အိန္ဒိယ မြို့ပြ အမျိုးသမီးထက်ဝက်ကျော် အိမ်တွင်းအောင်းနေကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မနစ်ရှာဟာ အသက် ၁၉ နှစ် ရှိပြီဖြစ်ပြီး အိန္ဒိယနိုင်ငံရဲ့ မြို့တော်ဖြစ်တဲ့ ဒေလီမြို့စွန် တနေရာမှာ ရှိတဲ့ အိမ်တအိမ်မှာ အိမ်အကူအဖြစ် လုပ်ကိုင်နေပါတယ်။
သူဟာ ချာခန် ပြည်နယ်သူ ဖြစ်ပြီး သူတို့ နေတဲ့ နေရာမှာ အများသုံး သယ်ယူပို့ဆောင်ရေး စနစ်က ပုံမှန်မရှိသလို လမ်းခရီးမှာလည်း လိင်ပိုင်း ဆိုင်ရာ ထိပါးစော်ကားမှုတွေ ကြုံရတတ်တဲ့ အတွက်ကြောင့် အထက်တန်းကျောင်းသူ ဘဝမှာပဲ ပညာရေးကို အဆုံးသတ်ခဲ့ရပါတယ်။
အဲဒီနောက် သူဟာ ဒေလီမြို့တော်ကို ထွက်လာခဲ့ပြီး အိမ်တစ်အိမ်မှာ အလုပ်ရခဲ့ပါတယ်။ ဒါပေမယ့် သူဟာ အပြင်သိပ်မထွက်ပါဘူး။ အကြောင်းက သွားရေး လာရေး အခက်အခဲနဲ့ လုံခြုံမှု မရှိတဲ့ အတွက်ကြောင့်ပါ။
သူဒီမှာ အလုပ်လုပ်နေပေမယ့် တလမှာ တခါ နှစ်ခါ လောက်ပဲ အပြင်ထွက်လည် ဖြစ်တယ်။ လမ်းထွက်ရတာဟာ သူ့အတွက် သိပ် အဆင်မပြေလှဘူးလို့ သူက ပြောပါတယ်။
မနစ်ရှာရဲ့ အကြောင်းက ဒေလီမြို့မှာ ရှိတဲ့ အိန္ဒိယ နည်းပညာ တက္ကသိုလ်က သယ်ယူပို့ဆောင်ရေး ဆိုင်ရာ သုတေသန ဌာနက တွဲဖက်ပါမောက္ခ ရာဟူးလ် ဂိုးလ် အတွက်တော့ သိပ်အထူးအဆန်း မဟုတ်ပါဘူး။
အိန္ဒိယမှာ ပထမဆုံး ကောက်ယူထားတဲ့ လူတွေ အလုပ်မျိုးစုံအတွက် အချိန်ကို ဘယ်လောက်အသုံးချ နေကြသလဲ ဆိုတာကို လေ့လာထားတဲ့ အချိန် အသုံးချမှု ဆိုင်ရာ သုတေသန စစ်တမ်းဆိုတာ ရှိပါတယ်။ သူက အဲဒီ စစ်တမ်းရဲ့ အချက်အလက်တွေကို အခြေခံပြီး လိင်ကွဲပြားမှုကရော လူတွေရဲ့ နေ့စဉ် ဖြတ်သန်းမှုတွေအပေါ် သက်ရောက်မှု ရှိသလား ဆိုတာကို လေ့လာနေတာ ဖြစ်ပါတယ်။
အထူးသဖြင့် အဲဒီ သုတေသန စစ်တမ်းမှာ ပါဝင်တဲ့ မြို့ကြီး မြို့ငယ်တွေမှာ နေထိုင်ကြတဲ့ လူပေါင်း ၁၇၀,၀၀၀ ရဲ့ အချက်အလက်တွေကို လေ့လာနေတာ ဖြစ်ပါတယ်။ အဲဒီမှာ အင်မတန် အံ့သြစရာ အချက်ကို တွေ့ခဲ့ရပါတယ်။
