လစ်ဗျားမှာ လူ ကိုးသိန်း အကူအညီလို စက်တင်ဘာ ၁၅ ညပိုင်း နိုင်ငံတကာသတင်းများ

libya

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, လစ်ဗျား ရေကြီးမှုနဲ့ ဆိုးဆိုးရွားရွားကြုံခဲ့ရ

ရေကြီးမှုနဲ့ ဆိုးဆိုးရွားရွားကြုံခဲ့ရတဲ့ လစ်ဗျားမှာ နေစရာ၊ စားစရာနဲ့ အခြေခံ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးတကြီးလိုနေတယ်ဆိုပြီး ကုလသမဂ္ဂ အရေးပေါ် ကူညီရေး ညှိနှိုင်းရေးမှူး မာတင် ဂရစ်ဖစ်သ်က ပြောကြား လိုက်ပါတယ်။

နိုင်ငံပြိုကွဲနေမှုကြောင့် ပျက်စီးဆုံးရှုံးမှု ပမာဏကို မခန့်မှန်းနိုင်သေးဘူးလို့လည်း မစ္စတာ ဂရစ်ဖစ်သ်က ပြောပါတယ်။ ဒါကြောင့် လစ်ဗျား အစိုးရနှစ်ဖွဲ့ကြား ပူးပေါင်းဆောင်ရွက်မှု မရှိမဖြစ်လိုတယ်လို့ သူက ဆိုပါတယ်။

လစ်ဗျားမှာ လူကိုးသိန်းလောက် အကူအညီလိုအပ်နေတယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။

အကူအညီအများကြီး လိုနေတဲ့ နေရာတွေနားမှာ ဘာအကူမှ ရောက်မလာသေးဘူးလို့လည်း လစ်ဗျား အရှေ့ပိုင်း ဘန်ဂါဇီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ရေကြီးမှုကြောင့် မသေဘဲ ကျန်ခဲ့သူတွေကို ရှာတွေ့ဖို့ မျှော်လင့်သေးတယ်လို့ ကူညီရေး အဖွဲ့တွေက ပြောပါတယ်။

လစ်ဗျားရေကြီးမှုကြောင့် အနည်းဆုံး လူ ၁,၁၀၀၀ လောက် သေဆုံးခဲ့တယ်လို့ ခန့်မှန်းနေကြပါတယ်။

ပူတင်-ကင် လက်မှတ်ထိုးတာ မရှိဘူးလို့ဆို

kim

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ရုရှားရောက် ကင်ဂျုံအွန်း

မစ္စတာပူတင်နဲ့ ကင်ဂျုံအွန်းတို့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံချိန်မှာ ရုရှားနဲ့ မြောက်ကိုရီးယားကြား ဘာသဘောတူစာချုပ်မှ လက်မှတ်မထိုးခဲ့ဘူး ဆိုပြီး ရုရှားဘက်က ပြောဆိုပါတယ်။

ဒီလိုစာချုပ်တွေ ချုပ်ခဲ့ရင် ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ချိုးဖောက်ရာ ကျမလား စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားရဲ့ အာကာသအစီအစဉ်ကို ကူညီပေးမယ်ဆိုပြီး မစ္စတာ ပူတင် ကတိပြုခဲ့သလို ယူကရိန်းစစ်ကြောင့် ရုရှားမှာ လက်နက်ပြတ်နေတဲ့အတွက် မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ပူးပေါင်းမယ် လို့လည်း စကားဦးသမ်းခဲ့ပါတယ်။

ရုရှားမှာ ခရီးဆက်နေတဲ့ မစ္စတာကင်ကတော့ နိုင်ငံအရှေ့ဖျားက လေယာဉ်ပစ္စည်းစက်ရုံတွေကို သွားကြည့်နေပါတယ်။

ပီတာ ပါတီခေါင်းဆောင်က ထွက်

thailand

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပြုပြင်ရေးဂိုဏ်းသား ပီတ လင်မ်ဂျာရိုရက်

ရှေ့သို့လှမ်းချီ ပါတီကို ဒီနှစ် ထိုင်းရွေးကောက်ပွဲမှာ နိုင်အောင် ဦးဆောင်ခဲ့တဲ့ ပြုပြင်ရေးဂိုဏ်းသား ပီတာ လင်မ်ဂျာရိုရက် ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ခဲ့ပါတယ်။

အတိုက်အခံခေါင်းဆောင်ဟာ လက်ရှိအမတ် ဖြစ်ရမှာမို့ တခြားအမတ်တယောက်က ပါတီကို ပါလီမန်ထဲမှာ ဦးဆောင်နိုင်အောင် သူထွက်ပေးတာလို့ မစ္စတာ ပီတက ပြောပါတယ်။

