တရုတ်ကောင်စစ်ဝန်ချုပ်ရုံးရှေ့ ဆန္ဒပြသူတွေကို ရိုက်နှက်တဲ့အထဲ တရုတ်သံတမန် ပါတယ်လို့ ယူကေအမတ်ပြော

ဆန္ဒပြသူတချို့ ကောင်စစ်ဝန်ချုပ်ရုံးထဲ အတင်းဆွဲသွင်း ခေါ်သွားခံရပြီးရိုက်နှက်ခံရ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆန္ဒပြသူတချို့ ကောင်စစ်ဝန်ချုပ်ရုံးထဲ အတင်းဆွဲသွင်း ခေါ်သွားခံရပြီးရိုက်နှက်ခံရ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယူကေနိုင်ငံ မန်ချက်စတာမြို့မှာ ရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးမှာ ဆန္ဒပြခဲ့သူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့မှုမှာ ယူကေနိုင်ငံဆိုင်ရာ အဆင့်အမြင့်ဆုံး တရုတ်သံတမန် တစ်ဦး ပါဝင် ပတ်သက်ခဲ့တယ်လို့ ဗြိတိန် လွှတ်တော်အမတ်တစ်ဦးက ပြောပါတယ်။

“ကျွန်မတို့ တွေ့ရတာက တရုတ် ကောင်စစ်ဝန်ချုပ်က ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေ ကိုင်ဆောင်ထားတဲ့ ပိုစတာတွေကို အတင်းဆွဲဖြဲနေတာပါ” လို့ အယ်လစ်ရှာ ကီးဇ်က အောက်လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

 ဗြိတိသျှပါလီမန်မှာ လွှတ်တော်အမတ်တွေအနေနဲ့ ဥပဒေကြောင်းအရ တရားစွဲခံရမှာကို ကြောက်စရာမလိုဘဲ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ် ဂျန် ရှီယွန်း ကိစ္စနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က တစုံတရာ ပြောဆိုတာမျိုး မရှိသေးပါဘူး။ ဒါပေမဲ့ ဘေဂျင်းမြို့မှာရှိတဲ့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနကတော့ ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေရဲ့ လုပ်ရပ်အပေါ် ကာကွယ်ပြောကြားခဲ့ပါတယ်။

"ဘယ်နိုင်ငံမဆို ကိုယ့်နိုင်ငံရဲ့ ကောင်စစ်ဝန်ရုံးဝန်းထဲ လူတွေ တရားမဝင် ဝင်ရောက်လာရင် သံတမန်တွေက သူတို့ရဲ့ ရုံးဌာနကို ကာကွယ်ဖို့အတွက် မလုပ်မဖြစ် လိုအပ်တဲ့ ဆောင်ရွက်မှုတွေ လုပ်ကြမှာပဲ" လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်း ဝမ်ဘင် က အင်္ဂါနေ့က ပြောခဲ့ပါတယ်။

တရုတ်ကောင်စစ်ဝန်ရုံးမှာ ဆန္ဒပြခဲ့သူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့မှုမှာ ယူကေနိုင်ငံဆိုင်ရာ အဆင့်အမြင့်ဆုံး တရုတ်သံတမန် တစ်ဦး ပါဝင် ပတ်သက်ခဲ့တယ်လို့ ဗြိတိန် လွှတ်တော်အမတ်တစ်ဦးက ပြေ
ဓာတ်ပုံ ပုံစာ, တရုတ်ကောင်စစ်ဝန်ရုံးမှာ ဆန္ဒပြခဲ့သူတွေကို အကြမ်းဖက် နှိမ်နင်းခဲ့မှုမှာ ယူကေနိုင်ငံဆိုင်ရာ အဆင့်အမြင့်ဆုံး တရုတ်သံတမန် တစ်ဦး ပါဝင် ပတ်သက်ခဲ့တယ်လို့ ဗြိတိန် လွှတ်တော်အမတ်တစ်ဦးက ပြော

လောလောဆယ် တရုတ်သံအမတ်ကြီး ယူကေနိုင်ငံမှာ မရှိတဲ့အတွက် သူ့ရဲ့ လက်ထောက်ဖြစ်တဲ့ တရုတ်သံရုံးတာဝန်ခံ ယန် ရှောင်ဂေါင်းကို ယူကေ နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ပြီး တရုတ်ကောင်စစ်ဝန်ရုံးမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်လို့ ရှင်းလင်း ပြောကြားခိုင်းခဲ့ပါတယ်။ ဒါပေမဲ့ တရုတ်သံရုံးက သံရုံးတာဝန်ခံအစား တရုတ်တာဝန်ရှိပုဂ္ဂိုလ်တစ်ဦးကိုပဲ စေလွှတ်ခဲ့ပါတယ်။