စစ်တမ်းကောက်သူတွေ ရောက်သွားခဲ့ကြတဲ့ အိမ်တွေမှာ နေထိုင်ကြတဲ့ အမျိုးသမီးတွေထဲက ထက်ဝက်ကျော် ၅၃ ရာခိုင်နှုန်းဟာ သူတို့ မရောက်ခင် တနေ့မှာ အပြင်မထွက်ခဲ့ကြဘဲ အိမ်တွင်းအောင်းခဲ့ကြတာကို သိခဲ့ရပြီး အမျိုးသားတွေထဲကတော့ ၁၄ ရာခိုင်နှုန်းသာ အိမ်မှာ နေခဲ့ကြတာကို တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီလေ့လာမှုမှာပဲ အသက် ၁၀ နှစ်ကနေ ၁၉ နှစ်ကြား အရွယ်တွေမှာ မိန်းကလေးတွေဟာ ယောကျ်ားလေးတွေလောက် အပြင်မထွက်ကြတာကို တွေ့ရပါတယ်။ ဒါပေမယ့် သက်လတ်ပိုင်း အရွယ်ကို ရောက်လာတဲ့ အခါမှာတော့ နည်းနည်းပိုပြီး လှုပ်ရှား သွားလာမှုရှိလာကြပါတယ်။
မစ္စတာ ဂိုးလ်ကတော့ ဒါဟာ အမျိုးသမီးတွေကို အိမ်ပြင်ထွက် အလုပ်လုပ်တာမျိုးနဲ့ အိမ်အပြင်ကို ထွက် သွားလာတာမျိုးတွေကို ကန့်သတ်ထားတဲ့ ရှေးရိုးဆန်တဲ့ လူနေမှု ပုံစံတွေကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလို ကန့်သတ်မှုတွေကို လူမမယ်အရွယ်မှာကတည်းက ကြုံနေကြရတယ်လို့ ဆိုပါတယ်။
အဲဒီ လေ့လာမှုထဲမှာ လိင်အရ အလုပ်အကိုင် ကွာခြားတာတွေကိုလည်း တွေ့ရပါတယ်။
အမျိုးသမီးတွေဟာ ဝင်ငွေမရတဲ့ အိမ်တွင်းအလုပ်တွေကိုသာ လုပ်ကိုင်ကြရတာ များပြီး အမျိုးသားတွေကတော့ ပြင်ပအလုပ်တွေကို လုပ်ကိုင်ရင်းနဲ့သာ အချိန်ကုန်ဆုံးကြတာ များပါတယ်။
အသက် ၂၅ ကနေ ၄၄ နှစ်အရွယ် အမျိုးသမီးတွေဟာ နေ့စဉ် ပျမ်းမျှ ၈ နာရီခွဲလောက်ကို အိမ်အလုပ်နဲ့ မိသားစု အတွက် အလုပ်တွေကို လုပ်ရင်း ဖြတ်သန်းနေကြပါတယ်။
သက်တူရွယ်တူ အမျိုးသားတွေကတော့ အဲဒီထက် ၁ နာရီလောက် လျော့ပြီး ဖြတ်သန်းနေကြပါတယ်။ နောက်ပြီး အဲဒီ အရွယ် အမျိုးသမီးတွေထဲက ၃၈ ရာခိုင်နှုန်းသာ အပြင်ထွက်ကြတာတွေ့ရပြီး အမျိုးသားတွေထဲကတော့ ၈၈ ရာခိုင်နှုန်းအပြင်ထွက်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိမ်ထောင်ပြုတာမျိုး၊ တစုံတယောက်နဲ့ အတူနေထိုင်တာမျိုး လုပ်လိုက်ပြီးရင်လည်း အမျိုးသမီးတွေရဲ့ လှုပ်ရှားသွားလာမှုတွေ လျော့ကျသွားတာကို တွေ့ရပြီး အမျိုးသားတွေကတော့ ပိုများလာပါတယ်။ နောက်ပြီး အိမ်ထောင်ပြုပြီးသားနဲ့ ရင်သွေးရကာစ အမျိုးသမီးတွေဆို ပိုတောင်နည်းသွားသေးတယ်လို့ ဆိုပါတယ်။
