အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း NLD ပါတီဝင် ၁,၁၀၀ ကျော် ဖမ်းဆီးခံထားရပြီး ပါတီဝင်နေအိမ် အလုံး ၃၀၀ နီးပါး ချိပ်ပိတ်ခံရ-နိုဝင်ဘာ ၄ ရက် ထိပ်တန်းသတင်းများ

ပဲခူးတိုင်း NLD ပါတီဥက္ကဋ္ဌ ဦးသိန်းဒန်နဲ့ သယံဇာတဝန်ကြီး ဒေါက်တာစောညိုဝင်းတို့ ဒီနေ့ လွတ်ရက်စေ့ပေမဲ့ ပြန်လွတ်မလာ

NLD MP

ဓာတ်ပုံ ရင်းမြစ်, U Thein Dan facebook

ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်း NLD ပါတီ ဥက္ကဋ္ဌ ဦးသိန်းဒန်

ပုဒ်မ ၅၀၅ နဲ့ထပ်မံစွဲဆိုခံရတယ်လို့သတင်းထွက်နေ

ပဲခူးတိုင်း NLD ပါတီဥက္ကဋ္ဌ ဦးသိန်းဒန်နဲ့ သယံဇာတဝန်ကြီး ဒေါက်တာစောညိုဝင်းတို့ ဒီနေ့ ဒိုက်ဦးအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာမှာမို့ မိသားစုဝင်တွေက ဒိုက်ဦးအကျဥ်းထောင်မှာ သွားရောက်စောင့်ဆိုင်းခဲ့ပေမဲ့ ပြန်လည်လွတ်မြောက်လာခြင်းမရှိဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေထံက သိရပါတယ်။

“ဒီနေ့နေ့ခင်းလောက်မှာ ဒိုက်ဦးအကျဥ်းထောင်မှာ မိသားစုတွေက သွားစောင့်ကြတယ်။ ဒီနေ့လွတ်မယ်သိထားတာပေ့ါ။ ဒါပေမဲ့မလွတ်လာဘူး။ ဘာကြောင့်မလွတ်လာလဲဆိုတာတော့မသိရပါဘူး”လို့ ဦးသိန်းတန်မိသားစုနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဦးသိန်းဒန်နဲ့ ဒေါက်တာစောညိုဝင်းတို့နှစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅ နဲ့ အမှု ထပ်ဖွင့်ထားတယ်လို့လည်း သိရကြောင်း NLD ပါတီသတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။

“ကိုသိန်းဒန်တို့နှစ်ယောက်ကို ပုဒ်မ ထပ်ကပ်တယ်လို့ သိရပါတယ်။ ဒီနေ့ ၄ ရက်နေ့လွတ်မယ်ဆိုပြီး လွတ်မလာပါဘူး။ ပုဒ်မ ၅၀၅ လို့ ကနဦးသိထားရပါတယ်”လို့ NLD ပါတီသတင်းရင်းမြစ်က ပြောပါတယ်။

ဦးသိန်းဒန်နဲ့ ဒေါက်တာစာညိုဝင်းတို့ဟာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တည်းက ဖမ်းဆီးခဲ့တာဖြစ်ပြီး နှစ်ဦးလုံးကို သဘာဝဘေးစီမံခန့်ခွဲရေးဥပဒေပုဒ်မ ၂၅ နဲ့တရားစွဲကာ ထောင်နှစ်နှစ်စီ ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တာပါ။

“အဓိကကတော့ ဒီ ရွေးကောက်ပွဲတုန်းက မဲဆွယ်စည်းရုံးတဲ့အချိန်တုန်းက ကိုဗစ်စည်းကမ်းတွေ အရ လူစုလို့မရဘူး။ လူစုတယ်ဆိုတဲ့စွပ်စွဲတဲ့အချက်နဲ့လုပ်တာ။ တကယ်တမ်းကျတော့စည်းရုံးတာတွေဘာတွေမရှိသလို လူစုလူဝေးနဲ့လုပ်ခဲ့တာမရှိဘူး”လို့ ပါတီဝင်တစ်ဦးက ပြောပါတယ်။

