ဒီဇင်ဘာ ၂၅ ရက် ထိပ်တန်းသတင်းများ - မြောက်ဦးမှာ လက်နက်ကြီးကျလို့ သေဆုံးသူတိုးလာ

ပေါက်ကွဲမှု အစအနတွေ ထိမှန်ထားတဲ့ကလေးငယ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, ပေါက်ကွဲမှု အစအနတွေ ထိမှန်ထားတဲ့ကလေးငယ်

တိုက်ပွဲတွေပြင်းထန်နေတဲ့ မြောက်ဦးမြို့ပေါ်မှာ လက်နက်ကြီးတွေထပ်မံကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ကလေးငယ်တွေအပါအဝင် သုံးဦးဒဏ်ရာရရှိခဲ့ပြီး နွားသုံးကောင်လည်း သေဆုံးခဲ့တယ်လို့သိရပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ ဒီဇင်ဘာ ၂၅ ရက် ဒီကနေ့မွန်းလွဲပိုင်း ၃ နာရီခန့်မှာ တေဇာရာမဘုရားအနီးက ဆင်ချဆိပ်ရပ်ကွက်အတွင်းမှာ ကျရောက်ပေါက်ကွဲခဲ့ပြီး အခုလိုထိခိုက်သေဆုံးမှုတွေဖြစ်ပွားခဲ့တာလို့ ရပ်ကွက်တာဝန်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

“တောင်နားက အိမ်တစ်ဆောင်မှာ စုပြီးနေကြတာပါ။ အဲ့ဒီအိမ်ရှေ့နားမှာ ကျကွဲပြီးတော့ တစ်ဦးသေတယ်။ သုံးဦးဒဏ်ရာရတယ်။ နွားသုံးကောင်လည်း သေသွားတယ်”လို့ ဆိုပါတယ်။

လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဦးမောင်မောင်သိန်း အသက် ၄၀ နှစ်ဟာ နေရာမှာတင်သေဆုံးသွားပြီး အသက် ၄၃ နှစ်အရွယ် ဦးထွန်းဖြူ၊ အသက် ၁၈ နှစ်အရွယ် မခိုင်စိုးဝင်း၊ အသက် ၁၁ နှစ်အရွယ် မမြတ်ကြွယ်တို့ ဒဏ်ရာရရှိခဲ့ကြတယ်လို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့ နေရာအနီးဝန်းကျင်တွေကို စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေကနေ လက်နက်ကြီးတွေနဲ့ လှမ်းပြီးပစ်ခတ်နေပြီး လူနေရပ်ကွက်တွေထဲကို လက်နက်တွေ ကျရောက်ပေါက်ကွဲနေတာလို့ မြို့ခံတွေက ပြောပါတယ်။

လက်နက်ကြီးတွေကို စစ်ကောင်စီရဲ့ အမှတ် ၅၄၀ တပ်ရင်း၊ ၃၇၇ တပ်ရင်း၊ ၃၇၈ တပ်ရင်းနဲ့ အမှတ် ၃၄ ရဲတပ်ရင်းတွေကနေ ပစ်ခတ်နေတာလို့ မြို့ခံတွေက ပြောပါတယ်။

ဘီဘီစီက ရရှိထားတဲ့အချက်အလက်တွေအရ အခုလိုလက်နက်ကြီးကျရောက်ပေါက်ကွဲမှုတွေကြောင့် ဒီဇင်ဘာလ ၂၄ ရက် မနက်ပိုင်းကတည်းကဆိုရင် မြောက်ဦးမှာ သေဆုံးသူ ၄ ဦးအထိရှိလာပြီး ၁၂ ဦးထိရှိလာပါတယ်။

မြို့တွင်းလူနေရပ်ကွက်တွေကို လက်နက်ကြီးတွေ ကျရောက်နေတာကြောင့် မြောက်ဦးမြို့လူဦးရေရဲ့ ၃၀ ရာခိုင်နှုန်းလောက်သာ ကျန်ရှိပြီး အများစုဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်သွားကြပြီလို့ သိရပါတယ်။

လောက်ကိုင်မှာ လက်နက်ကြီးကျပြီး လူ ၁၀ ဦးထက်မနည်းသေဆုံး

လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာ

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကိုးကန့်ဒေသ၊ လောက်ကိုင်မြို့ထဲက တုံချိန်အရပ်ကို စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသားတွေအများစုပါဝင်တဲ့ လူ ၁၀ ဦးထက်မနည်းသေဆုံးတယ်လို့ ဘီဘီစီ သတင်းရင်းမြစ်တွေကပြောပါတယ်။

