ပြင်သစ်အဓိကရုဏ်း ဆန္ဒပြသူ ၁၃ဝဝကျော်ကို ဖမ်းဆီး -ဇူလိုင် ၁ ရက် ညနေခင်း နိုင်ငံတကာ သတင်းများ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ပြင်သစ်နိုင်ငံ ရဲတပ်ဖွဲ့က မြို့ပြဧရိယာထဲမှာ ၄ ရက်ဆက်တိုက် အဓိကရုဏ်းတွေ လုပ်ခဲ့တဲ့ ဆန္ဒပြတဲ့သူ လူ ၁၃ဝဝ ကျော်ကို ဖမ်းဆီးလိုက်ပါတယ်။

ယာဉ် ၁ဝဝဝ ကျော် မီးရှို့ခံရပြီး ရဲတပ်ဖွဲ့အရာရှိ ဒါဇင်နဲ့ချီ ဒဏ်ရာရခဲ့ပါတယ်။

မာဆေး၊ လီယွန်၊ ဂရန်းနိုဗယ်နဲ့ ပဲရစ်က နေရာတွေမှာ မငြိမ်သက်မှုတွေ ဖြစ်နေပါတယ်။

ဇွန် ၂၇ ရက်နေ့က ဆယ်ကျော်သက်တစ်ဦးကို ရဲအရာရှိတစ်ဦးက ပစ်ခတ်ခဲ့လို့ သေဆုံးခဲ့ပြီးတဲ့နောက် ပြင်သစ်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာတာ အခုဆိုရင် ၄ ရက်မြောက် ရှိလာပြီ ဖြစ်ပါတယ်။

ပဲရစ်က ဆင်ခြေဖုံးနန့်တဲမှာ သေဆုံးသွားတဲ့သူရဲ့ စျာပနအခမ်းအနားကိုလည်း ကျင်းပဖို့ ရှိနေပါတယ်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန် ရွေးကောက်ပွဲမှာ ပြန်ရွေးခံဖို့ စည်းရုံးလှုပ်ရှားမှု စတင်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကမ္ဘာဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်က ရွေးကောက်ပွဲမှာ ပြန်လည် အရွေးခံဖို့ စည်းရုံး လှုပ်ရှားမှုကို စတင်လိုက်ပါတယ်။

ဖနွမ်းပင်မြို့တော်မှာ ထောင်နဲ့ချီတဲ့ ထောက်ခံတွေသူကို စကားပြောရာမှာ ဟွန်ဆန်က ကျောင်းတွေ တံတားတွေ ပိုဆောက်ပေးဖို့နဲ့ လုပ်ခလစာ ပိုကောင်းဖို့ ကတိပေးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံကို ပြိုကွဲအောင် လုပ်ဆောင်နေတဲ့ ရန်လိုနေတဲ့ အဝန်းအဝိုင်းကိုလည်း ဖယ်ရှားပေးမယ်လို့ သူက ပြောပါတယ်။

"နိုင်ငံစည်းရုံးမှုအားကောင်းစေဖို့ ကျွန်တော်တို့ ကြိုးစားသွားပါမယ်၊ တဦးချင်း၊ အုပ်စုတွေနဲ့ နိုင်ငံရေးအဖွဲ့တွေရဲ့ အစွန်းရောက်တဲ့ နိုင်ငံရေးနဲ့ လှုပ်ရှားမှုအားလုံးကို တားဆီးသွားပါမယ်၊ ရန်လိုတဲ့ အဝန်းအဝိုင်းက နိုင်ငံပြိုကွဲဖို့ လုပ်ဆောင်နေတာကိုလည်း ကာကွယ်သွားပါတယ်၊ ဒေသတွင်းမှာ ဖွံ့ဖြိုးတိုးတက်၊ ယဉ်ကျေး၊ ချစ်စရာကောင်းတဲ့နိုင်ငံဖြစ်အောင် ကျွန်တော်တို့ရဲ့ နိုင်ငံကို တည်ဆောက်သွားပါမယ်၊ လူမျိုးတုံးသတ်ဖြတ်မှုတွေ စစ်ပြန်ဖြစ်တာတွေနဲ့ နိုင်ငံတွင်းမှာ အရင်လို ပြိုကွဲတာမျိုးမဖြစ်အောင် လုပ်သွားပါ့မယ်"လို့ သူက ပြောသွားတာပါ။

သူကဆယ်စုနှစ် ၄ ခုအကြာ ကမ္ဘောဒီးယားနိုင်ငံကို အုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ အဓိက အတိုက်အခံပါတီက ကိုယ်စားလှယ်တွေတော့ မြေပြင်မှာ ကွင်းဆင်းဆောင်ရွက်တာနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတချို့ကြောင့် တားမြစ်ခံထားရပါတယ်။

လူ့အခွင့်အရေးအဖွဲ့က ဒီမိုကရေစီကို ဆောင်ကျဉ်းပေးဖို့ ပျက်ကွက်ခဲ့တယ်ဆိုပြီး ဝန်ကြီးချုပ်ကို စွပ်စွဲလိုက်ပြီး ကမ္ဘောဒီးယား ပြည်သူတွေကို ရွေးချယ်ခွင့်မပေးခဲ့ဘူးဆိုပြီးလည်း ပြောဆို လိုက်ပါတယ်။ လာမယ့် သီတင်းပတ် ၃ ပတ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ အလိမ်အညာဆိုပြီး လူ့အခွင့်အရေး အဖွဲ့နဲ့ အတိုက်အခံတွေက ဝေဖန်ထားပါတယ်။

