ဇူလိုင် ၁၅ ရက် ထိပ်တန်းရောက်သတင်းများ - မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး အပါအဝင် အရာရှိတချို့ စစ်ဆေးခံနေရ

ဓာတ်ပုံ ရင်းမြစ်, cincds
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အခြေစိုက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင် နဲ့ အရာရှိတချို့ ပြီးခဲ့တဲ့ရက်ပိုင်းက စတင် အစစ်ဆေးခံနေရတယ်လို့ နေပြည်တော် က သတင်းအရင်းအမြစ်တွေထံက စုံစမ်းသိရှိရပါတယ်။
‘’စစ်ရေးကိစ္စမဟုတ်ဘူး။ ဖားကန့်က စီးပွားရေး ကိစ္စ။ စစ်ရုံးထဲမှာ ခေါ်စစ်နေတယ်’’လို့ ဘီဘီစီ ရဲ့ သတင်းအရင်းအမြစ်က ပြောပါတယ်။
ဗိုလ်ချုပ်ကိုကိုမောင် နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်း လုပ်ငန်းရှင် တစ်ဦးပါ စစ်ဆေးခံနေရတယ် လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်ကိုကိုမောင်ဟာ မနှစ်ကမှ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဖြစ်လာတာပါ။
ဗိုလ်ချုပ်ကိုကိုမောင် ခေါ်ယူ စစ်ဆေးခံရတာနဲ့ပတ်သက်လို့ အသေးစိတ် သိရဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ခဲ့ပေမယ့် ဒီကနေ့ ညနေပိုင်းအထိ အဆက်အသွယ်မရသေးပါဘူး။
ပြီးခဲ့တဲ့ လပိုင်းအတွင်းကလည်း တိုင်းမှူး နှစ်ဦး ခေါ်ယူစစ်ဆေးခံခဲ့ရပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး အနားပေးခံခဲ့ရပြီး လာအိုသံအမတ်ကြီးအဖြစ် ပြောင်းရွှေ့ခံခဲ့ရပါတယ်။
တန့်ဆည်၊ သပြေရင်းရွာမှာ တိုက်ပွဲဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP
ထီးချိုင့်ကရွာအချို့ နေအိမ်မီးရှို့ခံနေရ
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်ထဲက သပြေရင်းရွာမှာ ဒီကနေ့မနက်အစောပိုင်း ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကြား နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီးနောက် လေယာဉ်နဲ့ လာရောက်ဗုံးကြဲခဲ့တယ်လို့ တန့်ဆည်ဒေသခံတွေက ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
"သပြေရင်းနဲ့ ၆ မိုင်ကျော်ဝေးတဲ့ ကျွန်တော်တို့ရွာဘက်ကနေတောင် သေနတ်ပစ်သံတွေကြားရတယ်။ လေယာဉ်လာပစ်တဲ့အသံဆိုလည်း အကျယ်ကြီးပဲ။ အခုလို တိုက်ပွဲမပြင်းထန်တာ ၈ လလောက်ရှိနေပြီ" လို့ တန့်ဆည်ကျေးရွာသားတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဒါဟာ တန့်ဆည်မြို့ပေါ်ကနေ စစ်ကြောင်းထိုးလာတဲ့ တပ်ဖွဲ့ဝင်တွေလို့ ဒေသခံတွေဆီက သိရပါတယ်။
တခါ စစ်ကိုင်းတိုင်းအထက်ပိုင်းက ထီးချိုင့်မြို့နယ်က ကျေးရွာတွေကို ဇူလိုင် ၁၃ ရက်ကစလို့ ကသာဘက်ကနေ စစ်ကြောင်းထိုးလာခဲ့ပြီး ဒေသကာကွယ်ရေးအဖွဲ့တွေကလည်း မိုင်းဆွဲတိုက်ခိုက်တာတွေ နေ့စဉ်ရှိနေတယ်လို့ ရွာသားတွေကပြောကြပါတယ်။
"၁၃ ရက်ညက ထီးချိုင့်နယ်ထဲဝင်လာပြီးတော့ ချိတ်သင်ရွာက အိမ်အလုံး ၂၀၊ ရွာသစ်က ၃ လုံး အရှို့ခံရတယ်။ ဒီမနက်အစောပိုင်းကလည်း မိုင်းဆွဲခံရပြီးတော့ ကျွဲတဲကုန်း၊ အောင်သာယာရွာတွေကို ဆက်တိုက်မီးရှို့ပြီး မြတောင်ဘက် တက်နေပြီ" လို့ ထီးချိုင့်ဒေသခံတစ်ဦးက ပြောပါတယ်။
ဒါကြောင့် ကျေးရွာ ၅ ရွာထက်မနည်းက ဒေသခံရာနဲ့ချီ စစ်တိမ်းရှောင်နေကြရပြီး ရွာသားအချို့ဟာ စစ်ကောင်စီအဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးတာကိုခံခဲ့ရပေမဲ့ နေ့တွင်းချင်းပြန်လွတ်မြောက်လာခဲ့တယ်လို့လည်း သိရပါတယ်။
