အမေရိကန်တိုက်ခိုက်မှုကြောင့် အရပ်သားတွေအပါအဝင် ၁၆ ဦးသေတယ်လို့ အီရတ်ပြော

၂၀၂၄ ဇန်နဝါရီလတုန်းက ဆီးရီးယားမှာ ကင်းလှည့်လည်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဇန်နဝါရီလတုန်းက ဆီးရီးယားမှာ ကင်းလှည့်လည်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တွေ့ရစဉ်

အမေရိကန်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားတွေအပါအဝင် လူ ၁၆ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့တယ်လို့ အီရတ်အစိုးရက ပြောဆိုထားပါတယ်။

အီရန်ကျောထောက်နောက်ခံရ ပြည့်သူ့စစ်တွေနဲ့ အီရန်အကျိုးစီးပွားရှိရာနေရာတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ အီရတ်ရဲ့ အချုပ်အခြာအာဏာကို ကျူးကျော်လိုက်တာဖြစ်တာဖြစ်ပြီး အီရတ်နဲ့ ဒေသတစ်ခုလုံးကို ချောက်ကမ်းပါးစွန်းကို တွန်းပို့လိုက်တာဖြစ်တယ်လို့ အီရတ်အစိုးရရဲ့ ပြောခွင့်ရှိသူက ပြောဆိုလိုက်ပါတယ်။

အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့နဲ့ ဆက်နွှယ်နေတဲ့ ဆီးရီးယားနဲ့ အီရတ်က အဆောက်အဦနဲ့ နေရာ ၇ ခုကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်က ပြောထားပါတယ်။

ပစ်မှတ်တွေဟာ ဆီးရီးယားက ၄ ခုနဲ့ အီရတ်က ၃ ခု ဖြစ်ပြီး အဲဒီနေရာ ၇ ခုက ပစ်မှတ်ပေါင်း ၈၅ ခုကို ဗုံးကြဲလေယာဥ်တွေက ဒုံးကျည် ၁၂၅ စင်းနဲ့ မိနစ် ၃၀ ကြာ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

တနင်္ဂနွေနေ့က ဂျော်ဒန်က အမေရိကန် စစ်စခန်းတစ်ခု ဒရုန်းနဲ့တိုက်ခိုက်ခံရလို့ အမေရိကန် တပ်ဖွဲ့ဝင် ၃ ဦးသေဆုံးပြီး ၄၀ ဒဏ်ရာရသွားခဲ့တာဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာမယ်လို့ အီရတ်ဝန်ကြီးချုပ်ရဲ့ ပြောခွင့်ရှိသူ ပြော

အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာအယ်လ်ဆူဒနီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အီရတ်ဝန်ကြီးချုပ် မိုဟာမက် ရှီယာအယ်လ်ဆူဒနီ

အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ အီရတ်ရဲ့ အချုပ်အခြာအာဏာကို ထိပါးတာဖြစ်တယ်လို့ အီရတ်ဝန်ကြီးချုပ်ရဲ့ပြောခွင့်ရှိသူက ပြောဆိုခဲ့တယ်လို့ အေအက်ဖ်ပီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အီရတ်နဲ့ ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးတို့အတွက် ဆိုးရွားတဲ့ အကျိုးဆက်တွေရှိလာလိမ့်မယ်လို့ ဗိုလ်ချုပ် ဟဲဟီယာ ရာဆိုးက ပြောဆိုခဲ့ပါတယ်။

လွန်ခဲ့တဲ့ တနင်္ဂနွေနေ့မှာ အမေရိကန်စစ်စခန်းတစ်ခုကို မောင်းသူမဲ့လေယာဉ်နဲ့တိုက်ခိုက်မှုကြောင့် စစ်သည်သုံးဦးသေဆုံးခဲ့တာကို တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်ဟာ ဆီးရီးယားနဲ့ အီရတ်က ပစ်မှတ် ၈၅ ခုကို တိုက်ခိုက်ခဲ့ပါတယ်။