ဦးသိန်းဒန်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၂ မှာဝင်ရောက်ယှဥ်ပြိုင်အနိုင်ရခဲ့သူဖြစ်ပြီး ဒေါက်တာစောညိုဝင်းကတော့ ၂၀၂၀ မှာ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ခဲ့တာမရှိဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်း သာယာဝတီထောင်ကနေ လွတ်ရက်စေ့လို့ပြန်လွတ်လာတဲ့ NLD ပြည်သူ့လွှတ်တော်အမတ် ဦးအောင်မြင့်ကိုလည်း ထောင်ကလွတ်လာတဲ့ နိုဝင်ဘာ ၁ ရက်မှာ အိမ်ပြန်ခွင့်မပေးခဲ့ဘဲ ပုဒ်မ ၅၀၅ (က)နဲ့ ထပ်မံတရားစွဲဆိုခဲ့တဲ့ဖြစ်စဥ်ရှိထားပါတယ်။

အာဏာသိမ်းထားတဲ့ နှစ်နှစ်နီးပါးအတွင်း NLD ပါတီဝင် ၁,၁၀၀ ကျော် ဖမ်းဆီးခံထားရပြီး ပါတီဝင်နေအိမ် အလုံး ၃၀၀ နီးပါး ချိပ်ပိတ်ခံရ

NLD supporters Rally

ဓာတ်ပုံ ရင်းမြစ်, Ye Aung Thu/AFP/Getty Images

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက စလို့ ၂၀၂၂ ခုနှစ် အောက်တိုဘာလအထိ ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဝင် ၁၁၆၉ ဦးရှိပြီး ဖမ်းဆီးခံရတဲ့ NLD အမတ် ၉၀ ဦး ရှိကြောင်း ပါတီတာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ဒီနေ့ နိုဝင်ဘာ ၃ ရက်မှာအတည်ပြုပါတယ်။

“ဖမ်းဆီးခံထားရတဲ့ တိုင်းနဲ့ပြည်နယ်တွေက ပါတီဝင်က ၁၁၆၉ ဦးရှိပါတယ်။ လွှတ်တော်အမတ်က ၉၀ ရှိပါတယ်။ ဒီကြားထဲဖမ်းလိုက် လွှတ်လိုက်က ပါတီဝင် ၂၀၀ လောက်ရှိပါတယ်။ စစ်ကြောရေးမှာ နှိပ်စက်ညှဥ်းပန်းခံရလို့နဲ့ ဆေးဝါးကုသခွင့်မရလို့ ကျဆုံးသွားတဲ့ ပါတီဝင်က ၁၉ ဦး ရှိပါတယ်။ ဒါက အောက်တိုဘာလအထိ ပြုစုထားတဲ့စာရင်းပါ”လို့ သူက ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတဝန်း NLD ပါတီဝင်နဲ့အမတ်တွေရဲ့နေအိမ် အလုံးပေါင်း ၂၈၇ လုံး ချိပ်ပိတ်ခံထားရပြီး ဝရမ်းကပ်ခံထားရတဲ့နေအိမ်က ၃၁ လုံးရှိတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်းပါတီရုံးခန်းတွေ ဖျက်ဆီးခံရမှု ၁၁၂ ကြိမ် ရှိခဲ့ပြီး မန္တလေးက NLD ပါတီရုံးဆိုရင် နှစ်ကြိမ်တိုင် ဖျက်ဆီးခံထားရတယ်လို့ ဆိုပါတယ်။

