အာဏာအလွဲသုံးမှု၊ ငွေကြေးခဝါချမှုတွေနဲ့ မလေးရှားဝန်ကြီးချုပ်ဟောင်း ထိန်းသိမ်းခံရ- မတ်လ ၉ ရက် ညနေပိုင်း နိုင်ငံတကာသတင်းများ

မလေးရှား ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယက်ဆင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲမှာ မစ္စတာ မူဟစ်ဒင်နဲ့ သူ့ပါတီ ရှုံးနိမ့်ခဲ့

မလေးရှားနိုင်ငံမှာ ဝန်ကြီးချုပ်ဟောင်းတစ်ဦး ထိန်းသိမ်းခံထားရပြီး အာဏာအလွဲသုံးမှု၊ ငွေကြေး ခဝါချမှုတွေနဲ့ဆက်နွှယ်တဲ့ စွဲချက်တွေနဲ့ တရားစွဲရဖို့ ရှိပါတယ်။

ဝန်ကြီးချုပ်ဟောင်း မူဟစ်ဒင် ယက်ဆင်ကို သူ့အစိုးရလက်ထက် ကိုဗစ်ကပ်ဘေး ပြန်လည်ထူထောင်ရေး စီမံကိန်းတစ်ခုနဲ့ ဆက်နွှယ်ပြီး မလေးရှား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က ဒီကနေ့မှာ စစ်ဆေးမေးမြန်းခဲ့ပါတယ်။

အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ရတဲ့ ၂၀၂၁ ခုနှစ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်သွားခဲ့တဲ့ မစ္စတာ မူဟစ်ဒင်နဲ့ သူ့ရဲ့ ဘာဆာတူ ပါတီဟာ လက်ရှိအစိုးရရဲ့ စုံစမ်းစစ်ဆေးတာကို ခံနေရပါတယ်။

အစိုးရနဲ့ ကန်ထရိုက်ရဖို့ ဆောက်လုပ်ရေးကုမ္ပဏီတွေက သူ့ပါတီရဲ့ ဘဏ်စာရင်းထဲ ငွေတွေ သွင်းပေးခဲ့ရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို မစ္စတာ မူဟစ်ဒင်က ငြင်းဆိုထားပါတယ်။

သူ့ကို မနက်ဖြန် သောကြာနေ့မှာ တရားဝင်တရားစွဲဆိုမှာ ဖြစ်ပါတယ်။

ယူကရိန်း နျူကလီးယားစက်ရုံ ကာကွယ်ရေး အမြန်ဆုံး လုပ်ဖို့ IAEA အကြီးအကဲ တိုက်တွန်း

 ဇာပိုရီးရှား နျူကလီးယားစက်ရုံ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားတို့ သိမ်းပိုက်ထားတဲ့ ဇာပိုရစ်ဇီယာ နျူကလီးယားစက်ရုံဟာ ဥရောပဒေသက အကြီးဆုံး နျူကလီးယားစက်ရုံတွေထဲက တစ်ခုဖြစ်

ယူကရိန်းနိုင်ငံ တောင်ပိုင်းက ရုရှားတပ်ဖွဲ့တွေ သိမ်းပိုက်ထားတဲ့ ဇာပိုရီးရှား နျူကလီးယားစွမ်းအင် စက်ရုံ အကြီးအကျယ် ထိခိုက် ပျက်စီးသွားမယ့် အခြေအနေကို တားဆီးနိုင်ရေး အမြန်ဆုံး ဆောင်ရွက်ဖို့ IAEA ကုလသမဂ္ဂ နျူကလီးယား စောင့်ကြည့်လေ့လာရေးအဖွဲ့ အကြီးအကဲက တိုက်တွန်းလိုက်ပါတယ်။

ရုရှားတပ်ဖွဲ့တွေ အခုနောက်ထပ် ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်တွေကြောင့် အဲဒီစက်ရုံမှာ ရေဒီယိုသတ္တိကြွပစ္စည်းတွေကို အေးအောင်လုပ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ပေးနေတဲ့ တစ်ခုတည်းသော ဓာတ်အားပေးလိုင်း ပြတ်တောက်သွားခဲ့ရအပြီးမှာ အခုလို ထုတ်ဖော်ပြောဆိုလိုက်တာပါ။

ပြင်းထန်တဲ့စကားလုံးတွေပါတဲ့ ကြေညာချက်ကို IAEA အဖွဲ့ဝင်တွေရှေ့မှာ ဖတ်ပြရင်း IAEA အကြီးအကဲ ရာဖာအဲလ် ဂရော့စီ က ဒီလိုအခြေအနေမျိုး ရှေ့လျှောက် ဆက်ဖြစ်မနေသင့်ဘူးလို့ ပြောသွားခဲ့ပါတယ်။

အဲဒီစက်ရုံနားတဝိုက်ကို စစ်မဲ့ဇုံအဖြစ် သတ်မှတ်ထားရှိဖို့ မစ္စတာ ဂရော့စီက တွန်းအားပေး ပြောဆိုနေတာ ဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက မစ်ဆိုင်းဒုံးတွေနဲ့ အကြီးအကျယ် ထပ်တိုက်ခိုက်ခဲ့