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ယူကေနိုင်ငံမှာ အခြေစိုက်တဲ့ သံတမန်တွေနဲ့ ကောင်စစ်ဝန် ဝန်ထမ်းတွေ အားလုံး ယူကေနိုင်ငံရဲ့ ဥပဒေ စည်းမျဉ်းတွေကို လေးစားလိုက်နာဖို့ လိုတယ်ဆိုတာကို အင်္ဂါနေ့က တရုတ်သံရုံး တာဝန်ရှိပုဂ္ဂိုလ်နဲ့ တွေ့ဆုံစဉ်မှာ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထပ်လောင်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါတယ်။

အဲဒီနေ့က ဖြစ်ပျက်ခဲ့ပုံနဲ့ ပတ်သက်လို့ တရုတ်အစိုးရဘက်က ပြောတာတွေက ဗီဒီယိုထဲက ပုံတွေနဲ့ ယူကေရဲရဲ့ ကြေညာချက်တွေမှာ ပါတဲ့ အချက်တွေနဲ့ ကွဲလွဲနေပါတယ်။ ဆန္ဒပြသူတစ်ဦးကို တရုတ်ကောင်စစ်ဝန်ရုံးဂိတ်ထဲ အတင်းဆွဲခေါ်သွားပြီး ထိုးကြိတ်နေချိန်မှာ ယူကေရဲတွေက အဲဒီဆန္ဒပြသူကို ပြန်ဆွဲထုတ်ခဲ့ရတယ်လို့ ရဲကြေညာချက်မှာ ဖော်ပြထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ “မန်ချက်စတာမြို့မှာရှိတဲ့ တရုတ် ကောင်စစ်ဝန်ချုပ်ရုံးထဲ ဆန္ဒပြသူတွေ အတင်း ဝင်ရောက်လာချိန်အတွင်း” ကောင်စစ်ဝန်ချုပ်ရုံးဝန်ထမ်းတချို့ ဒဏ်ရာရခဲ့တယ် ဆိုပြီး ဗြိတိန်အစိုးရကို တရုတ်သံရုံးဘက်က မကျေမနပ် တိုင်တန်းခဲ့တယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော် ပြောပါတယ်။ ယူကေပိုင်နက်မြေပေါ်က တရုတ်သံတမန်တွေကို ကာကွယ်စောင့်ရှောက်မှု ပိုလုပ်ပေးဖို့ ဗြိတိန်အစိုးရကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းခဲ့ပါတယ်။

အင်္ဂါနေ့က လွှတ်တော်အမတ် မစ်စ် ကီးဇ် က ပါလီမန်မှာ ပြောကြားရာမှာတော့ တရုတ်ကောင်စစ်ဝန်ချုပ် ဂျန် ရှီယွန်းက ဆန္ဒပြပိုစတာကို ဆွဲဖြဲခဲ့ကြောင်းနဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ဟောင်ကောင် ဆန္ဒပြသူတစ်ဦး ကိုယ်ထိလက်ရောက် ထိုးကြိတ်ခံခဲ့ရပြီး ဆေးရုံတင်ပို့ထားရကြောင်း ပြောပါတယ်။

“အဲဒီနောက်မှာ ဆန္ဒပြသူတချို့ ကောင်စစ်ဝန်ချုပ်ရုံးထဲ အတင်းဆွဲသွင်း ခေါ်သွားခံရပြီး တရုတ်တာဝန်ရှိသူတွေရဲ့ နောက်ထပ် ရိုက်နှက်ထိုးကြိတ်တာ ခံခဲ့ရပါတယ်။ အဲဒီ ရိုက်နှက်ခဲ့သူတွေဟာ CCPP တရုတ်ကွန်မြူနစ်ပါတီဝင်တွေလို့ သိရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ လုပ်နေကျ လုပ်ရပ်တွေ ဖြစ်တဲ့ ဆန္ဒပြသူတွေကို ရိုက်နှက်တာ၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တာလို အပြုအမူမျိုးတွေကို ဗြိတိသျှ ပိုင်နက်နယ်မြေထဲမှာ လာလုပ်ခွင့် မပြုနိုင်ပါဘူး။ ဒီဖြစ်ရပ်ဟာ တော်တော်လေးကို ကျောချမ်းစရာ ကောင်းတဲ့ ဖြစ်ရပ်ပါပဲ”

ရိုက်နှက်ရာမှာပါဝင်သူ ဦးထုပ်နဲ့ နှာခေါင်းစည်းတပ်ထားသူ (ဝဲ) တရုတ်သံတမန် ဂျန် ရှီယွန်း (ယာ)
ဓာတ်ပုံ ပုံစာ, ရိုက်နှက်ရာမှာပါဝင်သူ ဦးထုပ်နဲ့ နှာခေါင်းစည်းတပ်ထားသူ (ဝဲ) တရုတ်သံတမန် ဂျန် ရှီယွန်း (ယာ)