မုံရွာက ဂျိုစုနဲ့ တဲတိုက်ကျေးရွာတွင်းက နေအိမ်တချို့မီးရှို့ခံရ

sagaing region

ဓာတ်ပုံ ရင်းမြစ်, မုံရွာအမြင့်သတင်းမှန်ပြန်ကြားရေး

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမြင့်လမ်းဘေးက ကျေးရွာတွေဖြစ်တဲ့ ဂျိုစုရွာနဲ့ တဲတိုက်ရွာကို ဒီကနေ့ ‌နိုဝင်ဘာလ ၄ ရက်မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"မနက်အစောပိုင်းကစပြီး စစ်ကြောင်းနှစ်ကြောင်းခွဲထွက်လာတယ်။ မနက် ၉နာရီလောက်မှာ ဂျိုစုရွာက အိမ်တစ်အိမ်ပြီးတော့ ၁၀ နာရီလောက်မှာ‌လည်း တဲတိုက်ရွာကို ထပ်ဝင်ရှို့နေတာ။ အဝေးကနေပဲ မီးလောင်နေတာကို ကြည့်နေရတယ်၊ မီးခိုးက အများကြီးမဟုတ်ဘဲ တစ်အိမ်ပြီးတစ်အိမ်ရွေးရှို့နေပုံပါပဲ" လို့ မုံရွာအမြင့်လမ်းက ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မနေ့ နိုဝင်ဘာ ၃ ရက်နေ့တည်းက မုံရွာမန္တလေးလမ်းမကြီးကတဆင့် အရပ်အခေါ်ပျူစောထီးတွေရှိရာ တောပုကျေးရွာကိုရောက်ရှိလာခဲ့တာလို့ ဆိုပါတယ်။

အဲဒီနောက် တောပုကျေးရွာကနေ မနေ့မနက်ပိုင်းကစပြီး နဂါးတွင်းကျေးရွာထဲကို ဝင်ရောက်တပ်စွဲခဲ့သလို နေအိမ်တွေနဲ့ ရွာအပြင်က ‌တဲတချို့မီးရှို့ခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အခုမနက်မှာတော့ နဂါးတွင်းရွာက ထွက်လာတဲ့ စစ်ကြောင်းကနေ အခုလို စစ်ကြောင်းထိုးသွားလာနေတာလို့ သိရပြီး ရွာပေါင်းငါးရွာက ဒေသခံတွေ စစ်တိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တယ်ဆိုတဲ့ဒေသခံတွေရဲ့ပြောဆိုချက်နဲ့ပတ်သက်လို့ ဘီဘီစီက စစ်ကောင်စီဘက်ကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။

စစ်ခေါင်းဆောင်ကတော့ ကုလအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံစဥ် ကျေးရွာလူထုနေအိမ်တွေကို စစ်တပ် ကမီးရှို့နေတယ်ဆိုတဲ့ ကုလအထူးကိုယ်စားလှယ်ရဲ့မေးမြန်းချက်အပေါ်မဟုတ်မှန်ကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။

ဗေဒင်ဆရာလင်းညှို့တာရာ ပြန်လည်လွတ်မြောက်လာ

Youth fortune teller

ဓာတ်ပုံ ရင်းမြစ်, သစ်သူရစျာန်

အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅၀၅ (ခ)နဲ့ စစ်ကောင်စီက အမှုဖွင့်ဖမ်းဆီးခံထားပြီးထောင်ဒဏ်ချမှတ်ခံထားရတဲ့ ဗေဒင်ဆရာလင်းညှို့တာရာ ဒီနေ့နိုဝင်ဘာ ၄ ရက်မနက်မှာ ပြန်လည်လွတ်မြောက်လာတယ်လို့ သူနဲ့နီးစပ်တဲ့မိတ်ဆွေတစ်ဦးကဘီဘီစီကိုအတည်ပြုပါတယ်။

“ဟုတ်ပါတယ်။ ဒီမနက်ပဲ အိမ်ပြန်ရောက်လာတာပါ။ ကျန်းမာရေးကောင်းပါတယ်။ အင်းစိန်ထောင်ကနေ ပြန်လွတ်လာတာပါ။ စုစုပေါင်း ထောင် ၂ နှစ် ချခံထားရတာပါ။ ထောင်လွတ်ရက်စေ့လို့ပြန်လွတ်လာတာပါ” လို့ ဘီဘီစီကိုသူကပြောပါတယ်။