ယူကရိန်း၊ ရုရှား မစ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရုရှားရဲ့ မစ်ဆိုင်းဒုံး တိုက်ခိုက်မှုကြောင့် လဗိဗ်ဒေသက နေအိမ်အများအပြား ထိခိုက်ပျက်စီးခဲ့

ယူကရိန်းနိုင်ငံအပေါ် ရုရှားက မစ်ဆိုင်းဒုံးတွေ မနေ့ညတုန်းက အလုံးအရင်းနဲ့ ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့မှုတွေအတွင်း စွမ်းအင် အခြေခံအဆောက်အဦတွေနဲ့ နေအိမ်တွေ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီလိုလုပ်တာဟာ ရုရှားအစိုးရအနေနဲ့ ကြံရာမရ လုပ်မိလုပ်ရာ နည်းလမ်းသုံးခဲ့တာ ဖြစ်တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးက ရှုတ်ချ ပြောဆိုလိုက်ပါတယ်။ မစ်ဆိုင်းဒုံးနဲ့ ဒရုန်း စုစုပေါင်း ၉၀ နီးပါးလောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ယူကရိန်းစစ်တပ်ဘက်က ပြောပါတယ်။

အကြီးဆုံးမြို့ကြီး ၃ မြို့ ဖြစ်တဲ့ ကိယက်ဗ်၊ ဟာကိဗ်နဲ့ အိုဒက်ဆာ အပါအဝင် မြို့ကြီးမြို့ငယ် အများအပြား လျှပ်စစ်မီးတွေ ပြတ်တောက်ကုန်ပါတယ်။

ကိယက်ဗ်မြို့မှာ နေအိမ် ၄၀ ရာခိုင်နှုန်းလောက် အပူဓာတ်မရဘဲ ဖြစ်ကုန်ကြတယ်လို့ မြို့တော်ဝန် ဗီတာလီယာ ကလစ်ရှ်ကို က ပြောပြပါတယ်။

နိုင်ငံအနောက်ပိုင်း လဗိဗ်ဒေသက တိုက်ခိုက်မှုတစ်ခုအတွင်း အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ပြီး နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပါတယ်။

အင်ဒိုနီးရှား ဘောလုံးကွင်း လူပိသေဆုံးခဲ့မှု ဘောလုံးအဖွဲ့ တာဝန်ရှိသူ နှစ်ဦး ထောင်ဒဏ် ချမှတ်ခံရ

အင်ဒိုနီးရှား ဘောလုံးကွင်းတွင်း လူအချင်းချင်း ပိမိသေဆုံးမှု ဖြစ်ရပ်

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရဲရဲ့ မျက်ရည်ယိုဗုံးနဲ့ လူစုခွဲမှုအတွင်း အချင်းချင်း ပိမိပြီး ဘောလုံးပွဲကြည့် ပရိသတ် ၁၃၅ ဦး သေဆုံးခဲ့
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အင်ဒိုနီးရှားနိုင်ငံမှာ ကမ္ဘာ့အဆိုးရွားဆုံး ဖြစ်ရပ်တစ်ခုဖြစ်တဲ့ အားကစားရုံတွင်း လူအချင်းချင်း တိုးဝှေ့ပိ သေဆုံးခဲ့မှုနဲ့ ပတ်သက်လို့ ဘောလုံး တာဝန်ရှိပုဂ္ဂိုလ် နှစ်ဦးကို တာဝန်လစ်ဟင်းမှုနဲ့ တရားရုံးက ထောင်ဒဏ် ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက မာလန်းမြို့ အားကစားရုံတစ်ခုမှာ ဘောလုံးကွင်းထဲ ဝင်လာတဲ့ ဘောလုံးပွဲကြည့်ပရိသတ်တွေကို ရဲက မျက်ရည်ဗုံးတွေနဲ့ ပစ်ခတ် လူစုခွဲခဲ့ရာကနေ လူအချင်းချင်း တိုးဝှေ့ပိမိပြီး လူ ၁၃၅ ဦး သေဆုံးခဲ့ပါတယ်။

Arema FC မြို့ခံ ဘောလုံးအသင်းကော်မတီ ဥက္ကဋ္ဌ အဗ္ဗဒူလ် ဟာရစ်စ်ကို ထောင်ဒဏ် တစ်နှစ်ခွဲ၊ အသင်း လုံခြုံရေးအရာရှိ ဆူကို ဆပ်ထရစ်စ်နို ကို ထောင်ဒဏ် တစ်နှစ် တရားသူကြီးက ချမှတ်ခဲ့ပါတယ်။

အမှုလိုက်ရှေ့နေတွေကတော့ သူတို့ကို ထောင်ဒဏ် ၆ နှစ်ကျော် ချမှတ်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဘောလုံးပွဲမှာ မျက်ရည်ယိုဗုံးတွေ သုံးပြီး လူစုခွဲတာဟာ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ လမ်းညွှန်ချက် စည်းကမ်းကို ချိုးဖောက်ရာ ကျပါတယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ သီတင်း ၃ ပတ်ကလည်း ဆီမာရန်းမြို့က ဘောလုံးပွဲကြည့်ပရိသတ်တွေကို ရဲက မျက်ရည်ဗုံး ထပ်သုံးပြီး လူစုခွဲခဲ့ပါတယ်။