ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ကာကွယ်ဆေး အမေရိကန် ပထမဆုံး အတည်ပြု

နီကိုးလပ်စ် ယန်း

ဘီဘီစီသတင်း၊ စင်ကာပူ

ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ဗိုင်းရပ်စ်ကို အေဒီးစ်ခြင်ကျားတွေက သယ်ဆောင်တာဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ဗိုင်းရပ်စ်ကို အေဒီးစ်ခြင်ကျားတွေက သယ်ဆောင်တာဖြစ်

"ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး ခြိမ်းခြောက်မှုလို့ ရှုမြင်လာတဲ့ " ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) အတွက် ကမ္ဘာ့ ပထမဆုံး ကာကွယ်ဆေးကို အမေရိကန် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး FDA က အတည်ပြုခဲ့ပါတယ်။

ခြင်က သယ်ဆောင်တဲ့ ဒီရောဂါပိုးဟာ အဖျားနဲ့ အဆစ်အမြစ် ရောင်တာတွေ ဖြစ်စေပြီး မွေးကင်းစ ကလေးတွေမှာ အသက်သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

FDA ရဲ့ အတည်ပြုမှုကြောင့် ဒီကာကွယ်ဆေး ကမ္ဘာလုံးဆိုင်ရာ ဖြန့်ဖြူးရေး ပိုမိုမြန်ဆန်လာစေဖို့ မျှော်လင့်ရပါတယ်။

ဒီနှစ်မှာ ချီကန်ဂန်ညာ (ဆင်တုပ်ကွေး) ဖြစ်ပွားမှု ၄၄၀,၀၀၀ ရှိခဲ့ပြီး သေဆုံးသူ ၃၅၀ ရှိခဲ့တယ်လို့ စက်တင်ဘာလအထိ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒီရောဂါကို ကုသဖို့ ဆေးသတ်သတ်မှတ်မှတ် မရှိသေးပါဘူး။ တောင်အမေရိကနဲ့ တောင်အာရှတို့မှာ ဒီနှစ်ထဲမှာ ကူးစက်မှု အများဆုံး ဖြစ်ခဲ့တာကို တွေ့ရပါတယ်။

Ixchiq နာမည်ရှိ ဒီ ကာကွယ်ဆေးကို အသက် ၁၈ နှစ် နဲ့အထက် ရှိသူတွေနဲ့ ရောဂါကူးစက်ခံရနိုင်ခြေ မြင့်မားသူတွေ အတွက် အတည်ပြုခဲ့တာ ဖြစ်တယ်လို့ FDA က သောကြာနေ့မှာ ပြောပါတယ်။

ဒီဆေးကို ဥရောပက Valneva လုပ်ငန်းက ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဆေးတစ်ကြိမ်ထိုးပြီး ကာကွယ်ရမှာ ဖြစ်ပါတယ်။

၂၀၀၈ က စရင် ဒီရောဂါ ကူးစက်မှုပေါင်း အနည်းဆုံး ငါးသန်း ရှိခဲ့ပြီလို့ FDA က ပြောပါတယ်။

ဒီရောဂါ ဖြစ်ရင် ပြသတဲ့ တခြားလက္ခဏာတွေထဲမှာ ယားယံတာ၊ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာတွေ ပါဝင်ပါတယ်။ အရိုးအဆစ်နာကျင်တာတွေဟာ လတွေကနေ နှစ်တွေချီပြီး ကြာတဲ့အထိ ဆက်ဖြစ်နေနိုင်ပါတယ်။

မုတ်သုန်ရာသီဥတုနဲ့ ဆက်စပ်တဲ့ အာဖရိက၊ တောင်အာရှနဲ့ အမေရိကတိုက် ဒေသတချို့ဟာ ဒီရောဂါကူးစက်မှု အမြင့်ဆုံး အန္တရာယ် ရှိတဲ့ဒေသတွေ ဖြစ်ပါတယ်။

ဒီရောဂါဟာ နောက်ထပ် ဒေသအသစ်တွေမှာလည်း ပျံ့နှံ့နေတယ်လို့ FDA က ပြောပါတယ်။

ဥရောပ ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေး ဌာနက အချက်အလက်တွေအရ ဒီနှစ်မှာ ဘရာဇီးမှာ ရောဂါဖြစ်ပွားမှု အမြင့်ဆုံး ဖြစ်ခဲ့ပြီး ကူးစက်မှု ၂၁၈,၆၁၃ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အိန္ဒိယမှာလည်း ကူးစက်မှု ၉၃,၀၀၀ ရှိခဲ့ပြီး ၂၀၁၆ ခုနှစ်မှာ မြို့တော် ဒေလီမှာ ရောဂါကူးစက်ပြန့်ပွားမှု ဖြစ်ခဲ့ပါတယ်။