ကိုဟိန်းမင်းအောင် (ခ) လူငယ်ဗေဒင်ဆရာလင်းညှို့တာရာကို အာဏာသိမ်းပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ဟောပြောချက်တွေကို လူမှုကွန်ရက်မှာ ရေးသားခဲ့တာကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ တောင်ဥက္ကလာပမှာရှိတဲ့ သူ့ရဲ့နေအိမ်ကိုစစ်ကောင်စီတပ်တွေကလာရောက်ဖမ်းဆီးခဲ့တာပါ။

ဖမ်းဆီးစဥ်မှာ လူမှုကွန်ရက်မှာ ဗီဒီယိုပျံ့နှံ့ခဲ့ပြီး ဗေဒင်ဆရာရဲ့အိမ်ရှေ့မှာ လူစုလူဝေးဖြစ်ပေါ်ခဲ့သလို လာရောက်ဖမ်းဆီးမှုကို ရပ်ကွက်က ဆန့်ကျင်ဆန္ဒပြတဲ့အနေနဲ့သံပုံးတွေတီးခဲ့တာလည်း ရှိခဲ့ပါတယ်။

မန္တလေးချမ်းမြသာစည်မီး အိမ်လုံး ၄၀ ကျော်နဲ့ ကျပ်သိန်း ၇၀၀ ကျော် ဆုံးရှုံး

Mandalay fire

ဓာတ်ပုံ ရင်းမြစ်, MPA

မန္တ‌လေးမြို့ ချမ်းမြသာစည်မြို့နယ် ချမ်းတောင်ရပ်ကွက် အကွက်အမှတ် ၈၆၈ မီးလောင်မှုမှာ နေအိမ်အလုံးပေါင်း ၄၂လုံး၊ နွားလေးကောင်နဲ့ စုစုပေါင်း မီး‌လောင်ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၇ရာကျော်ရှိပြီး မီးစတင်လောင်ကျွမ်းမှုကို စုံစမ်းဆဲ ဖြစ်တယ်လို့ တိုင်းမီးသတ်ဦးစီးဌာနက တာဝန်ရှိသူက ပြောပါတယ်။

နိုဝင်ဘာ ၃ရက် ညနေ ၅ နာရီ အချိန် လောင်ကျွမ်းခဲ့တဲ့မီးဟာ Level 2 အဆင့်ထိ ရောက်ခဲ့ပြီး မီးလောင်မှုကြောင့် အသက် ၇၅ နှစ်အရွယ် အမျိုးသားနဲ့ အသက် ၆၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး မီးလောင်ဒဏ်ရာ ရရှိခဲ့ပြီး မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

လက်ရှိမှာ မီးဘေးဒုက္ခသည်တွေကို အစ္စလာမ် ဘာသာကျောင်း ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ကူညီထားတာ ဖြစ်ပါတယ်။

မီးလောင်မှုကို အမှတ်၁၁ နယ်မြေရဲစခန်းမှာ အမှုဖွင့်ထားပြီး မီးလောင်မှုအကြောင်းရင်းကို စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

ဖုန်းဆင်းကတ်တွေကို နာမည်မှတ်ပုံတင်နံပါတ်အမှန်နဲ့ ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထား ပြင်ဆင်ဖို့ စစ်ကောင်စီထုတ်ပြန်

