ကမ္ဘာ့ အကြီးဆုံး စက်ဝတ်စုံ သို့မဟုတ် Prosthesis

Reuters/ Exosapien Technologies

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ကမ္ဘ့ာ အကြီးဆုံး အိတ်ဆိုစကယ်လီတန်၊ ခန္ဒာပြင်ပ အရိုးဘောင်တခုလို သုံးနိုင်ပြီး ခြေ ၄ ချောင်းထောက်ပြီး သွားလာနိုင်

ဒီဧရာမ စက်ရုပ် ကြီးဟာ ကမ္ဘ့ာ အကြီးဆုံး အိတ်ဆိုစကယ်လီတန်ခေါ်တဲ့ ခန္ဒာပြင်ပ အရိုးဘောင်တခုလို သုံးနိုင်ပြီး ခြေ ၄ ချောင်းထောက်ပြီး သွားလာနိုင်တာဖြစ်ပါတယ်။

Prosthesis လို့ အမည်ပေးထားတဲ့ ဒီစက်ရုပ်ကြီးဟာ စက်ဝတ်စုံတခုအဖြစ်လည်း သုံးနိုင်ပါတယ်။ ကနေဒါ နိုင်ငံက အနုပညာရှင်နဲ့ အင်ဂျင်နီယာ တဦးဖြစ်သူ Jonathan Tippett က နှစ်ပေါင်းများစွာ အချိန်ယူပြီး တီထွင် ဖန်တီးထားတာ ဖြစ်ပါတယ်။ အမြင့် ၃ မီတာကျော်ပြီး အလေးချိန် ကီလိုဂရမ် ၄၀၀၀ ရှိပါတယ်။ မြင်းကောင်ရေ ၂၀၀ အားရုန်းနိုင်ပြီး ဒါဟာ သာမန်ကားတစင်းရဲ့ ရုန်းအားထက် ပိုပါတယ်။

နောက်ပြီး လူတယောက် စွမ်းဆောင်နိုင်တဲ့ ခွန်အားပမာဏကို အဆ ၅၀ မြှင့်တင်ပေးနိုင်ပါတယ်။

Reuters/ Exosapien Technologies

ဓာတ်ပုံ ရင်းမြစ်, Reuters

Jonathan ဒီလို စက်ရုပ်ကြီးကို တီထွင်ဖို့ ဖြစ်လာတာက သူ ငယ်စဉ်က ကြည့်ခဲ့ဖူးတဲ့ Transformers films ရုပ်ရှင်တွေက စခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ ၇ နှစ်က သူ့မိတ်ဆွေ အင်ဂျင်နီယာတွေနဲ့ ပြောဆို ဆွေးနွေးပြီးမှသာ စတင် တီထွင်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ သူ့စက်ရုပ်ဟာ မြေတူးစက်၊ မြေသယ်ကားနဲ့ ဒိုင်နိုဆောတွေ ပေါင်းထားတာ ဖြစ်တယ်လို့ Jonathan က ပြောပါတယ်။

စက်ရုပ်ကို ဝတ်စုံလို ကောင်းကောင်း အသုံးချတတ်ဖို့ မိနစ်အနည်းငယ်ပဲ လိုတယ်လို့ Jonathan က ပြောပါတယ်။ မိနစ်ပိုင်း အတွင်းမှာတင် ဒီစက်ရုပ်ကြီးထဲ ဝင်ရပ်ပြီး လိုရာကို မောင်းနှင်နိုင်ပါပြီ။ ဟန်ချက်ညီအောင် ထိန်းပြီး အတက်အဆင်း အတိမ်းအစောင်းတွေ လုပ်လို့ ရပါတယ်။

ဒီလို စက်ရုပ်ကြီးကို ထိန်းချုပ် မောင်းနှင်ရတာဟာ ဘာနဲ့မှ မတူဘဲ တမူထူးခြားတယ်၊ ပျော်စရာကောင်းသလို ထိတ်လန့်စရာကောင်းတဲ့ အခါတွေလည်း ရှိတယ်လို့ Jonathan က ပြောပါတယ်။

Reuters/ Exosapien Technologies

ဓာတ်ပုံ ရင်းမြစ်, Reuters

ဒီ ၁၀ ပေမြင့်တဲ့ စက်ရုပ်ထဲကို တက်ပြီးအထဲမှာ ဝင်ထိုင် ပြီးရင်တော့ စက်နှိုးရတာပေါ့၊ မဟုတ်ရင် ဘယ်လို လှုပ်ရှားနိုင်မလဲလို့ Jonathan က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂ နှစ်က သူ့ရဲ့ ဒီ စက်ရုပ်ဝတ်စုံကြီး ဂင်းနက်စ် ကမ္ဘာ့စံချိန် မှတ်တမ်းများ စာအုပ်ထဲမှာ ကမ္ဘာ့အကြီးဆုံး ၄ ချောင်းထောက် စက်ရုပ်ဝတ်စုံကြီးအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

 Jonathan က နောက်ထပ် စက်ရုပ်ဝတ်စုံကြီးတွေ ထပ်ပြီး ဖန်တီးဖို့ စီစဉ်နေပါတယ်။ အနာဂတ်မှာ ဒီလို စက်ရုပ်ဝတ်စုံတွေကို အပျော်သဘောမကဘဲ သတ္တုတူးဖော်ရေး၊ စိုက်ပျိုးရေးနဲ့ ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေမှာပါ အသုံးပြုလာကြတာ မြင်ချင်တဲ့အကြောင်း Jonathan က ပြောပါတယ်။