ဧပြီ ၃၀ ရက် နိုင်ငံတကာ ထိပ်တန်း သတင်းများ- ကွန်မြူနစ် ကျူးဘားမှာ မေဒေးချီတက်ပွဲ ဖျက်သိမ်း

ကျူးဘားမှာ လောင်စာဆီရှားပါးလို့ စီးပွားရေး ပျက်ယွင်းနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျူးဘားမှာ လောင်စာဆီရှားပါးလို့ စီးပွားရေး ပျက်ယွင်းနေ

ကျူးဘားနိုင်ငံမှာ မေလ ၁ ရက် နိုင်ငံတကာ အလုပ်သမားများနေ့ မေဒေး နေ့တိုင်းမှာ နှစ်စဉ် ချီတက်ပွဲ လုပ်ခဲ့ကြပေမယ့် အခုနှစ်မှာတော့ ချီတက်ပွဲ ပြုလုပ်မယ့် အစီအစဉ်ကို ကျူးဘား ကွန်မြူနစ် အစိုးရက ဖျက်သိမ်းလိုက်ပါတယ်။

လောင်စာဆီ ပြတ်တောက် ရှားပါးနေတဲ့ ပြဿနာနဲ့ ရင်ဆိုင်နေရပြီး တိုင်းပြည်ရဲ့ စီးပွားရေး ထိခိုက် နေချိန် ဖြစ်တဲ့ အတွက် မေဒေး ချီတက်ပွဲကို ဖျက်သိမ်း လိုက်တာလို့ နားလည်ရပါတယ်။

ကျူးဘားဟာ တစ်နိုင်ငံလုံးရဲ့ လောင်စာဆီ လိုအပ်ချက် သုံးပုံနှစ်ပုံပဲ ရရှိနေတယ် ဆိုပြီး ကျူးဘား သမ္မတ မီဂဲလ် ဒီးယပ်စ် ကာနဲလ် Miguel Diaz-Canel က ခုရက်ပိုင်းမှာပဲ ပြောထားပါတယ်။ ကျူးဘားကို လောင်စာဆီ တင်သွင်းနေတဲ့ နိုင်ငံတွေဘက်က စာချုပ်ပါ ကတိကဝတ်တွေကို ချိုးဖောက်ပြီး ပြည့်မီအောင် မတင်ပို့နိုင် ဖြစနေ ကြတယ်လို့လည်း သမ္မတ ဒီးယပ်စ် ကာနဲလ်က အပြစ်တင်ပါတယ်။

ရေနံစိမ်းကို အရည်သွေး အဆင့်မီအောင် ချက်လုပ်သန့်စင်နိုင်တဲ့ စက်ရုံမျိုး ကျူးဘားထံမှာ မရှိတဲ့ အတွက်၊ အဆင့်မြင့် သန့်စင်ပြီး လောင်စာဆီတွေကို ပြည်ပကနေ တင်သွင်း နေရတာ ဖြစ်ပါတယ်။ အခုနှစ်ပိုင်းတွေမှာ ဗင်နီဇွဲလား ကနေ ဝင်လာတဲ့ ရေနံစိမ်း ပမာဏ ထက်ဝက် ကျဆင်းသွားခဲ့သလို၊ အမေရိကန် ပိတ်ဆို့မှုတွေ၊ ယူကရိန်း စစ်ပွဲတွေကြောင့်လည်း အခုလို လောင်စာဆီ ပြဿနာ ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။

တပ်ချင်းကွဲပြီး အာဏာလုနေတဲ့ ဆူဒန်ကနေ လူတွေ အစုလိုက်အပြုံလိုက် ထွက်ပြေးနေ

အမျိူးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ သောင်းနဲ့ချီပြီး ဒါဖာဒေသက ထွက်ပြေး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမျိူးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ သောင်းနဲ့ချီပြီး ဒါဖာဒေသက ထွက်ပြေး