Phone Sim Card

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဖုန်းဆင်းကတ်တွေကိုမှတ်ပုံတင်ရမှာ အမည်၊ နိုင်ငံသားစိစစ်ရေးကတ် စတဲ့အချက်အလက်တွေကို မှန်ကန်စွာဖြည့်စွက်မထားတဲ့ ဆင်းကတ်တွေကို ပိတ်သိမ်းသွားမှာဖြစ်လို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နောက်ဆုံးထားပြီး ဆင်းကတ်မှတ်ပုံတင်အချက်အလက်တွေကို တိုက်ဆိုင်စစ်ဆေးပြင်ဆင်ဖို့ စစ်ကောင်စီရဲ့ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်လာပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ national database နဲ့အချက်အလက်တွေကိုတိုက်ဆိုင်စစ်ဆေးပြီး မှန်ကန်စွာဖြည့်စွက်မထားတဲ့ ဆင်းကတ်တွေကိုပိတ်သိမ်းသွားမယ်လို့ လည်းဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့လဝက ဝန်ကြီးဌာနဟာ မှတ်ပုံတင်နဲ့ သန်းခေါင်စာရင်း ပုံစံ ၆၆/၆ တစ်ခုထက်ပိုပြီးကိုင်ဆောင်သူတွေကိုလည်း နိုဝင်ဘာ ၁၅ ရက်နောက်ဆုံးထားပြီးနီးစပ်ရာ လဝက ရုံးတွေမှာ လာရောက်အပ်နှံဖို့ ထုတ်ပြန်ထားတာရှိပါတယ်။

မြန်မာ့ဒီမိုကရေစီကူးပြောင်းစမှာ ပြည်တွင်းကို ဝင်ရောက်လာတဲ့ တယ်လီနော နဲ့ အော်ရီဒူးလို နိုင်ငံတကာ ဆက်သွယ်ရေး အော်ပရေတာတွေလည်း အာဏာသိမ်းပြီးတဲ့နောက် သူတို့ရှယ်ယာတွေကို ရောင်းပြီးပြန်လည်ထွက်ခွာသွားကြပါပြီ။

စစ်ကောင်စီအနေနဲ့ ပြည်သူတွေရဲ့ကိုယ်ရေးအချက်အလက်တွေကို နည်းလမ်းပေါင်းစုံကနေ စိစစ် ထိန်းချုပ်မှုတွေ ပြုလုပ်လာနေတယ် ဆိုပြီး စိုးရိမ်မှုတွေရှိကြကြောင်း ဆိုရှယ်မီဒီယာတွေမှာ ရေးသားကြတာကိုတွေ့ရပါတယ်

ဖုန်းဆင်းကတ်ကအချက်အလက်တွေတင်မကဘဲ၊ မိုဘိုင်းဘဏ်စနစ်သုံးစွဲသူတွေရဲ့ အချက်အလက်တွေ၊ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းလို အချက်အလက်တွေကိုပါ အမှန်ပြင်ကြဖို့ စစ်ကောင်စီကဆက်တိုက် ထုတ်ပြန်နေတာဖြစ်ပါတယ်။

ကန့်ဘလူ ကိုးတောင်ဘို့ ဇီးကနားရွာအနီးတိုက်ပွဲဖြစ် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး သက်ကြီးပိုင်းနှစ်ဦး ဒဏ်ရာရ

Sagaing Region.

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကန့်ဘလူမြို့နယ်၊ကိုးတောင်ဘို့တိုက်နယ်အတွင်းက ဇော်ချောင်းရွာမီးရှို့ခံရမှု မြင်ကွင်း/ပုံဟောင်း

နိုဝင်ဘာလ ၃ ရက်နေ့ မွန်းလွဲပိုင်းအချိန် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကိုးတောင် ဘို့ရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ ဒေသကာကွယ်ရေးတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ကြီးတွေနဲ့ပစ်ခတ်လို့ အနီးအနား ကျေးရွာတွေနဲ့ ဇီးကနားကျေးရွာက အသက် ၉ နှစ်အရွယ် ဝန်းကျင်ရှိ ကလေးငယ် သေဆုံးခဲ့ပြီး သက်ကြီးရွယ်အို ၂ ဦးက စိုးရိမ်ရတဲ့ ဒဏ်ရာတွေ ရခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဇီးကနားကျေးရွာအုပ်စုထဲက ချပ်ကုန်း၊ နှောကုန်း၊ ရှောဖြူကုန်း၊ ဇီးကနား တို့ကို လွန်ခဲ့တဲ့ နှစ်ရက်ကတည်းက စတင် စစ်ကြောင်းထိုးနေပြီး နိုဝင်ဘာ ၃ရက်နေ့မှာတော့ ဇီးကနားရွာနားမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေး တပ်တွေ အကြား ပစ်ခတ်မှုဖြစ်ပြီး ကိုးထောင်ဘို့အထိုင် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ‌စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