ဒီနေ့ နေ့လယ် ၁ နာရီခန့်မှာ ကျရောက်ပေါက်ကွဲတဲ့ လက်နက်ကြီးကြောင့် နောက်ထပ် ဒဏ်ရာရသူ အယောက် ၂၀ နီးပါးခန့်ရှိတယ်လို့လည်း သိရပါတယ်။

အခုတော့ ဒဏ်ရာရသူတွေကို တရုတ်နိုင်ငံဘက်ခြမ်းမှာ ဆေးကုသမှုပေးနေတယ်လို့ ကိုးကန့်တပ်(MNDAA)နဲ့ နီးစပ်သူတွေက ပြောပါတယ်။

လူမှုကွန်ရက်ပေါ် တက်လာတဲ့ရုပ်သံနဲ့ ဓာတ်ပုံတွေမှာတော့ အမျိုးသား ၄ ဦးထက်မနည်း မြေပြင်မှာလဲကျသေဆုံးနေတာတွေ့ရပြီး သေဆုံးတယ်လို့ ယူဆရတဲ့ လူ ၅ ဦးထက်မနည်းရဲ့အလောင်းတွေကို ကိုးကန့်တပ်ဖွဲ့ဝင်တွေက ပစ်ကပ်ကားတစ်စီးနောက်ခန်းပေါ် စုပြုံတင်ထားတာတွေ့ရပါတယ်။

လောက်ကိုင်မြို့ထဲက တုံချိန်အရပ်ဟာ အောက်တိုဘာလ ၂၇ ရက်တုန်းက စတင်တဲ့ ရှမ်းမြောက်က ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် တပ်စွဲထားတဲ့နေရာဖြစ်ပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှု အကြိမ်ကြိမ်ခံထားရတဲ့နေရာလည်းဖြစ်ပါတယ်။

အခုလက်နက်ကြီးကျရောက်ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကိုးကန့်တပ် ဘက်ကရော စစ်ကောင်စီတပ်ဘက်ကပါ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

ကိုးကန့်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ တစ်ရက်တည်း အရပ်သားသုံးဦးသေဆုံး

ကိုးကန့်မှာ လေကြောင်းတိုက်ခိုက်ခံရလို့ တစ်ရက်တည်း အရပ်သားသုံးဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, AFP

၁၀၂၇ စစ်ဆင်ရေးအဖြစ် စစ်ရေးတင်းမာနေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက သိန္နီမြို့ပေါ်ရဲစခန်းအနီးကို စစ်ကောင်စီတပ်တွေက ဂျက်တိုက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ချိန် အရပ်သား ၂ ဦးသေဆုံး၊ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA) က သတင်းထုတ်ပြန်ပါတယ်။

ဒီဖြစ်စဉ်ဖြစ်ခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက် တရက်တည်းမှာပဲ ကိုးကန့်ဒေသ (အိုလုံတုံ့) ဘက်ကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်ရာမှာ စစ်ရှောင်စခန်းပေါ်ကိုကျရောက်ပေါက်ကွဲခဲ့ပြီး ၁ ဦး သေဆုံးခဲ့သလို ကလေးငယ်တစ်ဦးအပါ စုစုပေါင်း ၅ ယောက်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ကိုးကန့်တပ်(MNDAA)ရဲ့ စာရင်းအရ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာ ၂၇ ရက်ကစလို့ ဒီဇင်ဘာ ၂၃ ရက်အထိ နှစ်လနီးပါးထဲ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၅၅ ဦးသေဆုံးခဲ့ပြီး အနည်းဆုံး အယောက် ၄၀ ကျော် ထိခိုက်ဒဏ်ရာရထားတယ်လို့ ဖော်ပြပါတယ်။

ဒီလိုလေကြောင်းတိုက်ခိုက်မှုသာမက မြေမြှုပ်မိုင်းတွေကြောင့်လည်း ထိခိုက်ဒဏ်ရာရသူတွေရှိနေပြီး ဒီဇင်ဘာ ၂၃ ရက်မှာတင် နယ်စပ်မှတ်တိုင် (၁၂၄) အနီး ထင်းကောက်နေတဲ့ အသက် ၁၆ နှစ်အရွယ် အမျိုးသမီးတစ်ဦး မိုင်းနင်းမိကာ ခြေနှစ်ချောင်းလုံးထိခိုက်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာလည်း စစ်ကောင်စီတပ်တွေထောင်ထားတဲ့ မိုင်းနင်းမိတာလို့ MNDAA တပ်က ပြောထားပြီး စစ်ကောင်စီဘက်ကတော့ ဒီဖြစ်စဉ်အပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေနဲ့ပတ်သက်လို့ ဒီဇင်ဘာ ၂၅ ရက် မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမရှိပါဘူး။