အရှေ့အလယ်ပိုင်းမှာ ပဋိပက္ခဖြစ်အောင် အမေရိကန် မီးထိုးပေးနေတယ်လို့ ဆီးရီးယားစွပ်စွဲ

အီရတ်နဲ့ ဆီးရီးယားက ပစ်မှတ်တွေကို အမေရိကန်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ရှုတ်ချပြောဆိုလိုက်ပါတယ်။

အမေရိကန်စစ်တပ်ဟာ နိုင်ငံတကာငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးကို ခြိမ်းခြောက်ပြီး ဒေသတွင်း ပဋိပက္ခဖြစ်အောင် မီးထိုးပေးနေတာဖြစ်ကြောင်း အမေရိကန်တိုက်ခိုက်မှုတွေက သက်သေထပ်ပြလိုက်ပါပြီ လို့ ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ဆာနာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဆီးရီးယားနိုင်ငံတွင်း အမေရိကန်စစ်သည်တွေရှိနေတာဟာ ကျူးကျော်မှုဖြစ်တယ်လို့ ဆီးရီးယားအစိုးရက ပြောဆိုထားပြီးဖြစ်ပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားမှုတွေကို ရက်စက်စွာနှိမ်နင်းခဲ့မှုကြောင့် အဖွဲ့ဝင်အဖြစ်မှ ဆယ်နှစ်ကျော်ထုတ်ပယ်ခံရပြီးနောက် အရင်နှစ်မှာတော့ ဆီးရီးယားကို အာရပ်အဖွဲ့ချုပ်မှာ အဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံခဲ့ပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ အခြားအနောက်နိုင်ငံတွေက ဒီလိုလုပ်ဆောင်ချက်ကို ဝေဖန်ခဲ့ပြီး သမ္မတဘာရှား အယ်လ်-အာဆတ်ရဲ့ ဆီးရီးယားအစိုးရနဲ့ဆက်ဆံရေးပြန်လည်ထားရှိမှာမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်မှုက ဒေသတွင်း တင်းမာမှုအပေါ် သက်ရောက်ပုံကို ဗြိတိန်တပ်မှူးဟောင်း သုံးသပ်

၂၀၂၄ ဇန်နဝါရီလတုန်းက ဆီးရီးယားမှာ ကင်းလှည့်လည်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဇန်နဝါရီလတုန်းက ဆီးရီးယားမှာ ကင်းလှည့်လည်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တွေ့ရစဉ်

အမေရိကန်ရဲ့ တိုက်ခိုက်မှုဟာ ဒေသတွင်းတင်းမာမှုအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိနိုင်တယ်ဆိုတာကို ဗြိတိန်ပူးပေါင်းတပ်ဖွဲ့ကွပ်ကဲရေးရဲ့ တပ်မှူးဟောင်း ဘာရွန်စ်က က ဘီဘီစီရေဒီယို ၄ ကို ပြောပြထားပါတယ်။

အမေရိကန်ဟာ သူတို့တိုက်ခိုက်မယ်ဆိုတာကို ကြိုတင်အသိပေးပြီး အီရန်တပ်မှူးတွေ အန္တရာယ်ကင်းအောင် အချိန်ပေးခဲ့တယ်လို့ ဗိုလ်ချုပ်ဆာ ရစ်ချတ် ဘာရန်စ်က ပြောဆိုခဲ့ပါတယ်။

နှစ်ဖက်စလုံးဟာ တင်းမာမှုကို ပိုမမြင့်တက်စေလိုဘူးဆိုတာ ထင်ရှားပါတယ်လို့ သူက ပြောပါတယ်။

ဒီနှစ်မှာပြုလုပ်မယ့် အမေရိကန်သမ္မတရွေးကောက်ပွဲကြောင့်ဖြစ်စေ၊ ဂါဇာမှာ အခြေအနေတိုးတက်တာကြောင့်ဖြစ်စေ မဟာဗျူဟာပုံစံပြောင်းလဲသွားမှသာ အခြေအနေတွေ ပြောင်းလဲလာမှာလို့ သူက သုံးသပ်ထားပါတယ်။