ဆူဒန်မြို့တော် ခါတွမ်မှာ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ပေါ်ပေါက်နေပါတယ်။ မြို့တော်ကို ထိန်းချုပ်နိုင်ဖို့ အတွက် အပြိုင် လက်နက်ကိုင် တပ်ဖွဲ့တွေ ကြိုးစားနေကြတာ ဖြစ်ပါတယ်။ စစ်တပ်ဌာနချုပ်တစ်ဝိုက်မှာ တိုက်ပွဲတွေ ရှိနေပြီး၊ ရှိတဲ့ ခါတွမ်နဲ့ အမွှာမြို့ အဖြစ် ရည်ညွှန်း ပြောကြတဲ့ နိုင်းမြစ်တစ်ဘက်ကမ်က အွမ်ဒါမန်မှာလည်း လေကြောင်း တိုက်ခိုက်မှုတွေ ရှိခဲ့တယ် ဆိုတဲ့ သတင်းတွေရထားပါတယ်။

ပြုလုပ်ထားသမျှ အပစ်ရပ်ရေး သဘောတူမှုတွေ အကြိမ်ကြိမ် ကျိုးပျက်ပြီး တိုက်ပွဲတွေ မရပ်နိုင်ဖြစ်နေတဲ့ အတွက်၊ သွေးထွက်သံယို ဖြစ်ရပ်တွေ အများဆုံး ရပ်ပြီး ဆွေးနွေး ညှိနှိုင်းကြဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က ပန်ကြား နေပါတယ်။

သန်းနဲ့ချီတဲ့ ဒေသခံတွေဟာ တိုက်ပွဲတွေကြား ပိတ်မိနေပြီး၊ မိမိတို့ရဲ့ နေအိမ်တွေထဲမှာပဲ နေနေကြရတယ်လို့ ဆိုပါတယ်။ ဆူဒန်ကနေ ဘေးလွတ်ရာ ထွက်ပြေးသွားကြသူ အရေအတွက်အလည်း သောင်းပေါင်းများစွာ ရှိနေပြီ ဖြစ်ပါတယ်။ အီဂျစ်နယ်စပ်မှာ အီဂျစ်ထဲကို ဝင်နိုင်ဖို့ စောင့်နေတဲ့ ဘတ်စ်ကားတန်းရှည်ကြီးကို တွေ့နေရပါတယ်။ ပို့(ထ)ဆူဒန် ဆိပ်ကမ်းမှာ ဆိုရင်လည်း ဆော်ဒီအာရေဗျကို ထွက်ခွာမယ့် သင်္ဘောတွေနဲ့ လိုက်နိုင်ဖို့ရာ လူတွေ စုပြုံတိုးဝှေ့ နေကြပါတယ်။

ဆူဒန်ပြည်တွင်း၊ အနောက်ဒါဖာ ပြည်နယ်က အခြေအနေကို ကြည့်ရင်လည်း ဒေသခံတွေဟာ အာရပ် ပြည်သူ့စစ် လက်နက်ကိုင်တွေရန်က ကာကွယ်နိုင်ဖို့ သေနတ်တွေ ဆောင်ပြီး အသင့် ပြင်ထားကြတယ် ဆိုပြီး မျက်မြင် သက်သေတွေက ပြောပါတယ်။

ကပ်လျက် ချတ်နိုင်ငံ အရှေ့ခြမ်းမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်ရဲ့ အဆိုအရ အကြမ်းဖက်ဖြစ်ရပ်တွေ ပေါ်ပေါက်နေတဲ့ ဒါဖာဒေသကနေ အမျိုးသမီး၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေ ထောင်ပေါင်းများစွာ ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။ အဲဒီဒေသက ကျေးရွာတွေဟာ လက်နက်ကိုင် ပြည်သူ့စစ် အမျိုးမျိုးရဲ့ ဝင်ရောက် တိုက်ခိုက် စီးနင်းတာ၊ ပစ္စည်းတွေ လုယူတာတွေ ခံနေကြရတယ်လို့ ဆိုပါတယ်။

