ဒီဇင်ဘာ ၁၀ ရက် ထိပ်တန်းသတင်းများ - လွိုင်ကော်မှာ တိုက်ပွဲဆက်ပြင်းထန်နေ ၊တိုက်ပွဲထဲ အရပ်သား ၈၀ ကျော်သေဆုံးထားပြီလို့ IEC ပြော

လွိုင်ကော်မှာ တိုက်ပွဲဆက်ပြင်းထန်နေ ၊တိုက်ပွဲထဲ အရပ်သား ၈၀ ကျော်သေဆုံးထားပြီလို့ IEC ပြော

ဓာတ်ပုံ ရင်းမြစ်, Social Media

ကယား (ကရင်နီ) ပြည်နယ် မြို့တော်လွိုင်ကော်မှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး ခရိုင်ရဲရုံးကို မနေ့ ဒီဇင်ဘာ ၉ ရက် ညပိုင်းက သိမ်းပိုက်နိုင်ပြီလို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က အတည်ပြုပြောပါတယ်။

"လွိုင်ကော် ဒကစ ‌(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်) ကိုကာကွယ်ဖို့ မြင့်တဲ့နေရာ ၁၈ ခုလောက်မှာ စစ်တပ်က အခိုင်အမာတပ်စွဲထားတယ်။ အခုတော့ ကျွန်တော်တို့ ၁၀ ခုကျော်ကို တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီ" လို့ IEC ဒုတိယဥက္ကဋ္ဌ လည်းဖြစ် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ပြောပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ရဲ့ ဒီဇင်ဘာ ၉ ရက်သတင်းထုတ်ပြန်ချက်မှာတော့ လွိုင်ကော်ပြည်နယ်ရဲရုံးတိုက်ခိုက်ခံရပေမဲ့ တော်လှန်ရေးအဖွဲ့တွေဘက်ကသာ အထိအခိုက်များခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။

ဒါအပြင် ကမ္ဘောဇဘဏ်ခွဲ ၂ မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ကွင်းမရှင်းလင်းတဲ့အတွက် သီရိမင်္ဂလာဈေးကို လက်နက်ကြီးတွေနဲ့ပစ်ပြီး မီးရှို့ခဲ့တယ်လို့ KNDF ဥက္ကဋ္ဌ ခွန်းဘီထူးက ဆက်ပြောပါတယ်။

တော်လှန်ရေးအင်အားစုတွေကတော့ တောင်ကွဲစေတီအနီးတဝိုက်မှာရှိနေကြောင်း ဆက်ပြောခဲ့သလို လက်နက်ကြီးထိခိုက်မှုကြောင့် စေတီပျက်စီးမှုအချို့ရှိတယ်လို့ ဒေသခံအချို့က ဓာတ်ပုံနဲ့တကွ လူမှုကွန်ရက်ပေါ်ရေးသားဖော်ပြနေကြပါတယ်။

စစ်ကောင်စီဘက်ကတော့ လွိုင်ကော်မြို့ သီရိမင်္ဂလာဈေး မီးလောင်ခဲ့မှုနဲ့ တောင်ကွဲစေတီဖြစ်စဥ်တွေနဲ့ ပတ်သက်လို့ ဒီဇင်ဘာ ၉ ရက် နေ့စဥ်သတင်းထုတ်ပြန်ချက်ထဲ ထည့်ပြောထားတာမတွေ့ရပါဘူး။

နိုဝင်ဘာ ၁၁ ရက်နေ့ကစတင်တဲ့ လွိုင်ကော်မြို့သိမ်း ၁၁၁၁ စစ်ဆင်‌ရေးကာလထဲမှာ အခုလိုတိုက်ပွဲပြင်းထန်တာရဲ့နောက်ဆက်တွဲအဖြစ် အရပ်သားနေအိမ်မီးရှို့ခံရတာ၊ သတ်ဖြတ်သေဆုံးတာတွေပိုမိုများလာပြီး အရပ်သား အယောက် ၈၀ ကျော်သေဆုံးထားခဲ့ပြီလို့ IEC ရဲ့ စာရင်းအရသိရပါတယ်။

လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ဆက်ပါဝင်ပေးဖို့ NUG ဝန်ကြီးပြော

လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ဆက်ပါဝင်ပေးဖို့ NUG ဝန်ကြီးပြော

ဓာတ်ပုံ ရင်းမြစ်, NUG

နိုင်ငံတကာအနေနဲ့ NUG ၊ EAOs တွေနဲ့ ပူးပေါင်းဖို့ တိုက်တွန်း

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ တန်းတူညီမျှရေးအတွက် အသက်ပေးခဲ့သူတွေ၊ တာဝန်ထမ်းဆောင်ဆဲသူတွေကို ချီးကျူးဂုဏ်ပြုပြီး လူ့အခွင့်အရေးတိုက်ပွဲတွေမှာ ဆက်လက်ပါဝင်ပေးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၁၀ ရက်မှာ ကျရောက်တဲ့ (၇၅ ) နှစ်မြောက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက အခုလို ထုတ်ပြောလာတာဖြစ်ပါတယ်။

အခုနှစ်မြန်မာအတွက် "လူ့ဂုဏ်သိက္ခာနှင့်အညီလွတ်လပ်မျှတခြင်းဆီ လှိုင်းများနှင့်အတူချီ" ဆိုတဲ့ ခေါင်းစဉ်ကို ရွေးချယ်ထားပြီး အာဏာရှင်စနစ်ကိုဖြိုဖျက်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်နိုင်ဖို့အတွက် တိုက်တွန်းတာလို့လည်း သူက ဆက်ပြောပါတယ်။

ဒါအပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ လူ့အခွင့်အရေးနေ့ ထုတ်ပြန်ချက်အရ နိုင်ငံတကာအသိုက်အဝန်းအ‌နေနဲ့ အကူအညီလိုအပ်နေသူတွေဆီ အမှန်တကယ်ကူနိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ တိုင်းရင်းသားတော်လှန်ရေးအင်အားစု(EAOs) တွေနဲ့ လက်တွေ့ကျကျ ပူးပေါင်းဖို့ တိုက်တွန်းအသိ‌ပေးထားတာတွေ့ရပါတယ်။

စစ်အာဏာသိမ်းထားတဲ့ သုံးနှစ်နီးပါးကာလထဲ ပြည်သူ ၄၂၅၀ ဦး သတ်ဖြတ်ခံထားရပြီး လူပေါင်း နှစ်သောင်းခွဲကျော်ကို ဖမ်းဆီးခဲ့တယ်လို့ CRPH ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာဖော်ပြပြီး ပြည်သူလူထုရဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေအတွက် သက်သေများစွာရှိတယ်လို့ထည့်ပြောထားပါတယ်။

CRPH ရဲ့စာရင်းအရ ပြည်သူပိုင် အိုးအိမ် အဆောက်အအုံ ရှစ်သောင်းဝန်းကျင်လည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကိုပါ စစ်ကောင်စီက လေကြောင်းနဲ့တိုက်ခိုက်ခဲ့တယ်လို့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအနေနဲ့ ဖော်ပြထားပါတယ်။

မြန်မာမှာ အာဏာသိမ်းနောက်ပိုင်း သတ်ဖြတ်မှုပိုများလာတယ်လို့ ကုလစစ်တမ်းဖော်ပြ

 ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတဲ့နေ့ နေပြည်တော်က လွှတ်တော်နဲ့ အစိုးရအဖွဲ့သွားရာလမ်းကို စစ်ကားတွေပိတ်ဆို့ထားမှု

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းတဲ့နေ့ နေပြည်တော်က လွှတ်တော်နဲ့ အစိုးရအဖွဲ့သွားရာလမ်းကို စစ်ကားတွေပိတ်ဆို့ထားမှု