“ဇီးကနား ရွာနား ဆားတောင်ပြင်စစ်ဘေးရှောင်တွေဘက်ကို စစ်ကြောင်းထိုးလာတော့ ကာကွယ်ရေးဘက်ကလည်း နည်းနည်းပါးပါး လိုက်ပစ်တဲ့အခါကျတော့ သူတို့(စစ်ကောင်စီတပ်) တောင်ခြေမှာ ပိတ်မိသွားတဲ့အခါ ကိုးထောင်ဘို့အထိုင်ကနေပြီးတော့မှ ဇီးကနားကို လှမ်းပြီးတော့ လက်နက်ကြီးလေးလုံးပစ်လိုက်တာ။ ပစ်လိုက်တော့အိမ်တစ်အိမ်ကို ကျတာပေ့ါ။ မနက်တည်းက ကျွန်တော်တို့က ရှောင်ခိုင်းထားတာပါ။ သူတို့(လက်နက်ကြီးထိမှန်တဲ့အိမ်) ကတော့ မရှောင်ဘူးထင်တယ်။ အိမ်ပေါ်ကိုကျလိုက်တဲ့အခါကျတော့ အိမ်ပါတစ်ခါတည်းမီးလောင်သွားတယ်။ အိပ်နေရင်းဖြစ်မယ်။ ဗိုက်ပေါ်ကိုကျတော့ကလေးက ပွဲချင်းပြီးဖြစ်သွားတာပေါ့။ အသက်ကတော့ ၈ နှစ် ၉ နှစ်ဝန်းကျင်ပေါ့။ သုံးယောက်ထိတာပေ့ါ။ ကလေးရဲ့အဘိုးနဲ့အဘွားတို့ အသက် ၅၀ ကျော် ၆၀ ဝန်းကျင်ပေါ့ သူတို့နှစ်ဦးလည်းထိတယ်။ အဘွားဖြစ်သူကလည်း ဒဏ်ရာစိုးရိမ်ရတယ်” လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့တိုက်ပွဲအကြား ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့လက်နက်ကြီးထိမှန်လို့ ဒေသခံတွေသေဆုံးရတယ်ဆိုတာနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကိုလည်း ဆက်သွယ်မေးမြန်းဖို့ ကြိုးစားနေပါတယ်။

နိုင်ငံသားအဖြစ်က တစ်ကြိမ်ရုပ်သိမ်းပြီးရင် ဘယ်တော့မှ နိုင်ငံသားပြန်မဖြစ်ဘူးလို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးခင်ရီပြော

