ဘီဘီစီရဲ့ ဇူလိုင် ၂၀ ရက်နောက်ဆုံးရသတင်းများ - ထိုင်း - မြန်မာ နယ်စပ်မှာ မြန်မာတွေတင်လာတဲ့ကားနဲ့ ကုန်တင်ကားတိုက်မိလို့ ၅ ဦးသေဆုံး

မြန်မာတွေတင်လာတဲ့ကားနဲ့ ကုန်တင်ကားတိုက်မှုဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Thai Police

ဓာတ်ပုံ ပုံစာ, မြန်မာတွေတင်လာတဲ့ကားနဲ့ ကုန်တင်ကားတိုက်မှုဖြစ်ခဲ့

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်မှာ မြန်မာနိုင်ငံသားတွေတင်လာတဲ့ ဟိုင်းလပ်စ် ကားနဲ့ ကုန်တင်ကားတို့ တိုက်မိလို့ ယာဥ်မောင်း ၁ ဦး၊ မြန်မာ ၄ ဦး အပါအဝင် ၅ ဦး‌ က နေရာမှာပဲ ‌သေဆုံးခဲ့တယ်လို့ တာ့ခ်ခရိုင် အခြေစိုက် မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမှု ကော်မတီ (JACBA) ဥက္ကဋ္ဌ ဦးမိုးကြိုးကပြောပါတယ်။

ယာဥ်ပေါ်မှာ မြန်မာနိုင်ငံသား ၁၇ ဦးပါလာတာဖြစ်ပြီး ကျန်တဲ့ ၁၂ ဦးကတော့ တာ့ခ်ဆင်မဟာရတ် ဆေးရုံမှာ ဆေးကုသမှုခံယူနေတယ်လို့ ဆိုပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချွန်ဘူရီဒေသမှာ အလုပ်လုပ်ကိုင်ဖို့ တရားမဝင် လာရောက်သူတွေလို့ ထိုင်းရဲက ပြောထားပါတယ်။

'' မီးပွိုင့်မှာ သူတို့ကိုတင်လာတဲ့ ကား နဲ့ ကုန်ကားနဲ့တိုက်တာ၊ တရားမဝင်မြန်မာတွေသယ်လာတာဆိုတော့ ယာဥ်မောင်းကလည်း အရှိန်ပြင်းစွာမောင်းပြီး စစ်ဆေးရေးဂိတ်တွေကိုဖြတ်ဖို့ကြိုးစားတာ အဲဒီမှာ တိုက်ကြတာ၊ ယာဥ်မောင်းက ကားထဲမှာ ညှပ်ပြီး သေတာပေါ့။ မြန်မာတွေကတော့ လွင့်စင်ထွက်ကျသေကြတာပါ'' လို့ ဖြစ်စဥ်အခြေအနေကို ပြောပြပါတယ်။

ထိုင်းသတင်းတွေမှာတော့ လမ်းပေါ်မှာ ပြန့်ကျဲနေတဲ့ ထိခိုက်ဒဏ်ရာရသူတွေ ရှိနေပြီး တိုက်မိလို့ ပျက်စီးနေတဲ့ကား အော်ဟစ်သံတွေထွက်ပေါ်နေတယ်လို့ ယာဥ်တိုက်မှုဖြစ်ပြီးနောက် အခြေအနေကို ဖော်ပြကြပါတယ်။

ဆေးကုသမှုခံယူနေတဲ့ မြန်မာနိုင်ငံသား ၁၂ ဦးကို လက်ရှိမှာ ထိုင်းလူ့အခွင့်အ‌ရေးအဖွဲ့တချို့က စောင့်ရှောက်ကုသမှုတွေလုပ်ပေးမှာဖြစ်ပြီး ဆေးကုသမှုခံယူပြီးရင်တော့ တရားမဝင်

ဝင်ရောက်မှုနဲ့ တရားစွဲဆို ခံကြရမှာဖြစ်တယ်လို့ သိရပါတယ်။

ဒေသခံ ၅၀၀၀ကျော် မိုးရွာထဲ စစ်ရှောင်နေကြရ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးသတင်းမှန်ပြန်ကြားရေး

