ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း ထောင်ဒဏ် ၃ နှစ်ချမှတ်ခံရ - သြဂုတ် ၅ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန် တရားရုံးက ဝန်ကြီးချုပ်ဟောင်း အီမရန်ခမ်းကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပြီးတဲ့နောက် ရဲတပ်ဖွဲ့က သူ့ကို ဖမ်းဆီးလိုက်ပါတယ်။
နိုင်ငံပိုင် လက်ဆောင်ဘဏ္ဍာပစ္စည်းတွေကို ရောင်းချရာကနေ ရရှိတဲ့ ငွေကြေး ပမာဏကို ထုတ်ဖော်ကြေညာခဲ့ခြင်း မရှိတာကြောင့် မစ္စတာ ခမ်းမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
တစုံတရာ အမှားအယွင်းမလုပ်ဘူးလို့ သူက ပြောဆိုထားပြီး ဒီဆုံးဖြတ်ချက်ကို အယူခံ ဝင်သွားမယ်လို့ ရှေ့နေဖြစ်သူက ပြောပါတယ်။
ဆုံးဖြတ်ချက်ချပြီးတဲ့နောက် မစ္စတာ ခမ်းရဲ့ ရှေ့နေ အီတာဇာ ဟူစိန် ပန်ဂျူသာက ဒီအမှုအတွက် သူ့ရှေနေ အဖွဲ့ကို လုံလောက်တဲ့ အချိန်မပေးဘူးလို့ အခုလို ပြောပါတယ်။
‘အဆိုးအကောင်းအကျိုးအကြောင်းအပေါ် အခြေခံပြီး အမှုက ဆုံးဖြတ်တာမဟုတ်ပါဘူး။ အမှုအတွက် ဖြေရှင်းချက်ပေးဖို့အတွက် သင့်တော်တဲ့ အချိန်မပေးခဲ့ပါဘူး’လို့ သူက ပြောပါတယ်။
လာဟိုးမြို့က နေအိမ်မှာ မစ္စတာခမ်း ဖမ်းဆီးခံရတယ်လို့လည်း သူ့ပါတီက ပြောပါတယ်။
ဒီအမှုက သူဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကာလ ၂ဝ၁၈ ကနေ ပြီးခဲ့တဲ့နှစ်အတွင်း လက်ခံရရှိတဲ့ လက်ဆောင် ဘဏ္ဍာတွေနဲ့ပတ်သက်နေတယ်လို့ ဆိုပါတယ်။
ဒီစီရင်ချက်ကြောင့် နိုဝင်ဘာလမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ မစ္စတာခမ်း ပါဝင် ယှဉ်ပြိုင်ဖို့ အဆုံးသတ်သွားတယ်လို့ ဥပဒေ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ ပြန်မယ့်ရက် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရွှေ့ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်ပမှာ ၁၅ နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ် လာမယ့်သီတင်းပတ်မှာ ထိုင်းကို ပြန်ဖို့ စီစဉ်ထားတာကို ရွှေ့ဆိုင်းလိုက်တယ်လို့ ပြောပါတယ်။
ဆေးဘက်ဆိုင်ရာ စစ်ဆေးမှုတွေ လုပ်ဆောင်မှာ ဖြစ်တာကြောင့် အခုလို ပြန်မယ့် ကိစ္စ နှောင့်နှေးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။
မေလက ထိုင်းနိုင်ငံမှာ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးတဲ့နောက် နိုင်ငံရေးအခြေအနေက မတင်မကျ ဖြစ်နေပါတယ်။
မစ္စတာ သက်ဆင်ကျောထောက်ခံပေးထားတဲ့ ဖွေထိုင်းပါတီက ရွေးကောက်ပွဲမှာ ဒုတိယနေရာမှာ ရပ်တည်ခဲ့ပြီး အစိုးရ ဖွဲ့ဖို့ ကြိုးစားနေပါတယ်။
၂ဝဝ၆ ခုနှစ်က မစ္စတာ သက်ဆင်ကို စစ်တပ်က ဖြုတ်ချခဲ့ပြီး ရာဇဝတ်မှုတွေနဲ့ တရားစွဲခဲ့ပါတယ်။
မစ္စတာ သက်ဆင်က ဒီအမှုတွေက နိုင်ငံရေးအရ ရည်ရွယ်ချက် ရှိရှိလုပ်တာလို့ ဆိုပါတယ်။