အမျိုးသားတွေ အပေါ်မှာတော့ အိမ်ထောင်နဲ့ ကလေးတွေက သက်ရောက်မှု မရှိသလောက် ဖြစ်ပါတယ်။ အိမ်မှုကိစ္စ ဗာဟီရ တာဝန်တွေကို အမျိုးသမီးတွေ မနိုင်မနင်း ထမ်းဆောင်နေကြရတာကို အခုတွေ့ရှိချက်တွေက ထင်ဟပ်ပြနေတာ ဖြစ်တယ်လို့ မစ္စတာ ဂိုးလ်က ပြောပါတယ်။
အလုပ်လုပ်နိုင်တဲ့ အရွယ် ရောက်လာတဲ့ အခါမှာလည်း အမျိုးသားတွေက အမျိုးသမီးတွေထက် ပြင်ပထွက် အလုပ်လုပ်ကြပါတယ်။ အလုပ်လုပ်နိုင်တဲ့ အသက် ၁၅ နှစ်အရွယ် ရောက်ကြတာနဲ့ အမျိုးသားတွေက ပညာရေးကနေ အသက်မွေးမှုဘက်ကို ပြောင်းလာကြပြီး အမျိုးသမီးတွေ ထဲမှာတော့ နည်းနည်းပဲ ရှိပါတယ်။
အမျိုးသမီးတွေထဲက အလုပ် သို့မဟုတ် ကျောင်းတက်ဖို့ အပြင်ထွက်ကြတာက ၈၁ ရာခိုင်နှုန်း ရှိပေမယ် အလုပ်မလုပ်ကြတဲ့ အမျိုးသမီးတွေထဲကတော့ တကြိမ်တခါလောက် အပြင်ရောက်ဖူးတာ ၃၀ ရာခိုင်နှုန်းသာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တနည်းအားဖြင့် အမျိုးသမီးတွေ အပြင်ထွက်ပြီး အလုပ်မလုပ်ကြဘူး ဆိုတာထက် အိမ်ထဲက အိမ်ပြင်ကိုတောင် မထွက်ဘဲ အိမ်တွင်းပဲ အောင်းနေကြတဲ့ အမျိုးသမီးတွေကလည်း အများကြီး ရှိနေတယ်လို့ မစ္စတာ ဂိုးလ်က ပြောပါတယ်။ ဒီတွေ့ရှိချက်တွေက ကျွမ်းကျင်သူတွေကိုတော့ မျက်စိလည်စေပါတယ်။
အသောက တက္ကသိုလ်က စီးပွားရေး ပါမောက္ခ အက်ရှ်ဝင်နီ ဒက်ရှ်ပန်ဒေ ကတော့ အိန္ဒိယမှာ ကျောင်းတွေနဲ့ တက္ကသိုလ်အဆင့် တွေမှာ တက်ရောက်ဖို့ စာရင်းသွင်းလာတဲ့ မိန်းကလေး အရေအတွက်တွေ သိသိသာသာ တိုးလာကြောင်း ပြောပါတယ်။ မတက်ဖြစ်ကြတဲ့ အရေအတွက်ကလည်း နည်းနည်းပဲ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အရင်ကထက် ပိုပြီး လှုပ်လှုပ်ရှားရှား ရှိလာပြီ၊ လူနေမှု စံနှုန်းတွေက ချုပ်ကိုင်ခံထားရတာမျိုး မရှိတော့ဘူး လို့ သူက ဆိုပါတယ်။ အိန္ဒိယ အမျိုသမီးတွေကို ကုတင်မှာ ကြိုးချည်ထားတာမျိုး၊ အိမ်ထဲမှာပဲ ထိုင်နေစေတာမျိုး မရှိပါဘူးလို့ သူက ဘီဘီစီကို ပြောပါတယ်။
ပါမောက္ခ ဒက်ရှ်ပန်ဒေက အိန္ဒိယ နိုင်ငံသားတွေအကြား မတူညီတဲ့ ဒေသိယ စကားတွေမှာ ခရီးသွားခြင်းဆိုတာကို အဓိပ္ပာဖွင့်ဆို နားလည်ပုံခြင်းက မတူညီကြဘူး၊ သူ့အတွက် ဆိုရင် ကျောင်းသွားတာ၊ တက္ကသိုလ်တက်ဖို့ သွားတာကို ခရီးသွားတယ်လို့ မသတ်မှတ်ဘူးလို့ ဆိုပါတယ်။