ဒေသခံ ၅၀၀၀ကျော် မိုးရွာထဲ စစ်ရှောင်နေကြရ

စစ်ကိုင်းတိုင်း ၊ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ-ရွှေဘို ကားလမ်းဘေးက မူးသာကျေးရွာထဲ ဒီကနေ့ ဇူလိုင် ၂၀ရက် မနက် ၈ နာရီကျော်က လက်နက်ကြီးကျရောက်လို့ ဒေသခံ ၅ ဦး ထိမှန်ပြီး ၂ ဦး သေဆုံးသွားတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက အတည်ပြုပါတယ်။ သေဆုံးသူ ၂ ဦးဟာ မူးသာရွာခံ အသက် ၂၇ နှစ်အရွယ် အမျိုးသမီး တစ်ဦး နဲ့ အသက် ၄၀ အရွယ် အမျိုးသားဖြစ်တယ်လို့ဆိုပါတယ်။

ဒေသခံအချို့ရဲ့ အပြောအရ ရေဦးမြို့ တိုင်းရင်းဆေးရုံမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က မူးမြစ်အရှေ့ဘက် ကို ရမ်းသမ်း ပစ်ခတ်တာလို့ဆိုပြီး ဒဏ်ရာရတဲ့ ၃ ဦးကတော့ ဆေးကုသမှု ခံယူနေရ တယ်လို့ ကနဦးသိရပါတယ်။

မနေ့ဇူလိုင် ၁၉ ရက်ကလည်း အလားတူပစ်ခတ်တာရှိခဲ့လို့ မူးသာကျေးရွာဘေး က သက်ပေးရွာကို လက်နက် ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၆ နှစ်အရွယ် ကလေးငယ် သေဆုံးခဲ့ရပြီး ၃ ဦး ဒဏ်ရာရရှိလို့ ဆေးကုသမှုခံယူနေရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။

တချိန်တည်းမှာပဲ ခင်ဦးမြို့နယ် အနောက်ခြမ်း ရေဦးမြို့နဲ့ ၂ မိုင်အကွာမှာရှိတဲ့ အင်းပတ်ကွေ့ ဈေးတန်းမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်တွေက မိုးရွာနေတဲ့ကြားကလက်နက်တွေနဲ့ပစ်ခတ်ပြီး ရွာဘက်တိုးလာလို့ ရွာသစ်၊ မူးသာ၊ သက်ပေး၊ အင်းပတ်၊ ချမ်းသာကုန်း၊ ညောင်ပင်ခြံ နဲ့ ဆည်ကြီးရွာတို့က ကိုယ်ဝန်ဆောင်၊ ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါ ‌ဒေသခံတွေ ၅၀၀၀ကျော်ဟာ မိုးရွာထဲ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ‌ဒေသခံအချို့ကပြောပါတယ်။

ဒိုက်ဦးထောင်မှာ သေဆုံးသူ ဆယ်ဦး အထိရှိလာ

ဒိုက်ဦးထောင်

ဓာတ်ပုံ ရင်းမြစ်, MNHRC

ဓာတ်ပုံ ပုံစာ, ဒိုက်ဦးထောင်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒိုက်ဦး (ကျိုက်ဇကော) ထောင်က နိုင်ငံရေးအကျဉ်းသား (၃၇) ဦး ပျောက်ဆုံးနေတဲ့ထဲက သေဆုံးသူ ရှစ်ဦးအထိ အတည်ပြုထားနိုင်ပြီ လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းက မနေ့က ထုတ်ပြန်ပါတယ်။