မန်ချက်စတာရဲတပ်ဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး အပြင်ဘက်မှာ လူ ၃၀ ကနေ ၄၀ ကြားလောက် စုဝေး ဆန္ဒပြခဲ့ကြတယ်လို့ ဆိုပါတယ်။

“ညနေ ၄ နာရီထိုးခါနီးလောက်မှာ လူအုပ်စုငယ်တစ်စု ရုံးအဆောက်အဦထဲက ထွက်လာကြောင်း၊ ဆန္ဒပြသူတစ်ဦး ကောင်စစ်ဝန်ချုပ်ရုံးဝန်းထဲ အတင်း ဆွဲခေါ်သွား ခံရပြီး ရိုက်နှက် ထိုးကြိတ်ခံခဲ့ရကြောင်း” ကြေညာချက်မှာ ဖော်ပြထားပါတယ်။

“အဲဒီလူရဲ့ ဘေးကင်းလုံခြုံမှုကို စိုးရိမ်တဲ့အတွက် ရဲတွေက ကြားဝင်ပြီး ကောင်စစ်ဝန်ချုပ်ရုံးဝန်း ထဲကနေ ဆွဲထုတ်ခဲ့ရတယ်”လို့ ဆိုပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံးဟာ ယူကေပိုင်နက်မြေပေါ်မှာ ရှိပါတယ်။ ဒါပေမဲ့ ခွင့်ပြုချက်မရှိဘဲ ရုံးဝန်းထဲ ဝင်ခွင့် မရှိပါဘူး။

တရုတ်ကောင်စစ်ဝန်ချုပ်ရုံး တည်ရှိရာ မန်ချက်စတာ ဂေါ်တန် မြို့နယ် မဲဆန္ဒနယ်မြေရဲ့ လေဘာပါတီ လွှတ်တော်အမတ် အက်ဖ်ဇာလ် ခန်းကလည်း ဒီဖြစ်ရပ်မြင်ကွင်းကို တွေ့ရတာ အကြီးအကျယ် အော့နှလုံးနာမိတယ်လို့ အောက်လွှတ်တော်မှာ ပြောသွားပါတယ်။

“ယူကေနိုင်ငံဟာ လွတ်လပ်ခွင့်၊ ဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီစနစ် ဘက်က ရပ်တည်တဲ့ နိုင်ငံ ဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို ချေမှုန်းနှိပ်ကွပ်တာမျိုးကို ဗြိတိန်နိုင်ငံ ပိုင်နက်မြေပေါ်မှာ လုံးဝ သည်းခံမှာ မဟုတ်ပါဘူး”လို့ သူက ပြောပါတယ်။

တရုတ်ကောင်စစ်ဝန်ချုပ်ကို ဒီနိုင်ငံက လက်မခံနိုင်တဲ့ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ကြေညာဖို့ မစ္စတာခန်းနဲ့ တခြား လွှတ်တော်အမတ်တွေက တောင်းဆိုခဲ့ကြပါတယ်။

ကွန်ဆာဗေးတစ်ပါတီ အမတ် ဆာအီယန် ဒန်ကင် စမစ်သ် ကလည်း ဆန္ဒပြသူတွေကို ရိုက်နှက်ထိုးကြိတ်တာ၊ ဖျက်ဆီးတာတွေ လုပ်ခဲ့တဲ့အထဲ ပါခဲ့ကြသူတွေနဲ့ တရုတ်ကောင်စစ်ဝန်ချုပ် တို့ကို နိုင်ငံထဲကနေ နှင်ထုတ်ဖို့ ယူကေအစိုးရက လုပ်မလုပ် ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

လွှတ်တော်အမတ် တချို့ကဆိုရင် ဒါ့ထက် ပိုအရေးယူတာမျိုး လုပ်ဖို့ တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

လေဘာအမတ် အန်ဒရူး ဂွင်းန်က “ဒီလိုဖြစ်ရပ်မျိုး ဟောင်ကောင်က လမ်းမပေါ်မှာ ဖြစ်ခဲ့ရင် အကြီးအကျယ် ဒေါသထွက်မိပါတယ် ဆိုပြီး ဗြိတိန်အစိုးရက ထုတ်ပြောမှာပါ၊ ပြောလည်း ပြောသင့်ပါတယ်။ ဒါပေမဲ့ အခု ဒီဖြစ်ရပ်က ယူကေနိုင်ငံ မန်ချက်စတာမြို့က လမ်းပေါ်မှာ ဖြစ်သွားခဲ့တာ ဆိုပေမဲ့ နိုင်ငံခြားရေးဝန်ကြီးက တရုတ်သံရုံးကို သတိပေး စာလေးတစ်စောင်ပို့၊ သံအမတ်နဲ့ လ္ဘက်ရည်သောက် စကားစမြည် ပြောပြီး ပြီးသွားရုံ အနေအထားမျိုး ဖြစ်နေပါတယ်” လို့ ဝေဖန်ပြောခဲ့ပါတယ်။