ပန်ဂျပ်ပြည်နယ်က ဂတ်စ်ယိုစိမ့်မှု

၁၁ ယောက် သေဆုံးကြောင်း အတည်ပြုထားနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၁ ယောက် သေဆုံးကြောင်း အတည်ပြုထားနိုင်

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ ဓာတ်ငွေ့ ယိုစိမ့်မှုကြောင့် လူတွေ အစုလိုက် အပြုံလိုက် သေဆုံးခဲ့ရပါတယ်။ အတည်ပြုထားနိုင်သမျှ သေဆုံးစာရင်းထဲ အနည်းဆုံး ၁၁ ယောက် ရှိနေပြီ ဖြစ်တယ်လို့ အိန္ဒိယ အာဏာပိုင်တွေက ဆိုပါတယ်။ လူတချို့ကိုလည်း ဆေးရုံတင်ထားရပြီး အရေးပေါ် ကုသ ပေးနေရပါတယ်။

လာဒ်ဒီဟားနားမြို့မှာ အဲဒီဖြစ်ရပ် ပေါ်ပေါက်ခဲ့တာ ဖြစ်ပြီး၊ ဓာတ်ငွေ့ ယိုစိမ့်ရတဲ့ အကြောင်းအရင်းကို အာဏာပိုင်တွေဘက်က ရှင်းရှင်းလင်းလင်း မပြောနိုင်သေးပါဘူး။ မနက်ခင်း နွားနို့လာဝယ်သူတွေ ဆိုင်ရှေ့ မေ့လဲကျသွားခဲ့ကြတာ ဖြစ်တယ်လို့ အနီးတစ်ဝိုက် ရှိနေသူတွေက ဆိုပါတယ်။ ရဲကော်မရှင်နာ မန်ဒိ(ပ) ဆင်းဂ် ဆစ်ဒူးက အခုလို ပြောပါတယ်။

”အခုဆိုရင် အရေးပေါ်အဖွဲ့ NDRF က သွေးနမူနာတွေ ယူပြီး ဓာတ်ခွဲ စစ်ဆေးနေကြပါတယ်။ အဖြေရမှပဲ ဘယ်လို ဓာတ်ငွေ့မျိုး ယိုစိမ့်ပြီး အဆိပ်သင့်တာလဲ ဆိုတာ အတိအကျ သိရမှာပါ” လို့ ပြောသွားတာပါ။

အခင်းဖြစ်ရာ ပတ်ဝန်းကျင်မှာ စက်ရုံ အလုပ်ရုံတချို့ ရှိတယ်ဆိုပြီး ဒေသခံတွေက ပြောပါတယ်။

နယ်စပ်ပေါက်တွေ ဖွင့်ထားပေးဖို့ ဟန်ဂေရီကို ပုပ်ရဟန်းမင်းကြီး ပန်ကြား

ပုပ်ဖရန်ဆစ်ရဲ့ ဟန်ဂေရီ ခရီးစဉ် အဆုံးသတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပုပ်ဖရန်ဆစ်ရဲ့ ဟန်ဂေရီ ခရီးစဉ် အဆုံးသတ်

ဟန်ဂေရီနိုင်ငံ အနေနဲ့ ရွှေ့ပြောင်းဝင်ရောက် လာကြသူတွေကို တံခါးပိတ် မထားကြပါနဲ့ ဆိုပြီး ပုပ်ရဟန်းမင်းကြီး ဖရန်ဆစ်က ပန်ကြားလိုက်ပါတယ်။ ဟန်ဂေရီနိုင်ငံမြို့တော် ဘူဒါပက်စ်မှာ ရောက်နေတဲ့ ပုပ်ဖရန်ဆစ်ရဲ့ ၃ ရက်မြောက် နောက်ဆုံးနေ့၊ ပြန်လည် မကြွချီခင် ၊ပုပ်ရဟန်းမင်းကြီးနဲ့ အတူ ဝတ်ပြု ဆုတောင်းနိုင်အောင် သောင်းပေါင်းများစွာသော တရားနာ ပရိတ်သတ်တွေ စုဝေးနေခဲ့ကြပါတယ်။