နောက်ထပ်တင်းမာမှုတွေမဖြစ်အောင် ရှောင်ရှားဖို့ အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ တောင်းဆို

အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ

ဓာတ်ပုံ ရင်းမြစ်, REUTER

ဓာတ်ပုံ ပုံစာ, အီးယူနိုင်ငံခြားရေးမူဝါဒအကြီးအကဲ

ဆီးရီးယားနဲ့ အီရတ်က အီရန်ကျောထောက်နောက်ခံရ အုပ်စုတွေကို အမေရိကန်က တိုက်ခိုက်ပြီးနောက်မှာ အရှေ့အလယ်ပိုင်းမှာ နောက်ထပ်တင်းမာမှုတွေကို ရှောင်ရှားဖို့ ဥရောပသမဂ္ဂနိုင်ငံခြားရေးမူဝါဒ အကြီးအကဲက သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တောင်းဆိုလိုက်ပါပြီ။

အခြေအနေတွေ ပေါက်ကွဲထွက်မလာဖို့ သက်ဆိုင်ရာအဖွဲ့အားလုံး လုပ်ဆောင်သင့်တယ် လို့ ဂျိုးဆက် ဘော်ရယ်က ဘရပ်ဆဲမှာ ပြုလုပ်တဲ့ ဥရောပသမဂ္ဂနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။

ဘော်ရယ်က အမေရိကန်ရဲ့တိုက်ခိုက်မှုကို တိုက်ရိုက်မပြောခဲ့ပေမယ့် အရှေ့အလယ်ပိုင်းဟာ ပေါက်ကွဲနိုင်တဲ့ ဘွိုင်လာအိုးကြီးဖြစ်နေပြီလို့ ထပ်မံသတိပေးလိုက်ပါတယ်။

‘’လူတိုင်း တင်းမာမှုကိုရှောင်ရှားသင့်ပါတယ်’’ လို့ သူက ဆက်ပြောခဲ့ပါတယ်။

အမေရိကန်ရဲ့ တိုက်ခိုက်ခွင့်ကို ထောက်ခံတယ်လို့ ဗြိတိန်အစိုးရ ပြောခွင့်ရှိသူ ပြော

၂၀၂၄ ဇန်နဝါရီလတုန်းက ဆီးရီးယားမှာ ကင်းလှည့်လည်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တွေ့ရစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၄ ဇန်နဝါရီလတုန်းက ဆီးရီးယားမှာ ကင်းလှည့်လည်နေတဲ့ အမေရိကန်တပ်ဖွဲ့တွေကို တွေ့ရစဉ်

ဗြိတိန်အစိုးရရဲ့ ပြောခွင့်ရှိသူက အီရတ်နဲ့ ဆီးရီးယားက အမေရိကန်ရဲ့တိုက်ခိုက်မှုတွေအပေါ် မှတ်ချက်ပြုပြီး အမေရိကန်နဲ့ ဗြိတိန်တို့ဟာ ခိုင်မာတဲ့မဟာမိတ်တွေဖြစ်တယ် လို့ ပြောခဲ့ပါတယ်။

ကျွန်တော်တို့အနေနဲ့ အမေရိကန်ရဲ့စစ်ဆင်ရေးအပေါ် မှတ်ချက်မချလိုပေမယ့် သူတို့ရဲ့ တိုက်ခိုက်ခွင့်ကိုတော့ ထောက်ခံပါတယ်လို့ ဗြိတိန်အစိုးရရဲ့ ပြောခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။

အီရန်ရဲ့ ဒေသတွင်း တည်ငြိမ်မှုပျက်စေမယ့် အပြုအမူတွေကို ရှုတ်ချတယ်လို့ ဗြိတိန်အစိုးရရဲ့ ပြောခွင့်ရှိသူက ပြောဆိုခဲ့ပါတယ်။