အိန္ဒိယမှာ ဘတ်စကား တိမ်းမှောက်မီးလောင်လို့ လူ ၂၅ ဦးသေ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

အိန္ဒိယ မဟာရပ်ရှ်ထရာ ပြည်နယ်မှာ ဘတ်စကား တစ်စီး မီးလောင်ခဲ့လို့ အနည်းဆုံး လူ ၂၅ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံအနောက်ပိုင်းမှာရှိတဲ့ ရဲတပ်ဖွဲ့က ထုတ်ပြန်လာပါတယ်။

ကားမတော်တဆ ဖြစ်ပြီး ဘူလ်ဟာနာမှာ လူ ၈ ဦးလည်း ဒဏ်ရာရခဲ့ပါတယ်။

နတ်ပူးကနေ ပူးနာကို ထွက်ခွာလာတဲ့ ဘတ်စ်ကားက အဝေးပြေးလမ်းပေါ်က အတားအဆီးတခုကို တိုက်မိပြီး တိမ်းမှောက်သွားတာ ဖြစ်ပါတယ်။ ဒီနောက်ကားရဲ့ ဒီဇယ်တိုင်ကီကနေ မီးလောင်ခဲ့တာ ဖြစ်ပါတယ်။

စုံစမ်း စစ်ဆေးမှုတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့တွေက ပြောပါတယ်။ ဘတ်စ်ကား မီးလောင်နေတဲ့ ပုံတွေကိုလည်း တွေ့နေရပါတယ်။ လမ်းဘေးမှာ ယာဉ်တိမ်းမှောက်နေပြီး မီးလောင်ထားတဲ့ အစိတ်အပိုင်းတွေကိုလည်း လမ်းပေါ်မှာ တွေ့နေရပါတယ်။

အိန္ဒိယမှာ လမ်းတွေကို ပြုပြင်ထိန်းသိမ်းတာ ညံ့ဖျင်းတာကြောင့် မတော်တဆမှုတွေက မကြာခဏဆိုသလို ဖြစ်နေလည်း ဖြစ်ပါတယ်။

တရုတ်မှာ ဓာတု စက်ရုံမီးလောင်

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းမှာရှိတဲ့ ဓာတု စက်ရုံမှာ ပေါက်ကွဲမှုတွေ ဖြစ်ခဲ့တယ်လို့ တရုတ် အစိုးရပိုင် သတင်းတွေမှာ ဖော်ပြပါတယ်။

မီးခိုထူထူတွေ ကောင်းကင်ပေါ်မှာ ဝဲပျံနေတဲ့ ဗီဒီယိုတွေကို ရုပ်သံဖိုင်တွေမှာ တွေ့ရပါတယ်။

ကျန်းရှီးခရိုင် ကွေ့ရှီးမြို့က အခင်းဖြစ်တဲ့နေရာကို မီးသတ်သမားတွေကလည်း ရောက်နေတယ်လို့ ဆိုပါတယ်။

လူသေဆုံးမှုရှိမရှိဆိုတာနဲ့ပတ်သက်ပြီးတရုတ် အစိုးရ ရုပ်သံက မသိရသေးဘူးလို့ ပြောဆိုပေမဲ့ ဒီအနီးနားမှာ နေတဲ့သူတွေ ရွှေ့ပြောင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြင်သစ် စက်ဘီးပြိုင်ပွဲ ကျင်းပ

No Tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

စပိန်နိုင်ငံ ဘီဘာအိုမြို့မှာ တိုးဒီဖရန့် စက်ဘီးပြိုင်ပွဲ စတင်ဖို့ အတွက် လမ်းတွေပေါ်မှာ လူအုပ်တွေက စီတန်းပြီး စောင့်ဆိုင်းနေပါတယ်။

စက်ဘီးပြိုင်ပွဲဝင် ၁၇ဝက ဒီပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြမှာ ဖြစ်ပြီး တတိယအဆင့်အနေနဲ့ မတ် ၃ ရက်နေ့မှာ ပြင်သစ်ကို မဖြတ်ကျော်မီ ဆန့်ဆီဘက်စ်စီယန်းကို ဦးတည် ထွက်ခွာမှာ ဖြစ်ပါတယ်။

ဒိန်းမတ်က ဂျိုနတ်စ် ဗင်ဂီကတ်နဲ့ ဆလိုဗေးနီးယားက ၂ဝ၂၁ ချန်ပီယံ တာတေး ဘိုဂါချာ တို့က ရေပန်းစားနေပါတယ်။

ပြိုင်ပွဲကျင်းပရာမှာ လုံခြုံမှုရှိဖို့က ပထမ ဦးစားပေးဖြစ်ပြီး ပြင်သစ်မှာ ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်လို့ အခြေအနေကို ပြောင်းလဲဖို့ အသင့်ဖြစ်နေတယ်လို့ ပွဲစီစဉ်သူတွေက ပြောပါတယ်။