ဟန်ဂေရီ လက်ရှိ ဝန်ကြီးချုပ် ဗစ်တာ အိုဘင် ဦးဆောင်တဲ့ အစိုးရဟာ အင်မတန် သဘောထားတင်းမာပြီး တင်းကျပ်တဲ့ လူဝင်မှု ထိန်းချုပ်ရေး နည်းနာတွေ ကျင့်သုံးနေတယ်လို့ နိုင်ငံတကာရဲ့ ပြစ်တင် ဝေဖန်မှုတွေ ရှိနေပါတယ်။ ပုပ်ရဟန်းမင်းကြီးက အဲဒီ တံခါးပိတ် မူဝါဒကို ဖြေလျှော့ဖို့ သူ့ရဲ့ တနင်္ဂနွေ ဝတ်ပြု ဆုတောင်းမှုထဲ အခုလို ထည့်သွင်း ပြောခဲ့ပါတယ်။

“ပိတ်ထားတဲ့ တံခါးတွေကို မြင်တွေ့ရတာဟာ ဝမ်းနည်းဖွယ် ကောင်းပါတယ်။ နာကျင်ရပါတယ်။ ဒီ ပိတ်ထားတဲ့ တံခါးတွေဟာ ကျွန်ုပ်တို့ရဲ့ တစ်ကိုယ်ကောင်း အတ္တတွေကို ကိုယ်စား ပြုနေတယ်”လို့ ပုပ်ဖရန်ဆစ် ပြောသွားခဲ့ပါတယ်။

ဘာ့ခ်မွတ် ထောက်ပို့ရေးလမ်း ပွင့်နေဆဲလို့ ယူကရိန်း ပြော

ဘာ့ခ်မွတ် မကျအောင် တောင့်ခံထားတား တစ်နှစ်နီးပါး ရှိနေပြီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘာ့ခ်မွတ် မကျအောင် တောင့်ခံထားတား တစ်နှစ်နီးပါး ရှိနေပြီ

ယူကရိန်းနိုင်ငံမှာတော့ ရုရှားတပ်တွေ ပိတ်ဆို့ ပြီး ဝိုင်းတိုက်နေကြတဲ့ ဘာ့ခ်မွတ်မြို့မှာ ခုခံစစ် ဆင်နွှဲနေကြတဲ့ ယူကရိန်း တပ်သားတွေဆီ လိုအပ်တဲ့ ထောက်ပို့ရေးတွေ ဆက်လက် ပြုလုပ် နေနိုင်တုန်းပဲလို့ ယူကရိန်း စစ်တပ်က ပြောပါတယ်။

ယူကရိန်း အရှေ့ဘက်ခြမ်းက ဘာ့ခ်မွတ်မြို့ကို ရဖို့ ရုရှားတပ်တွေ ကြိုးစားနေတာ အခုဆိုရင် တစ်နှစ်နီးပါး အထိ ကြာလာခဲ့ပြီ ဖြစ်ပါတယ်။ မြို့သိမ်းတိုက်ပွဲကို ဦးဆောင် ပြုလုပ်နေတဲ့ ရုရှား ကြေးစားတပ် ဗာ့ဂနာရဲ့ အကြီးအကဲက တကယ်တော့ ဘာ့ခ်မွတ်ကို တရားဝင် သဘော ထိန်းချုပ်ထားနိုင်တာ သူတို့ တပ်ဖွဲ့ဝင်တွေ ဖြစ်တယ် ဆိုပြီး အခုလ အစောပိုင်းတုန်းက ပြောခဲ့ပါတယ်။