နောက်ပြီး အမျိုးသမီးတွေမှာ လှုပ်ရှားသွားလာမှု နည်းပါးတာကို လူမှု စံနှုန်းနဲ့ အလုပ်အကိုင် ရှားပါးမှုတွေကိုသာ အကြောင်းပြချက်ပေးလို့ မရဘူးလို့ တော်တာ်များများက ယူဆကြပါတယ်။ ဥပမာ အမျိုးသမီးတွေ လုပ်သားအင်အား နည်းပါးတယ်လို့ ဆိုတဲ့ နိုင်ငံအနောက်ပိုင်းက ပူနေ မြို့မှာဆို လမ်းတွေပေါ်မှာ အမျိုးသမီးတွေ သွားလာလှုပ်ရှားနေကြတာကို မြင်နေရပါတယ်။
မစ္စတာ ဂိုးလ်ကတော့ ဒေသအလိုက် ကွာခြားမှုတော့ ရှိတာပေါ့လို့ ဆိုပါတယ်။ ပုံမှန် သွားလာလှုပ်ရှားနေကြတဲ့ အမျိုးသမီးတွေ အများကြီးရှိတဲ့ ပြည်နယ်တွေ ရှိတယ်၊ ဥပမာ ဂိုအာပြည်နယ် ဟာဆိုရင် အိန္ဒိယမှာ အမျိုးသားနဲ့ အမျိုးသမီး လှုပ်ရှားသွားလာမှု ဆတူ ဖြစ်နေတဲ့ တခုတည်းသော ပြည်နယ် ဖြစ်တယ်လို့ ပြောပါတယ်။
တမီးလ် နာဒူး ပြည်နယ်မှာလည်း အမျိုးသမီးတွေ အိမ်ပြင်ထွက်ကြတာ များပါတယ်။ စက်ရုံတွေမှာ လုပ်ကိုင်နေကြတဲ့ အိန္ဒိယ အမျိုးသမီးလုပ်သား ၁.၆ သန်းရဲ့ ၄၃ ရာခိုင်နှုန်းက အဲဒီမှာ ရှိတာကို တွေ့ရပါတယ်။ ဘီဟာ နဲ့ အနောက်ဘဲန်ဂေါလ် ပြည်နယ်တွေမှာလည်း အစိုးရက အခမဲ့ စက်ဘီးတွေ ထုတ်ပေးထားတာကြောင့် မိန်းကလေးတွေ ပိုပြီး အပြင်ထွက်လာကြပြီ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
ဒါပေမယ့်လည်း အိန္ဒိယနဲ့ တခြား တောင်အာရှ ဒေသတချို့ဟာ အများနဲ့ မတူ ကွာခြားမှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၀၇ တုန်းက ဥရောပ ၁၅ နိုင်ငံမှာ ကောက်ယူခဲ့တဲ့ အချိန်အသုံးချမှု စစ်တမ်း အရ လစ်သူရေးနီးယား တနိုင်ငံက လွဲလို့ ကျန်နိုင်ငံတွေမှာ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လှုပ်ရှား သွားလာကြတာကို တွေ့ရပါတယ်။
လန်ဒန်မြို့မှာ ဆိုရင် တဦးချင်း တယောက်ချင်းအလိုက် ခရီးသွားလာမှုတွေမှာ အမျိုးသားနဲ့ အမျိုးသမီးအကြား ကွာခြားမှု မရှိတာကို တွေ့ရသလို ပြင်သစ်မှာဆိုရင် အမျိုးသမီးတွေကတောင် အမျိုးသားတွေထက် ပိုပြီး ခရီးထွက်ဖြစ်နေကြပါတယ်။
