ကိုဗစ်ကာကွယ်ဆေးနဲ့ ဆေးပညာ နိုဘဲလ်ဆုရ - အောက်တိုဘာလ ၂ ရက်ညနေခင်းနိုင်ငံတကာသတင်းများ

Nobel

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကိုဗစ် နိုင်တဲန်း ဗိုင်းရပ်စ် ကာကွယ်ရေးအတွက် အစွမ်းထက်တဲ့ mRNA ကာကွယ်ဆေး ထုတ်လုပ်ရေးမှာ အဓိကစွမ်းဆောင်ပေးခဲ့တဲ့ ကက်တလင် ကီရီကို နဲ့ ဒရူး ဝစ်စ်မန်း တို့ ကို ဒီနှစ်အတွက် ဆေးပညာဆိုင်ရာ နိုဘဲလ်ဆုကို ချီးမြှင့်ဖို့ ရွေးချယ်လိုက် ကြပါတယ်။

နိုဘဲလ် ဆုရွေးချယ်ရေးအဖွဲ့က သူတို့ဟာ ကိုယ်ခံအား စနစ်မှာ mRNA (ခေါ်) ဆဲလ်မှာ ရှိတဲ့ ရိုင်ဗို နျူကလိယစ် အက်ဆစ် ရဲ့ လုပ်ဆောင်မှု အသစ်ကို တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။

ခေတ်သစ်ကမ္ဘာမှာ လူသားတွေရဲ့ အသက်ကို အကြီးမားဆုံး ခြိမ်းခြောက်မှုတွေထဲက တခုဖြစ်တဲ့ ကိုဗစ်ကပ်အတွက် ကာကွယ်ဆေးထုတ်လုပ်ရာမှာ ဒီတွေ့ရှိချက်ကြောင့် သိပ်ကို မြန်ဆန်ခဲ့တယ်လို့လည်း ဆု‌ရွေးချယ်ရေးအဖွဲ့က ဆိုပါတယ်။

ပါကစ္စတန် ကျောက်ကပ် ကုန်ကူးဂိုဏ်း

Pakistan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါကစ္စတန် လာဟိုးမြို့မှာ ကျောက်ကပ် အထုတ်ခံရသူတွေ (၂၀၀၇ ခုနှစ်က)

သူတို့နိုင်ငံမြောက်ပိုင်းမှာ လူ့ကိုယ်ခန္စာအစိတ်အပိုင်းတွေကို တရားမဝင် ကုန်သွယ် နေတဲ့ ဂိုဏ်းက လူ ၈ ယောက်ကို ဖမ်းဆီးထားပြီလို့ ပါကစ္စတန် ရဲတပ်ဖွဲ့က ပြော ပါတယ်။

သူတို့ စွပ်စွဲထားတဲ့ ဂိုဏ်းခေါင်းဆောင်က ခွဲစိတ်ဆရာဝန် ဖာဝတ် မွတ်တား ဖြစ်ပြီး သူဟာ လူပေါင်း ၃၀၀ ကျော်ဆီက ကျောက်ကပ်တွေထုတ်ယူကာ ချမ်းသာတဲ့ လူနာ တွေကို ကျောက်ကပ်အစားထိုး ပေးခဲ့တယ်လို့ ဆိုကြပါတယ်။

ခွဲစိတ်မှုတွေကို ကိုယ်ပိုင်အိမ်တွေထဲမှာ လုပ်ကြတာဖြစ်ပြီး ကျောက်ကပ်တလုံးကို ဒေါ်လာ ၃၅,၀၀၀ စျေးရှိတယ်လို့ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီဆရာဝန်ဟာ ကားပြင်ဆရာတယောက်ကို သူ့ ခွဲစိတ်လက်ထောက်အဖြစ် အသုံးချ ခဲ့တယ်လို့လည်း ဆိုပါတယ်။

