပွဲရလဒ်ကို လေးစားဖို့ ထိုင်ဝမ်သမ္မတက တိုက်တွန်း

China

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, သမ္မတရှီကျင့်ဖျင်က ပြန်လည်ပေါင်းစည်းရေးကို မလွှဲမသွေလုပ်ရမယ်လို့ ဆို

ဒီလအတွင်း မှာ လုပ်မယ့် သူတို့ရဲ့ ရွေးကောက်ပွဲရလဒ်ကို တရုတ်နိုင်ငံအနေနဲ့ လေးစားသင့်တယ်လို့ ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်းက ပြောလိုက်ပါတယ်။

ရွေးကောက်ပွဲကို တရုတ်နိုင်ငံကနေ ဝင်ရောက်စွက်ဖက်မယ့်အရေးကို သတိထား ကြဖို့လည်း သူ့ပြည်သူတွေကို သူ့ရဲ့ နှစ်သစ်ကူး သတင်းစာရှင်းလင်းပွဲမှာ သမ္မတက ပြောကြားပါတယ်။

တရုတ်နဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူက ဖွင့်ဟ သွားပါတယ်။

ထိုင်ဝမ်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့ကျလုပ်မယ့် သမ္မတ ရွေးကောက်ပွဲဟာ စစ်နဲ့ ငြိမ်းချမ်းရေးအကြား ရွေးချယ်တဲ့ပွဲလို့ တရုတ်အစိုးရက သဘောထားရှိပါတယ်။

ထိုင်ဝမ်ကျွန်းဟာ ပြည်မ တရုတ်နဲ့ မလွှဲမသွေ ပြန်လည်ပေါင်းစည်း ရမယ်လို့ သူ့ရဲ့ နှစ်သစ်ကူးမိန့်ခွန်းထဲမှာ တရုတ် သမ္မတ ရှီကျင့်ဖျင်က ထည့်သွင်းပြောကြားသွား ပါတယ်။

အစပိုင်း မစ်ကီးမောက်စ်ပုံတွေ မူပိုင်ခွင့်ကင်းလွတ်ပြီ

DISNEY

ဓာတ်ပုံ ရင်းမြစ်, DISNEY

မစ်ကီးမောက်စ် ရုပ်ရှင် ထွက်ပြီး ၉၅ နှစ်ရှိလာတဲ့ ဒီကာလမှာ ဒီကာတွန်း ဇာတ်ကောင်ရဲ့ မူရင်းပုံ ကို ဒီဇန်နဝါရီလ ၁ ရက်နေ့က စပြီး မူပိုင်ခွင့် နဲ့ ကာကွယ်ထားလို့ မရတော့ပါဘူး။

သဘောကတော့ ဒစ်စနီ ကုမ္ပဏီအနေနဲ့ ဒီ ရုပ်ရှင်ကား ဇာတ်ကောင်ပုံကို အမေရိကန် နိုင်ငံအတွင်း သူတို့ မူပိုင်ဇာတ်ကောင်အဖြစ် ဆက်လက် သတ်မှတ်ထားလို့ မရတော့ ပါဘူး။

အများပြည်သူတွေအနေနဲ့ ဟိုးအရင်အစ အစောပိုင်းက မစ်ကီမောက်စ်နဲ့မင်နီ မောက်စ် ပုံတွေကို လွတ်လပ်စွာ အသုံးပြု နိုင်တော့မှာပါ။

ဒစ်စနီကုမ္ပဏီဟာ ဒီဇာတ်ကောင်ရဲ့ မူပိုင်ခွင့်ကို ကာကွယ်ဖို့ အတွက် ဆယ်စုနှစ် များစွာ ကြိုးပမ်းခဲ့ပါတယ်။