လက်ရှိမှာတော့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း မြို့ ၁၁ မြို့ကို ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီရဲ့ စခန်းအမျိုးအစားပေါင်း ရာနဲ့ချီကို တိုက်ခိုက်သိမ်းပိုက်ထားတာလည်းဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတံခါးအမြဲဖွင့်ထားတယ်လို့ စစ်ခေါင်းဆောင်ပြော

ငြိမ်းချမ်းရေးတံခါးအမြဲဖွင့်ထားတယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS

စစ်ကောင်စီအနေနဲ့ ငြိမ်းချမ်းရေးတံခါးကိုအမြဲဖွင့်လှစ်ပေးထားသလို စစ်တပ်အနေနဲ့လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေပြီး ထာဝစဉ်ဖိတ်ခေါ်ကြိုဆိုနေတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ္စမတ် ကျေးဇူးတော်ချီးမွမ်းပွဲအခမ်းအနားမှာ ပြောပါတယ်။

နေပြည်တော်၊ ပျဥ်းမနားမြို့က စိန့်မိုင်ကယ်ကက်သလစ်ဘုရားကျောင်းမှာပြုလုပ်တဲ့ ခရစ်တော်မွေးနေ့ကျေးဇူးတော်ချီးမွမ်းပွဲအခမ်းအနားကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချိန် အခုလိုပြောခဲ့တာပါ။

ခရစ်ယာန်ဘာသာဝင်ဆရာတော်ကြီးတွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအနေနဲ့ မိမိနေထိုင်ရာဒေသမှာ ငြိမ်းချမ်းရေးရဖို့ တတ်နိုင်တဲ့နည်းလမ်းတွေနဲ့ပါဝင်ဆောင်ရွက်ပေးဖို့လည်း ထည့်ပြောခဲ့ပါသေးတယ်။

လက်ရှိမှာတော့ ခရစ်ယာန်အများစုရှိတဲ့ ကရင်၊ ကရင်နီ၊ ကချင်၊ ချင်းနဲ့ ရှမ်း စတဲ့ပြည်နယ်တွေက နေရာအများစုကဒေသခံတွေ စစ်ဘေးရှောင်နေကြရပြီး မြန်မာမှာ စစ်ပြေးဒုက္ခသည် ၂ သန်းကျော်လာပြီလည်းဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတကတော့ အာဏာရှင်စနစ်ကြောင့် ငြိမ်းချမ်းရေးမရသေးတဲ့အခြေအနေဖြစ်သလို တောတောင်တွေထဲမှာ ဒေသခံတွေ ရုန်းကန်လှုပ်ရှားနေရပေမဲ့ အခုနှစ် ခရစ္စမတ်နေ့ကစတင်ပြီး ခရစ်တော်ရဲ့ပျော်ရွှင်မှု ငြိမ်းချမ်းမှုတွေကို ရရှိခံစားနိုင်ကြပါစေလို့ ဆုတောင်းစကားပြောထားပါတယ်။

မြောက်ဦးပြတိုက် လက်နက်ကြီးကျပြီး ပျက်စီး

အပျက်အစီးအတိုင်းအဆကို စုစည်းနေတုန်းလို့ သိရပါတယ်

ဓာတ်ပုံ ရင်းမြစ်, ပေးပို့

ဓာတ်ပုံ ပုံစာ, အပျက်အစီးအတိုင်းအဆကို စုစည်းနေတုန်းလို့ သိရပါတယ်

ရခိုင်ပြည်နယ်၊ မြောက်ဦးယဉ်ကျေးမှုနယ်မြေထဲက ရှေးဟောင်းအမွေအနှစ်တွေကို စုစည်းထားတဲ့ ယဉ်ကျေးမှုပြတိုက်ကို ဒီကနေ့မနက်ပိုင်းက လက်နက်ကြီးကျည်တစ်လုံးကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြတိုက်အဆောင်တစ်ခုလုံး ပြိုပျက်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီလက်နက်ကြီးကျည်ဟာ မနက်ပိုင်း ၅ နာရီလောက်မှာ ပြတိုက်အဆောက်အဦခေါင်မိုးပေါ်ကို ကျရောက်ပြီး ပေါက်ကွဲခဲ့ကာ အဆောက်အဦခေါင်မိုးတွေပြိုပျက်သွားခဲ့သလို ခေါင်မိုးအစိပ်အပိုင်းတချို့ဟာလည်း လွင့်စင်ပြီး အနီးရှိမကျည်းပင်ပေါ်မှာ တင်နေတာကိုတွေ့ခဲ့ရတယ်လို့ ပြတိုက်တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