ဦးခင်ရီ

ဓာတ်ပုံ ရင်းမြစ်, Khin Yi

မြန်မာနိုင်ငံသားအဖြစ်ကနေ ရုတ်သိမ်းပြီးရင် ဘယ်တော့မှ နိုင်ငံသားပြန်မဖြစ်ဘူးလို့ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ လဝက ဝန်ကြီးဟောင်းဦးခင်ရီကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တပ်ကုန်းမြို့နယ်မှာ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ တွေ့ဆုံပွဲမှာ သူကခုလိုပြောခဲ့တာပါ။ "သမ္မတကြီးဦးသိန်းစိန်လက်ထက်မှာ အမျိုးသားရင်ကြားစေ့ရေးအရလုပ်ခဲ့တယ်ဆိုတာ ဒါက နိုင်ငံတော်တည်ဆောက်ရေးကာလမှာ လိုအပ်ချက်အရ​ တစ်သက်မှာတစ်ခါလောက်လုပ်ရတဲ့ဟာမျိုး။ ဘယ်တော့မှနိုင်ငံသားပြန်မဖြစ်ဘူး။ အဲဒီတော့ သူတို့ကို (PDF တွေကိုဆိုလို)အမိန့်ပေးစေ ခိုင်းနေတဲ့သူတွေက လွတ်လပ်တဲ့နယ်မြေမှာ နိုင်ငံခြားသားက ပိုက်ဆံပေးပြီးခိုင်းနေတာ။ ပြည်ပမှာရှိတဲ့သူတွေက ကျုပ်တို့ဆီက ကလေးတွေကို ခိုင်းနေပြီးတော့ ကျုပ်တို့ဆီက ကလေးတွေက ဘာမသိညာမသိနဲ့ ကျုပ်တို့တွေရဲ့သားတွေသမီးတွေ မျိုးဆက်တွေ ကလေးတွေ ဒါတွေကို တစ်ဖက်ကလည်းကျွန်တော်တို့က မကြောက်တာက မကြောက်တာပဲ။ တစ်ဖက်ကလည်း ဒါတွေမဖြစ်စေချင်ဘူး။ ဒါကြောင့် နိုင်ငံတော်က သဘောထားကြီးစွာ ခေါ်နေတာ။ ခင်ဗျားတို့စိတ်ထဲမှာ သြော် သည်းညည်းခံလှချည်လားလို့ ထင်မယ်"လို့သူကပြောသွားပါတယ်။

ဦးခင်ရီက PDF တွေ သူဟာ စစ်ဗိုလ်ဟောင်းတစ်ဦးဖြစ်ပြီး ကြံ့ခိုင်ရေးပါတီမှာလည်း တာဝန်ရှိသူဖြစ်တဲ့အတွက် သတ်ချင်ရင် သူ့ကို သတ်လို့ရကြောင်းလည်း ပြောသွားပါသေးတယ်။

"အခု NUG, CRPH, PDF တွေ ထပ်ပေါ်လာတယ်။ ကျွန်တော့်ကိုသတ်လို့ရတယ်။ ကျွန်တော် စစ်ဗိုလ်ဟောင်း မဟုတ်ဘူးလား။ ကျွန်တော် ပြည်ခိုင်ဖြိုးပါတီမှာတာဝန်ရှိတဲ့သူ။ ထောက်တိုင် တကယ့်ထောက်တိုင်ပဲ။ သတ်...ကျွန်တော့်ကိုသတ်လို့ရတယ်။ ဟုတ်ဘူးလားကျွန််တော် ပြောတာ။ ဒါပေမဲ့ ဆရာတော်ဘုရားတွေ သတ်လို့မရဘူး။ အမျိုးသမီးတွေ သတ်လို့မရဘူး အပြစ်မဲ့တယ်" လို့ သူကပြောသွားပါတယ်။

ဒါတွေကို စုပေါင်းအားနဲ့ ကျော်ဖြတ်ရမှာဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ လူတစ်ဦးတစ်ယောက်ချင်းစီအပေါ်လုံခြုံရေးမပေးနိုင်ကြောင်း၊ ဒါပေမဲ့ စီမံချက်တွေရေးဆွဲနေကြောင်းနဲ့ စီမံချက်တွေ ရေးဆွဲပြီးပါက တက်နိုင်သမျှ ကာကွယ်သွားမည်ဖြစ်ကြောင်းနဲ့ ပါတီရှေ့က မားမားမတ်မတ်ရပ်တည်သွားမယ်လို့ သူက ဆက်ပြောသွားပါတယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက် လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကြံ့ခိုင်ရေးပါတီဝင် ၁၅၀၀ ကျော်ပြီဖြစ်ကြောင်း ပါတီဘက်က ပြောကြားထားပါတယ်။

တစ်ဖက်မှာလည်း အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကစလို့ လက်ရှိအချိန်ထိ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့တဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်း (၂၄၁၂) ဦး သေဆုံးခဲ့ရပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နိုဝင်ဘာ ၃ ရက် ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။