ယူကရိန်း စစ်တပ်က ပြောရေးဆိုခွင့် ရှိသူကတော့ အခုအချိန်ထိ ထောက်ပို့ လမ်းကြောင်းရဲ့ အသက်သွေးကြော အနောက်ဘက်ခြမ်း ဒေသတွေဆီ ပေါက်ရောက်တဲ့ လမ်းမကို ယူကရိန်း တပ်က ထိန်းချုပ်ထားဆဲပဲလို့ ဆိုပါတယ်။ ဘာ့ခ်မွတ်မြို့က အခြေအနေတွေ ဆိုးရွား ပြင်းထန်နေပြီး၊ မလွယ်လှဘူး ဆိုတဲ့ အချက်ကိုတေယ့ ယူကရိန်း စစ်တပ် ပြောခွင့်ရက ဟုတ်မှန်ကြောင်း အသိအမှတ်ပြု ပြောကြားပါတယ်။

သမ္မတ မားကို့စ်အငယ်ရဲ့ ဝါရှင်တန် ခရီးစဉ်

တောင်တရုတ်ပင်လယ်ပြင် တင်းမာမှုမှာ ဝါရှင်တန်ဘက် ယိမ်းပြတဲ့ ဗျူဟာမြောက် ခရီးစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တောင်တရုတ်ပင်လယ်ပြင် တင်းမာမှုမှာ ဝါရှင်တန်ဘက် ယိမ်းပြတဲ့ ဗျူဟာမြောက် ခရီးစဉ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သမ္မတ မားကို့စ်အငယ်ရဲ့ ဝါရှင်တန် ခရီးစဉ်

ဖိလိစ်ပိုင် သမ္မတ ဖာဒီနန် မားကို့စ်ဟာ အမေရိကန် ပြည်ထောင်စု ခရီးစဉ် ထွက်ခွာ သွားပြီ ဖြစ်ပါတယ်။ တောင်တရုတ်ပင်လယ်ပြင် အရေးမှာ တရုတ်နဲ့ကြား ဆက်ဆံရေး တင်းမာမှု မြင့်တက် နေချိန်မှာ အမေရိကန်နဲ့ ဆက်ဆံရေး တိုးမြင့်ဖို့ ဖိလစ်ပိုင်ဘက်က လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မနက်ဖြန် တနင်္လာနေ့မှာ အမေရိကန် သမ္မတ ဘိုင်ဒင်နဲ့ မစ္စတာ မားကို့စ် တွေ့ဆုံမှာ ဖြစ်ပါတယ်။ သူ အခု ပြုလုပ်တဲ့ ၄ ရက်တာ အမေရိကန် ခရီးစဉ်ဟာ ဖိလစ်ပိုင်ရဲ့ အမျိုးသား အကျိုးစီးပွား အတွက် မဖြစ်မနေ ပြုလုပ်ရမယ့် အရေးကြီးတဲ့ ခရီးစဉ် ဖြစ်တယ် ဆိုပြီး သမ္မတ မားကို့စ်က ပြောထားပါတယ်။

တောင်တရုတ်ပင်လယ်ပြင်၊ ပိုင်နက် အငြင်းပွားနေရာ ရေပြင်ထက်မှာ ဖိလစ်ပိုင် ကမ်းစောင့်တပ် ရေယာဉ်ကို တရုတ်သင်္ဘာက ပိတ်ဆို့ဖို့ ကြိုးစားခဲ့တဲ့ ဖြစ်ရပ် လောလောလတ်လတ် ပေါ်ပေါက်ခဲ့ပါတယ်။

အဲဒီ ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီးတဲ့နောက် ရက်အနည်းငယ် အတွင်းမှာပဲ တောင်တရုတ်ပင်လယ်ပြင်မှာ ရန်စကျုးလွန်တဲ့ အပြုအမူမျိုး၊ လုံခြုံရေး ပျက်ယွင်းစေတဲ့ အပြုမူမျိုးတွေ တရုတ်ဘက်က ပြုလုပ်နေတာ ရပ်တန့်ပါ ဆိုပြီး အမေရိကန်က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။