စစ်တပ်ကြိုးကိုင်ထားတဲ့ အထက်လွှတ်တော်က ပိတ်ပင်ခဲ့တဲ့အတွက် မစ္စတာ ပီတာ ဝန်ကြီးချုပ် မဖြစ်ခဲ့ရပါဘူး။

နောက် ဖွဲ့စည်းပုံတရားရုံးက သူ့ကို အမတ်ဖြစ်ကပါ ရပ်စဲခဲ့ပါတယ်။

အခု ရှေ့သို့လှမ်းချီ ပါတီက ထိုင်းလွှတ်တော်မှာ အကြီးဆုံး အတိုက်အခံပါတီ ဖြစ်နေသလို ရှေ့သို့လှမ်းချီရဲ့ မဟာမိတ်ကနေ ပြိုင်ဘက်ဖြစ်သွားတဲ့ ဖုရာထိုင်းပါတီကနေပြီး ထိုင်းညွန့်ပေါင်းအစိုးရကို ဦးဆောင်နေပါတယ်။

တရုတ် ကာဝန် ပျောက်နေ

china

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, တရုတ်ကာကွယ်ရေး ဝန်ကြီး လီရှန်ဖူး

နေအိမ်အကျယ်ချုပ် ချထားတယ် ဆိုပြီး သတင်းထွက်နေတဲ့ တရုတ်ကာကွယ်ရေး ဝန်ကြီး လီရှန်ဖူး ခုတလော ပျောက်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန် သံတမန်တယောက်က မေးခွန်းထုတ်လိုက်ပါတယ်။

မစ္စတာလီကို လူကြားထဲမှာ မတွေ့တာ သုံးပတ် ရှိနေပြီး သူသွားမယ်ပြင်ထားတဲ့ ဗီယက်နမ် ခရီးစဉ်ကိုလည်း ဖျက်သိမ်းထားတယ်ဆိုပြီး ဂျပန်ဆိုင်ရာ အမေရိကန် သံအမတ် ရမ် အီမန်နျူရယ်က ထောက်ပြပါတယ်။

ဒီနှစ်ဆန်းကလည်း တရုတ်နိုင်ငံခြားရေး ဝန်ကြီး ချင်ကန်းကို သက်တမ်း ၇ လအကြာမှာ အကြောင်းမပြဘဲ ရုတ်တရက် ဖယ်ရှားခဲ့ပါတယ်။

လီရှန်ဖူးကို တရုတ်ခေါင်းဆောင် ရှီကျင်ပင်းရဲ့ သစ္စာခံဆိုပြီး သိကြပါတယ်။

နောက် သူဟာ ဝန်ကြီးထက် အဆင့်မြင့်တဲ့ နိုင်ငံတော်ကောင်စီဝင် ငါးယောက်ထဲက တယောက် ဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ဘာမှတ်ချက်မှ မပေးပါဘူး။

ဆွီဒင်ဘုရင် ရွှေရတု

sweden

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဆွီဒင်ဘုရင်ရဲ့ နန်းသက် ရွှေရတု

ဆွီဒင်ဘုရင် ကားလ် ဂုစတပ်ဖ်ရဲ့ နန်းသက် ရွှေရတုပွဲကို စတော့ဟုမ်းမြို့တော်မှာ နှစ်ရက်ကြာ ဝှဲချီး ကျင်းပခဲ့ပါတယ်။

နိုင်ငံတော် ညစာစားပွဲနဲ့ မြို့လယ် ခင်းကျင်းလှည့်လည်ပွဲတွေ ကျင်းပတဲ့အပြင် ရပ်ကွက်ပါတီပွဲတွေနဲ့ ကပွဲတွေလည်း ကျင်းပခဲ့ကြပါတယ်။

ဆွီဒင် ကြည်းတပ်၊ ရေတပ်နဲ့ လေတပ်က လူ ၃၀၀၀ ခြံရံပြီး ဘုရင်နဲ့ မိဘုရားတို့ မြို့ထဲမှာ ရထားလုံးနဲ့ တိုင်းခန်းလှည့်တာကိုလည်း လူသိန်းချီကြည့်ဖို့ ရှိပါတယ်။

ကားလ်ဂုစတပ်ဖ်ဟာ နှစ် ၁၀၀၀ ကျော်အတွင်း ဆွီဒင်မှာ ပထမဆုံး နန်းသက် ရွှေရတုတိုင် စိုးစံနိုင်တဲ့ ဘုရင်ဖြစ်ပါတယ်။