ထိုင်းနိုင်ငံကို ပြန်ချင်တယ်လို့ မစ္စတာ သက်ဆင်က အရင်ကတည်းက ပြောဆိုထားပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ သွေးလွန်တုပ်ကွေး စံချိန်တင် ဖြစ်ပွား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု စံချိန်တင်မြင့်မားနေပါတယ်။ သည်းထန်တဲ့ မုတ်သုန်မိုးက ကူးစက်မှုကို ပိုမို တွန်းအားပေးနေပါတယ်။
ကူးစက်မှုပေါင်း ခြောက်သောင်းကျော်ရှိခဲ့ပြီး လူ ၃ဝဝ နီးပါး သေဆုံးခဲ့ပြီလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါဟာ ၂ဝဝဝ ပြည့်နှစ်က ကူးစက်ပြီးတဲ့နောက် ပထမဆုံး လူအသေအပျောက်အများဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါကာမှာရှိတဲ့ ဆေးရုံတွေနဲ့ နိုင်ငံတဝန်းက ဆေးရုံတွေမှာ လူနာတွေကို နေရာပေးဖို့ ရုန်းကန် နေရပါတယ်။
ဝပ်နေတဲ့ ရေတွေမှာ ခိုအောင်းနေတဲ့ ခြင်တွေကနေ တဆင့် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်က ပျံနှံ့တာ ဖြစ်ပါတယ်။
ဇွန်နဲ့ စက်တင်ဘာလတွေမှာဆိုရင် အရှေ့တောင် အာရှမှာ သွေးလွန်တုပ်ကွေးက ဖြစ်ပွားလေ့ ရှိပါတယ်။ ဒီရောဂါအတွက် သီးသန့် ကာကွယ်ဆေးလည်း မရှိပါဘူး။
ယူကရိန်း ငြိမ်းချမ်းရေး ဆော်ဒီ ကမကထလုပ် ဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူကရိန်းရဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး ဆော်ဒီအာရေဗီးယားနိုင်ငံက အိမ်ရှင် အဖြစ် ကမကထ လုပ်ပြီး ဂျေဒါမြို့မှာ ဆွေးနွေးနေပါတယ်။
ယူကရိန်းက အဆင့်မြင့်အရာရှိတွေအပါအဝင် ယူကရိန်းရဲ့ အနောက်နိုင်ငံမဟာမိတ်တွေနဲ့ ဘရာဇီးလ် အိန္ဒိယနဲ့ တောင်အာဖရိကတို့ကလည်း တက်ရောက်နေပါတယ်။
ရုရှားနဲ့ နီးစပ်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားတဲ့ တရုတ်လည်း တက်ရောက်နေပြီး ဒီဆွေးနွေးပွဲမှာ ရုရှားကို ဖိတ်ကြားထားတာ မရှိပါဘူး။
၂ ရက်ကြာမယ့် ဒီဆွေးနွေးပွဲမှာ ယူကရိန်းက သူ့ရဲ့ ငြိမ်းချမ်းရေး အစီအစဉ် အတွက် ထောက်ခံမှုတွေ ရမယ်လို့ မျှော်လင့်နေပါတယ်။
ယူကရိန်းက ရုရှားတပ်ဖွဲ့ အားလုံး ပြန်ဆုတ်သွားပြီး ယူကရိန်းရဲ့ နယ်မြေပိုင်နက်ကို ပြန်လည် ရယူဖို့ ဆန္ဒရှိနေပါတယ်။ ဒီပဋိပက္ခရဲ့ သက်ရောက်မှုကို လျော့ချနိုင်ပြီး သံတမန်နည်းအရ အဖြေရှာရာမှာ အကူအညီ ပေးမယ်လို့ ဆော်ဒီက ပြောပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလား စပိန်နဲ့ ဂျပန် ကွာတားဖိုင်နယ် တက်ရောက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကျင်းပနေတဲ့ အမျိုးသမီး ကမ္ဘာ့ ဖလားပြိုင်ပွဲမှာ ဂျပန်နဲ့ စပိန် အသင်း ကွားတား ဖိုင်နယ်ကို တက်ရောက်သွားပြီ ဖြစ်ပါတယ်။
ဂျပန်က နော်ဝေကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိသွားပြီး ကွားတားဖိုင်နယ် တက်ရောက်သွားတာ ဖြစ်ပါတယ်။
ဂျပန် အလယ်တန်းလူ ဟီနာတာ မီယာဇဝါ က ၅ ဂိုး သွင်းယူထားပြီး ပြိုင်ပွဲအတွက် ထိပ်တန်း ဂိုးသွင်းယူထားသူတစ်ဦး ဖြစ်နေပါတယ်။
ဒါ့အပြင် အစောပိုင်းက ကစားတဲ့ ပွဲမှာ စပိန်က ဆွစ်ဇာလန်ကို ၅ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိပြီး ကွားတာဖိုင်နယ်ကို တက်ရောက်သွားပါပြီ။