လူသတ်မှုနဲ့ အခြားရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုအရေအတွက်ဟာ ၂၀၂၁ ခုနှစ်မှာ ကမ္ဘာတဝန်း စံချိန်တက်မြင့်တက်လာပြီး အဲဒီထဲက အမြင့်ဆုံးနိုင်ငံတွေစာရင်းမှာ မြန်မာပါဝင်တယ်လို့ သောကြာနေ့ကထုတ်ပြန်ထားတဲ့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇ၀တ်မှုဆိုင်ရာရုံး (UNODC) ရဲ့ ကမ္ဘာလုံးဆိုင်ရာ လူသတ်မှုများလေ့လာချက်စစ်တမ်း(Global Study on Homicide ) ကဖော်ပြပါတယ်။

COVID-19 ကပ်ရောဂါကာလ ပိတ်ဆို့မှုတွေနဲ့ စီးပွားရေးပြဿနာဖိအားတွေက လူသတ်မှုတွေအတွက် တစိတ်တပိုင်း တွန်းအား‌ဖြစ်ခဲ့သလို မြန်မာနိုင်ငံလို နိုင်ငံရေးအခြေအနေတွေကြောင့်လည်း ဒီအခြေအနေတွေကို မြင့်တက်လာစေတယ်လို့ UNODC ကဆိုပါတယ်။

အီကွေဒေါနဲ့ မြန်မာ အပါအဝင် အခြားနိုင်ငံတွေမှာ အုပ်စုဖွဲ့ သတ်ဖြတ်မှု ဒါမှမဟုတ် နိုင်ငံရေးအကြမ်းဖက်မှုတွေ မြင့်တက်လာတယ်လို့လည်း UNODC စစ်တမ်းကပြောထားပါတယ်။

၂၀၂၁ ခုနှစ်ထဲမှာ လူပေါင်း ၄ သိန်း ၅‌ သောင်း ၈ ထောင် ဝန်းကျင် ရည်ရွယ်ချက်ရှိရှိ အသတ်ခံခဲ့ရပြီး ၂၀၀၀ ပြည့်နှစ်ကစခဲ့တဲ့ နှစ်စဥ်မှတ်တမ်းအရဆိုရင် နှစ်စဥ် ၄၀၀,၀၀၀ ကနေ ၄၅၀,၀၀၀ ကြား သေဆုံးနှုန်းထက် ပိုများလာတာ ဖြစ်တယ်လို့ UNODC လေ့လာချက်က ဖော်ပြပါတယ်။

Global Study on Homicide အရ ဆိုရင် လူသေမှုကိုဖြစ်စေတဲ့အကြောင်းအရင်းတွေထဲ အုပ်စုဖွဲ့ ရာဇ၀တ်ဂိုဏ်းတွေ၊ ပဋိပက္ခတွေ အပါအဝင် အမျိုးမျိုးသောအခြေအနေနဲ့ လူသတ်မှုတွေဖြစ်နေတယ်လို့ဆိုပြီး တောင်အာဖရိကနိုင်ငံနဲ့အတူ လက်တင်အမေရိကနဲ့ ကာရေဘီယံ ဒေသနိုင်ငံတွေ အပြင်ဘက် ထိပ်တန်း ၁၀ နိုင်ငံထဲမှာ မြန်မာနိုင်ငံ ပါဝင်ပါတယ်။ အဆိုးရွားဆုံး ၁၀ နိုင်ငံမှာ ၈ နိုင်ငံကတော့ လက်တင်အမေရိက နဲ့ ကာရေဘီယံ နိုင်ငံတွေဖြစ်ပါတယ်။

စစ်တမ်းအရဆိုရင် အမေရိကတိုက် နိုင်ငံတွေဟာ ကမ္ဘာမှာ လူသတ်မှုနှုန်း အမြင့်မားဆုံးဖြစ်ပြီး အနိမ့်ဆုံး ဥရောပထက် ခြောက်ဆကျော်ရှိနေတယ်လို့ ရိုက်တာသတင်းကလည်းဖော်ပြပါတယ်။