ဝက်လက် ရှိန်းမကားရွာစျေး မီးရှို့ခံရ

ဓာတ်ပုံ ရင်းမြစ်, Wetlet Information Network
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိန်းမကားရွာရဲ့ စျေးဆိုင်ခန်းတွေကို မနေ့ညပိုင်းမှာ ရွာအခြေစိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ခဲ့တာကြောင့် ဆိုင်ခန်း ၂၀ ခန့်အပြင် စျေးအနီးက နေအိမ်အချို့ပါ မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
"ည ၈ နာရီခွဲလောက်မှာ စက်လက်နဲ့ အရင်ပစ်ပြီး လူတွေရှင်းအောင်လုပ်တာ။ ပြီးမှ စျေးထဲဝင် ပြီး မီးရှို့တာပါ။ ရှိန်းမကားရွာကလည်း လူဦးရေ ၅ ပုံ ၁ ပုံလောက်ပဲ နေတော့တာ၊ သူတို့စခန်းချတော့ မနေရဲကြဘူးလေ" လို့ ရှိန်းမကားရွာအခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ရှိန်းမကားရွာစျေးဟာ အရင်က အနားနီးစပ်ကျေးရွာတွေကပါ အားထားရတဲ့ စျေးဖြစ်ပေမဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီအကြား တိုက်ပွဲမကြာခဏဖြစ်ပြီးနောက် ပြီးခဲ့တဲ့နှစ်ကစလို့ စျေးရောင်းသူတွေလည်း လျော့ကျသွားသလို ရွာမှာနေထိုင်သူအနည်းငယ်သာ ကျန်တော့တယ်လို့ သိရပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့ ဝက်လက်ဘက်ကအခြေအနေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ ဒီကနေ့နေ့လယ်ပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်ထားတာမရှိပါဘူး။
ကုလလူ့အခွင့်အရေးကောင်စီ မြန်မာ့အရေး ဆုံးဖြတ်ချက် ချမှတ်

စစ်ကောင်စီ နိုင်ငံခြားရေး ကန့်ကွက်
ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီရဲ့ နောက်ဆုံးကျင်းပခဲ့တဲ့အစည်းအဝေးမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ ပြည်တွင်းက လူနည်းစုတိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေဆွေးနွေးခဲ့ပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကို အကြမ်းဖက်မှုတွေကနေ နည်းလမ်းမျိုးစုံနဲ့ အကာအကွယ်ပေးဖို့ဆိုတဲ့ အချက်အပါအဝင် ဆုံးဖြတ်ချက် ၅ ရပ်ကို မနေ့ကချမှတ်ခဲ့ပါတယ်။
ပြည်တွင်းမှာ လူ့အခွင့်အရေးတွေရရှိဖို့ ပံ့ပိုးကူညီရေး၊ လူ့အခွင့်အရေးဆိုင်ရာကိစ္စရပ်တွေလုပ်ဆောင်ဖို့ အသစ်ထွက်ပေါ်လာတဲ့ ဒစ်ဂျစ်တယ်နည်းတွေကို အသုံးပြုပြီး ဆောင်ရွက်ဖို့ဆိုတဲ့အချက်တွေအပါအဝင် လုပ်ဆောင်ချက်တွေကို နောက်လာမယ့်အစည်းအဝေးတွေမှာ တင်ပြဖို့တွေပါဝင်ပါတယ်။
ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီကတော့ မြန်မာ့အရေးဆုံးဖြတ်ချက်တွေနဲ့ ဆွေးနွေးချက်တွေမှာပါဝင်တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှာတရားရုံး ICC တို့ကို ရည်ညွှန်းဖော်ပြနေတာတွေနဲ့ပတ်သက်ပြီး ပြင်းထန်စွာကန့်ကွက်ပယ်ချထားပါတယ်။
ဆွေးနွေးပွဲမှာ ဦးစားပေးပြောခဲ့ကြတဲ့ ရိုဟင်ဂျာအရေးနဲ့ပတ်သက်လို့ ၂၀၁၇ ခုနှစ်၊ ရခိုင်ပြည်နယ်မြောက်ပိုင်းဖြစ်စဉ်ပေါ်ပေါက်ခဲ့ရတဲ့ အကြောင်းအရင်းကို မျက်ကွယ်ပြုနေတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးဌာနကပြောထားပြီး လက်တွေ့မြေပြင်အခြေအနေကို မထင်ဟပ်နိုင်ဘူးလို့ တုံ့ပြန်ပါတယ်။
တခါလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ သွားရောက်ခွင့်တွေ ငြင်းပယ်ကြောင်း လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရဲ့ အစီရင်ခံစာကိုလည်း လွဲမှားတဲ့ စွပ်စွဲချက်လို့ ပြောသလို စစ်အုပ်စုထိန်းချုပ်ထားတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားပိတ်ဆို့ဖို့ဆိုပြီး အဖွဲ့ဝင်နိုင်ငံတွေအပေါ် တောင်းဆိုတာတွေဟာလည်း မြန်မာရဲ့ ဖွံ့ဖြိုးတိုးတက်မှုအခွင့်အရေးကို ချိုးဖောက်တာလို့ ဖော်ပြထားတာပါ။
NUG ၊ PDF တို့ကြောင့် လူ ၆၀၀၀ ကျော်သေဆုံးခဲ့ရတာကိုတော့ ဖုံးကွယ်ထားတယ်လို့ ပြန်ပြီးစွပ်စွဲထားသလို အခုစစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အခုကန့်ကွက်စာဟာ လူ့အခွင့်အရေးအကြောင်းပြပြီး မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ ယန္တရားတွေရဲ့ ချို့ယွင်းချက်တွေကို ထောက်ပြတာလို့ ပြောပါတယ်။
တဖက် အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကတော့ အခုလူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာ တင်သွင်းချက်တွေထဲက ရိုဟင်ဂျာအကျပ်အတည်းရဲ့ မူလဇစ်မြစ်အကြောင်းကို ဖြေရှင်းဖို့၊ တရားမျှတမှုရရှိစေနိုင်ဖို့နဲ့ ဆန္ဒအလျောက် ဘေးကင်းလုံခြုံစွာ ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်ဖို့တွေကို ဖန်တီးပေးနိုင်ဖို့အတွက် ကတိပြုတယ်လို့ ကြေညာထားပါတယ်။
လူ့အခွင့်အရေးဆိုင်ရာစောင့်ကြည့်ရေးအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ အခု ၂၀၂၃ ခုနှစ် နှစ်ဝက်ကာလအတွင်း လေကြောင်းပစ်ခတ်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားထိခိုက်မှု သိသိသာသာများလာပါတယ်။
လက်နက်ကြီးဒဏ်ကြောင့် ကလေးငယ်ထိခိုက်သေဆုံးမှုအချို့လည်း ဒီရက်ပိုင်းမှာ ခပ်စိပ်စိပ်ရှိနေတာကို ဘီဘီစီရဲ့ နေ့စဉ်သတင်းမေးမြန်းချက်တွေအရ တွေ့ရပါတယ်။
လားရှိုးစျေးထဲ ဗုံးပေါက်၊ ၁၀ ဦးထက်မနည်း ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ
ရှမ်းပြည်နယ်၊ မြောက်ပိုင်းက လားရှိုးမြို့ စျေးထဲမှာ ဒီမနက် ၇ နာရီ ၄၅ မိနစ်မှာ ဗုံးပေါက်ကွဲ လို့ လူ ၁၂ ဦး ဒဏ်ရာရပြီး ၃ ဦး စိုးရိမ်ရတယ် လို့ ကူညီကယ်ဆယ်ရေးသမားတွေထံက သိရပါတယ်။
ဇွဲထက် ရွှေဆိုင်ရှေ့မှာ ရပ်ထားတဲ့ ဆိုင်ကယ်တစ်စီးကနေ ပေါက်ကွဲမှု ဖြစ်ပွားခဲ့တာ လို့ စျေးသည် တချို့က ဘီဘီစီကို ပြောပြီး ရွှေဆိုင်က ဝန်ထမ်းအများစု ဒဏ်ရာရတယ်လို့ ပြောပါတယ်။
လားရှိုးစျေးအရှေ့ မှာတင် ဆေးရုံရှိတာကြောင့် ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ်ရေးသမားတွေက အချိန်မီပို့ဆောင်ပေးနိုင်ခဲ့တယ် လို့ သိရပါတယ်။
‘’အသံကတော်တော်ကျယ်တယ်။ စျေးနဲ့ ဝေးဝေးကတောင် ကြားရတယ်’’ လို့ လားရှိုး စုပေါင်းရုံး က ဝန်ထမ်း တစ်ဦးကပြောပါတယ်။
ပေါက်ကွဲမှု အပြီးမှာ စျေးကို လုံခြုံရေးတင်းကျပ်လိုက်ပြီး ဒီပေါက်ကွဲမှုဟာ ဘယ်အဖွဲ့ရဲ့လက်ချက်လဲ ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ပြီးခဲ့တဲ့ သကြင်္န်တုန်းက မြို့အဝင်မဏ္ဍပ်မှာ ကားဗုံးပေါက်ပြီးတဲ့နောက် ဒီပေါက်ကွဲမှုက အကြီးဆုံးလို့ လားရှိုးဒေသခံတွေက ပြောပါတယ်။