‘‘မနက်ပိုင်း ၅ နာရီကျော်လာက်မှာကျတာပါ။ ပြတိုက်ရဲ့ခေါင်မိုးတည့်တည့်ကိုလာပြီးကျတာ။ အသံကတအားကိုမြည်တာ၊ ထွက်ကြည့်တော့ ခေါင်မိုးလဲပျက်သွားပြီ။ ပြတင်းတွေလည်းအကုန်ပွင့်ပြီးတော့တွေ့ရတယ်။ အတွင်းထဲက ပစ္စည်တွေထိခိုက်မှုဘယ်လောက်ရှိမလဲဆိုတာတော့ မသိရသေးဘူး’’လို့ သူကပြောပါတယ်။

မြောက်ဦးယဉ်ကျေးမှုပြတိုက်ဟာ မြောက်ဦးမြို့အလယ် နန်းတော်ရာကုန်းရဲ့ ပထမအထပ်မှာတည်ရှိပြီး ပြတိုက်ပရဝုဏ်အတွင်း နေထိုင်ကြတဲ့ဝန်ထမ်းတွေလည်းရှိကြသလို လူအိပ်နေချိန်ဖြစ်တာကြောင့် ထိခိုက်မှုတော့မရှိခဲ့ဘူးလို့ ပြောဆိုကြပါတယ်။

လက်နက်ကြီးကျည်ကျရောက်ပွဲကွဲတဲ့နေရာဟာ ကျောက်စာခန်းနဲ့ ဘုရားခန်းနေရာတွေဖြစ်ပြီး ပစ္စည်းထိခိုက်မှုတွေကိုတော့ စစ်ဆေးနေဆဲဖြစ်တယ်လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် ဒီကနေ့မနက်ပိုင်း ၈ နာရီဝန်းကျင်လောက်မှာ သျှစ်သောင်းပုထိုးတော်နဲ့ တစ်ဖာလုံလောက်သာကွာဝေးတဲ့ ကြက်ဈေးရပ်ကွက်စာသင်ကျောင်းအနီးက နေအိမ်တစ်ဆောင်မှာ နောက်ထပ်လက်နက်ကြီးကျည်တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပြီးတော့ လူတစ်ဦးလက်မောင်မှာ ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

လက်ရှိမှာတော့ မြောက်ဦးမြို့တိုက်ပွဲနှစ်ရက်အတွင်း တိုက်ပွဲတွေလည်းပြင်းထန်နေသလို စစ်ကောင်စီဘက်က ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်တွေဟာ နေရာအနှံ့ကျရောက်ပေါက်ကွဲမှုတွေရှိနေပြီး မြို့ပေါ်မှာကျရောက်ပေါက်ကွဲတာ ၉ ကြိမ်အတွင်း သေဆုံးသူ သုံးဦး၊ ဒဏ်ရာရသူ ၉ ဦးရှိလာပြီဖြစ်ပါတယ်။

လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တဲ့နေရာတွေကတော့ မြို့လယ် တောင်ရပ်ရပ်ကွက်မှာ နှစ်ကြိမ်၊ ဆင်ချဆိပ်ရပ်ကွက်မှာ နှစ်ကြိမ်၊ နန်းတော်ရာကုန်းပေါ်မှာ တစ်ကြိမ်၊ ကြက်ဈေးရပ်ကွက်မှာ တစ်ကြိမ်၊ ထူပါရုံစေတီအနီးမှာတစ်ကြိမ်၊ ပိဋကတ်တိုက်အနီးမှာတစ်ကြိမ်၊ လက်ကောက်ဈေးဘုန်းတော်ကြီးကျောင်းအနီးမှာတစ်ကြိမ် ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲတွေပြင်းထန်နေတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို အရေးပေါ်ဆေးဝါးကုသမှုခံယူနိုင်ရေး မြောက်ဦးခရိုင်ဆေးရုံကြီးကို ပို့ဆောင်ပေးလို့မရတာကြောင့် မြောက်ဦးမြို့ပေါ်နဲ့ ၁၀ မိုင်ကွာဝေးတဲ့ တိမ်ညိုတိုက်နယ်ဆေးရုံကို တောလမ်းတွေကနေ ပို့ဆောင်ပေးနေရတယ်လို့ မြောက်ဦးမြို့ခံတွေက ပြောဆိုကြပါတယ်။

မြောက်ဦးဆေးရုံကြီးဟာ တိုက်ပွဲဖြစ်ပွားနေတဲ့ မြို့မရဲစခန်းနဲ့အနီးဆုံနေရာမှာတည်ရှိနေတာကြောင့် ဆေးရုံဝန်ထမ်းတွေလည်း ထွက်ပြေးနေကြရတဲ့အတွက် ဆေးရုံတစ်ခုလုံး မလည်ပတ်နိုင်ဘဲဖြစ်နေတယ်လို့ သိရပါတယ်။