၂၀၂၂ ခုနှစ်ကုလသမဂ္ဂရဲ့ အစီရင်ခံစာမှာတော့ အာဏာသိမ်းစစ်တပ်နဲ့ သူ့ရဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေဟာ နိုင်ငံ့တွင်းက ခုခံတော်လှန်တဲ့ ဒေသတွေမှာ အရပ်သားတွေကိုအစုလိုက်အပြုံလိုက်သတ်ဖြတ်တာနဲ့ ပစ်မှတ်ထားတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ ဖော်ပြထားကြောင်း ရိုက်တာသတင်းကရေးပါတယ်။

စစ်တပ်ဘက်ကတော့ နိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို အာမခံဖို့ တာဝန်ရှိတယ်လို့ဆိုပြီး ရက်စက်ကြမ်းကြုတ်မှုတွေနဲ့ သတ်ဖြတ်မှုတွေကို ငြင်းဆိုထားပြီး တစ်ဖက်တော်လှန်ရေးအင်အားစုတွေကို ဆူပူအုံကြွမှုဖြစ်စေတဲ့ "အကြမ်းဖက်သမားများ" လို့ စွပ်စွဲတုံ့ပြန်လေ့ရှိပါတယ်။

စက်သုံးဆီဆိုင်နဲ့ နီးနေပြီလား၊ ဘယ်လောက်ကွာသေးလဲ

 စက်သုံးဆီဆိုင်နဲ့ နီးနေပြီလား၊ ဘယ်လောက်ကွာသေးလဲ

ဒီရက်ပိုင်းထဲ စက်သုံးဆီဝယ်ယူဖြည့်တင်းရတာပိုပြီးခက်ခဲလာတယ်လို့ ရန်ကုန်မြို့ခံအချို့က ဘီဘီစီကို ပြောကြပါတယ်။

"စနေ၊ တနင်္ဂနွေက ပိုဆိုးတယ်။ အချို့ဆိုင်က ဆီကားမဝင်ဘူး။ ဆီဆိုင်တွေကလည်း သေချာ မကြေညာပေးတော့ ပိုပြီးတော့ဆိုးတာ" လို့ ဒီကနေ့မနက်ပိုင်း ဇီးရိုးမိုင်အထိ စက်သုံးဆီသွားရောက်စီတန်းခဲ့ရတဲ့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

ရန်ကုန်မြို့တွင်းမှာဆိုရင်လည်း စက်သုံးဆီဆိုင်တွေမှာ ညလုံးပေါက် ကားတွေ စီတန်းစောင့်ဆိုင်းနေရတယ်လို့ သိရပါတယ်။

တဖက်မှာတော့ စစ်ကောင်စီက အခုဒီဇင်ဘာလထဲမှာပဲ ပြည်ပကဆီတင်သင်္ဘော ၂၇ စီး ထပ်မံတင်သွင်းဖို့ ညှိနှိုင်းဆောင်ရွက်ထားတဲ့အကြောင်း ထုတ်ပြောလာပါတယ်။

နိုင်ငံပိုင်သတင်းဌာနရဲ့ တယ်လီဂရန်မှာမျှဝေထားတဲ့ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနဲ့ သီးသန့်အင်တာဗျူးမှာ ကော်မတီ အတွင်းရေးမှူး ဦးသန်းဇော်က အခုလို ဖြေကြားထားတာဖြစ်ပြီး ဒီရက်ပိုင်းထဲ နေပြည်တော်၊ ရန်ကုန် နဲ့ မန္တလေးတို့မှာ အရင်ဖြန့်ဖြူးပေးနေတဲ့ ပမာဏထက်ပိုပြီး စက်သုံးဆီအမျိုးမျိုး ဂါလန် ၈ သိန်းကျော် ပိုပြီးဖြန့်ဖြူးပေးထားတယ်လို့လည်း ကိန်းဂဏန်းတွေနဲ့ ကိုးကားပြောခဲ့တာပါ။