ဒီခွဲစိတ်ဆရာဝန်ဟာ အရင်က ၅ ကြိမ်တိုင် အဖမ်းခံခဲ့ရဖူးပြီး အာမခံနဲ့ လွတ်မြောက် အောင် လုပ်နိုင်ခဲ့ပါတယ်။

မဏိပူရ လယ်သမားတွေအတွက် လျော်ကြေး

India

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဏိပူရပြည်နယ်မှာ မငြိမ်သက်တာတွေ ဖြစ်ခဲ့

မဏိပူရပြည်နယ်မှာ ဖြစ်ခဲ့တဲ့ လူမျိုးရေး အကြမ်းဖက်မှုတွေကြောင့် ထိခိုက်ခံခဲ့ရတဲ့ လယ်သမားတွေအတွက် အိန္ဒိယအစိုးရက ဒေါ်လာ ၄ သန်းတန် လျော်ကြေးပေးမယ့် အစီအစဉ်တခုကို အတည်ပြုလိုက်ပါတယ်။

ခရိုင် ၈ ခုမှာ မစိုက်ပျိုးနိုင်ခဲ့တဲ့ မြေယာ စုစုပေါင်း ဟက်တာ ၅,၀၀၀ အတွက် ဒီရန်ပုံငွေက အထောက်အကူဖြစ်လိမ့်မယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ခရစ်ယာန် ကွတ်ကီး လူနည်းစုတွေနဲ့ ဟိန္ဒူ မိုင်တဲလ် (ခေါ် ) ကသည်း လူမျိုးစုတွေ အကြား လူမျိုးရေး တိုက်ခိုက်မှုတွေကြောင့် လူပေါင်း ၂၀၀ လောက်သေခဲ့ကြရပြီး လူပေါင်း ၆၀,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပါတယ်။

အကြမ်းဖက်မှုတွေကြောင့် ထောင်ပေါင်းများစွာသော လယ်သမားတွေဟာ သူတို့ မြေယာမှာ သွားပြီး မစိုက်ပျိုးနိုင်တော့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ထိုင်ဝမ် ရေငုပ်သင်္ဘော အစီအစဉ်တွေ တရုတ်ဘက်ကို ပို့တယ်ဆိုတဲ့ စွပ်စွဲချက် ထွက်ပေါ်

Taiwan

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေငုပ်သင်္ဘော အစီအစဉ်နဲ့ ပတ်သက်ပြီး အချက်အလက်စည်းမျဉ်း ချိုး‌ဖောက်မှု တွေ၊ စွက်ဖက်မှုတွေနဲ့ ပတ်သက်လို့ စွပ်စွဲမှုတွေအပေါ် စုံစမ်းစစ်‌ဆေးတာတွေ လုပ်ဆောင်နေပြီလို့ ထိုင်ဝမ် အစိုးရ ရှေ့နေတွေက ပြောပါတယ်။

ကွန်ထရက် စာချုပ် မရလိုက်တဲ့ ကုမ္ပဏီတခုဟာ သတင်းအချက်အလက်တွေကို တရုတ်ကို ပေးလိုက်တယ်လို့ ရေငုပ်သင်္ဘောအစီအစဉ်ကို ဦးဆောင်နေတဲ့ ရေတပ် ဗိုလ်ချုပ်ကြီးတယောက်က စွပ်စွဲထားပါတယ်။

အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ဝယ်လို့ ခက်ခဲအောင် လွှတ်တော်အမတ် တွေက လုပ်နေကြတယ်လို့လည်း သူက ဆိုပါတယ်။

တရုတ်က တိုက်ခိုက်လာရင် ရေကြောင်းက ကာကွယ်နိုင်အောင် ထိုင်ဝမ်ဟာ ရေငုပ် သင်္ဘောကို ပထမဆုံးအကြိမ်အဖြစ် ပြည်တွင်းမှာ တည်ဆောက်မယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ် အတွင်းကပြောခဲ့ပါတယ်။