သြစတြေးလျ၊ ဥရောပ၊ လက်တင် အမေရိက၊ ဆာဟာရ တောင်ပိုင်း အာဖရိကနဲ့ မြောက်အမေရိက တိုက်က မြို့ကြီး ၁၈ မြို့မှာ လုပ်ခဲ့တဲ့ လေ့လာမှုမှာလည်း သွားလာလှုပ်ရှားနေတဲ့ အမျိုးသမီး ၇၆ ရာခိုင်နှုန်း ရှိပြီး အမျိုးသားက ၇၉ ရာခိုင်နှုန်းရှိတာကို တွေ့ရပါတယ်။ ဒီအချက်တွေနဲ့ ချိန်ထိုးကြည့်တဲ့အခါမှာ အိန္ဒိယက လိင်မတူညီမှုကြောင့် လှုပ်ရှားသွားလာမှု ကွာဟချက်ဟာ ကမ္ဘာ့တခြားဒေသတွေမှာ မတွေ့ရတဲ့ ထူးခြားမှု တခုလို ဖြစ်နေတယ်လို့ မစ္စတာ ဂိုးလ်က ဆိုပါတယ်။
တဖက်က ကြည့်ပြန်တော့လည်း သိပ်မဆန်းသလို ဖြစ်နေပါတယ်။
အိန္ဒိယမှာ လိင်ခွဲခြားမှု မြင့်မားသလို လုပ်သားအင်အားမှာလည်း ကျား၊မ ပါဝင်မှုနှုန်းအရ အမျိုးသမီး ၂၇ ရာခိုင်နှုန်းပဲ ရှိတဲ့ အတွက် ကမ္ဘာပေါ်မှာ အနိမ့်ဆုံးနိုင်ငံတွေထဲက တခု ဖြစ်ပါတယ်။ နောက်ပြီး လူမှုထုံးတမ်းနဲ့ သွားလာလှုပ်ရှားမှုပိုင်းမှာ ကန့်သတ်မှုတွေ ရှိပါတယ်။ အမျိုးသမီး တော်တော်များများမှာ အပေါင်းအသင်း နည်းနည်းပဲ ရှိသလို သိပ်ပြီး ထွေးရောယှက်တင်မှုတွေ မရှိပါဘူး။ နောက်ပြီး မတူခွဲခြားမှုတွေ အပေါ်လည်း ဆန်းစစ် ဝေဖန်မှု လုပ်တာမျိုး သိပ်မရှိပါဘူး။ တချိန်တည်းမှာပဲ မီးဖွားစဉ် သေဆုံးမှု နှုန်းကျဆင်းလာသလို ကလေးမွေးဖွားမှုနှုန်းလည်း လျော့ကျလာနေပါတယ်။ ကျား၊မ မွေးဖွားမှု အချိုးလည်း တစစနဲ့ ငြိမ်လာသလို ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ တက်ရောက်ဖို့ လျှောက်ထားကြတဲ့ အမျိုးသမီး အရေအတွက်က သိသိသာသာ တက်လာပါတယ်။
မစ္စတာ ဂိုးလ်ကတော့ တကယ့် အတားအဆီးက အမျိုးသမီးတွေ အိမ်ပြင်ထွက်အောင် လုပ်ဖို့ပဲလို့ ဆိုပါတယ်။ အဲဒီထဲက အကြောင်းတခုက လမ်းပေါ်မှာ အမျိုးသမီးတွေရော ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေ အတွက်ပါ မလုံခြုံတာပဲ ဖြစ်ပါတယ်။ သူတို့ဆီက အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ယောကျ်ားအတွက်လို ဖြစ်နေတဲ့ အတွက် အမျိုးသမီးတွေအတွက်ပါ ဖြစ်လာအောင် လုပ်ရမယ်လို့ သူက ဆိုပါတယ်။ ဒီအချက်ကိုတော့ ငြင်းဆန်တဲ့သူနည်းပါတယ်။








