ယူကရိန်းနွယ်ဖွား ဂျပန်နိုင်ငံသူ အလှသရဖူ စွန့်လွှတ်- ဖေဖော်ဝါရီ ၆ ရက် နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, MISS NIPPON ASSOCIATION
ဂျပန်နိုင်ငံက အလှမယ်ပြိုင်ပွဲမှာ အနိုင်ရခဲ့ပြီး သူက ဂျပန်လူမျိုးနွယ် မဟုတ်တာကြောင့် အမျိုးသားရေး လက္ခဏာအရေး အငြင်းအခုံဖြစ်ခဲ့ရတဲ့ အလှမယ်ဟာ အခုတော့ သူ့ရဲ့ လူမှုရေးကိစ္စအပေါ် စွပ်စွဲကြတာတွေ ထွက်ပေါ် လာခဲ့ပြီးတဲ့နောက် အလှသရဖူကို စွန့်လွှတ်လိုက်ပါတယ်။
ဂျပန်နိုင်ငံသူ ကာရိုလီနာ ရှီအီနို က ယူကရိန်းမှာ မွေးဖွားခဲ့သူဖြစ်ပြီး မစ္စ ဂျပန် အဖြစ် ပြီးခဲ့တဲ့ သီတင်းပတ် ၂ ပတ်ကြာက အရွေးချယ်ခံခဲ့ရပါတယ်။
သူဟာ အရင်တုန်းက အိမ်ထောင်ရှိ ယောက်ျား တယောက်နဲ့ ဇာတ်လမ်းဖြစ်ခဲ့တယ် ဆိုတဲ့ သတင်းကို တက်ဘလွိုက်သတင်းစာတစောင်က ရေးခဲ့ပါတယ်။
အစပိုင်းတုန်းကတော့ သူဟာ အဲဒီစွပ်စွဲချက်တွေကို ငြင်းဆိုခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ မစ္စ ရှီအီနိုဟာ ဂျပန်မှာ ၅ နှစ်အရွယ် ကတည်းက နေထိုင်ခဲ့သူဖြစ်ပြီး သူက တက်ဘလွိုက် သတင်းစာတွေမှာ မကြာခဏဆိုသလို သတင်း ဖော်ပြခံရသူပါ၊
သူ ဂျပန်အလှမယ် ပြိုင်ပွဲအနိုင်ရချိန်မှာတော့ ဂျပန်လူမျိုးဆိုတာဘာလဲ ဆိုတဲ့ အပေါ် အငြင်းပွားမှုတွေ အသစ်ထပ်ပြီး ပေါ်ထွက်လာခဲ့ပါတယ်။
တူရကီ ငလျင် တနှစ်ပြည့်လာပေမဲ့ သိန်းနဲ့ချီတဲ့ လူတွေ အိမ်မရှိသေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
တူရကီနိုင်ငံ အရှေ့တောင်ပိုင်းမှာ လှုပ်ခဲ့တဲ့ ငလျင်ကြီးရဲ့ ဒဏ်ကနေ လွတ်မြောက် အသက်ရှင် ကျန်ရစ်သူ ထောင်ပေါင်းများစွာဟာ ငလျင်ကြီးလှုပ်ခဲ့တာ နှစ်ပတ်လည် လာတဲ့ ဒီနေ့ မှာ အောက်မေ့ သတိရတဲ့အခမ်းအနားကို အင်တက်ခ်ကရာ မြို့မှာ မနက် အရုဏ် မတက်ခင်အချိန်က ကျင်းပခဲ့ကြပါတယ်။
စပြီး ငလျင်လှုပ်တဲ့အချိန်ကို ရည်စူးပြီး သူတို့ အခုလို စုဝေးခဲ့ကြတာပါ။
ဝမ်းနည်းမှုတွေနဲ့အတူ တူရကီအစိုးရကိုလည်း သူတို့ ဒေါသတွေ ထွက်နေတာ တွေ့ရ ပါတယ်။
အခုအချိန်အထိ သိန်းနဲ့ချီတဲ့လူတွေဟာ အိမ်တွေမှာ မနေရသေးပဲ ရွက်ဖျင်တဲတွေ၊ ကွန်တိန်နာနဲ့ လုပ်ထားတဲ့ စခန်းတွေထဲမှာ နေရဆဲ ဖြစ်ပါတယ်။
တူရကီ ခေါင်းဆောင် ရာဂျစ်တာရစ် အာဒိုဝမ်က အိမ်တွေကို အစိုးရအနေနဲ့ တတ်နိုင်သမျှ အမြန်ဆုံး ဆောက်ပေးနေတယ်လို့ ပြောပါတယ်။
ဒီငလျင်ဒဏ်ဟာ တူရကီရဲ့ ခေတ်သစ်သမိုင်းမှာ လူသေအများ ဆုံးဖြစ်ပြီး လူပေါင်း ၅ သောင်းကျော် သေဆုံးခဲ့ရသလို အိမ်နီးချင်း ဆီးရီးယားက လူ ၆,၀၀၀ ကျော်လည်း သေဆုံးခဲ့ရပါတယ်။
စပိန်လယ်သမားတွေ ဆန္ဒပြနေ

ဥရောပတလွှားမှာ အစားအစာ ထုတ်လုပ်သူတွေ ဆန္ဒပြနေကြတဲ့ ကာလမှာပဲ စပိန်လယ်သမားတွေကလည်း သူတို့ရဲ့ ဆန္ဒပြပွဲကို စတင်လိုက်ပြီး ဒီလိုဆန္ဒပြမှု တွေက ဆက်တိုက်ဖြစ်လာမှာလို့ ပြောပါတယ်။
သူတို့ မကျေနပ်တာတွေအထဲမှာ လောင်စာ စွမ်းအင် စျေးကြီးနေတာတွေ၊ ဥရောပနိုင်ငံတွေနဲ့ သူတို့ စပိန်နိုင်ငံက စည်းမျဉ်းတွေများလွန်းနေတာတွေ၊ သွင်းကုန်တွေက စျေးပေါလွန်းနေတာတွေ ပါဝင်ပါတယ်။
အထူးသဖြင့် မော်ရိုကိုက စိုက်ပျိုးရေး သွင်းကုန်တွေ များနေတာကိုလည်း စပိန် လယ်သမားတွေက ထောက်ပြကြပါတယ်။
လယ်သမားတွေဟာ နိုင်ငံတလွှားက လမ်းတွေနဲ့ မြို့တွေက လမ်းတွေကို သူတို့ရဲ့ လယ်ထွန်စက်တွေနဲ့ ပိတ်ပြီး ယာဉ်သွားလာစီးဆင်းမှုကို အဟန့်အတားဖြစ်အောင် လုပ်ဆောင်နေကြပါတယ်။