အဲဒီ နိုင်ငံရေးအကျဉ်းသားတွေဟာ ဇွန်လ (၂၇) ရက်နေ့ ကတည်းက ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး အဲဒီထဲက ကိုခန့်လင်းနိုင်နဲ့ ကိုပြည့်ဖြိုးဟိန်း တို့ နှစ်ဦးသေဆုံးတဲ့အကြောင်း ဇူလိုင်လ ပထမအပတ်မှာ မိသားစုဝင်တွေဆီ အကျဉ်းဦးစီးက ပထမဆုံး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပျောက်ဆုံးနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ မိသားစုဝင်တွေဆီ သေဆုံးကြောင်း ဆက်တိုက်အကြောင်းကြားစာတွေ ပေးပို့နေပြီး နောက်ထပ် ခြောက်ဦး အထိထပ်တိုးလာတယ် လို့ အေအေပီပီ က အမည်စာရင်းနဲ့ ထုတ်ပြန်ပါတယ်။

အေအေပီပီ ရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူတွေဟာ ကိုရာလေး၊ ကိုဝေယံလွင်၊ ကိုဇင်ဝင်းထွဋ်၊ ကိုအောင်မျိုးသူ ၊ ကိုဘိုဘိုဝင်း နဲ့ ကိုနေအေး တို့ ဖြစ်ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒိုက်ဦးထောင်ထဲမှာပဲ နိုင်ငံရေးအကျဉ်းသား နှစ်ဦးဖြစ်တဲ့ ကိုအောင်စိုးမိုး နဲ့ ဝေါမြို့နယ်အမတ် ဦးမောင်ဒီ တို့ ဇူလိုင် ၁၆ ရက် နဲ့ ၁၇ ရက် တွေမှာ သေဆုံးခဲ့တဲ့ အကြောင်း အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင် ကပြောပါတယ်။

ဒီဖြစ်စဉ်တွေ နဲ့ ပတ်သက်ပြီး အေအေပီပီက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအစိုးရတွေနဲ့ နိုင်ငံတကာတရားရေးမဏ္ဍိုင်တွေကို အရေးပေါ်စုံစမ်းစစ်ဆေးမှုတွေ ချက်ချင်းဆောင်ရွက်ပေးကြ ဖို့ တောင်းဆိုထားပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်ကစလို့ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့အထိ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၃၉၆၂) ဦးရှိပြီး အဲဒီထဲက (၁၉၅၇၈) ဦး ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ခုနှစ်ထောင်နီးပါး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

ဒိုက်ဦးထောင်က အကျဉ်းသားပျောက်ဆုံးမှုနဲ့ သေဆုံးမှုတွေ နဲ့ပတ်သက်လို့ အကျဉ်းဦးစီးဌာနကို ဘီဘီစီကဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။

အရေးပေါ်ကာလ သက်တမ်းတိုး၊မတိုး ကာလုံ မှာ ဆုံးဖြတ်မယ် လို့ စစ်ကောင်စီပြော

ဇန်နဝါရီ ၃၁ ရက် ကာလုံအစည်းအဝေးမှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၃၁ ရက် ကာလုံအစည်းအဝေးမှာ တွေ့ရတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

ဇူလိုင်လကုန်မှာ ကုန်ဆုံးမယ့် အရေးပေါ်ကာလကို သက်တမ်း ထပ် တိုးမတိုး ဆိုတာကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ဆုံးဖြတ်သွားမယ် လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ကာလုံအစည်းအဝေးကို ဇူလိုင်လ ၃၁ ရက် နောက်ဆုံးထားပြီး ကျင်းပသွားမယ် လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

အရေးပေါ်ကာလ ကြေညာချက်ကို ယာယီသမ္မတ ဦးမြင့်ဆွေက စုစုပေါင်း နှစ်နှစ်ခွဲအထိ ကြေညာပေးခဲ့ပြီးဖြစ်လို့ လာမယ့် ကာလုံမှာ ခြောက်လ သက်တမ်းထပ်တိုးရင် စုစုပေါင်း သုံးနှစ်အထိ ဖြစ်လာမှာပါ။

‘’ကာလုံ ကပဲ အဆုံးအဖြတ်ပေးပါလိမ့်မယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီကို သမ္မတ၊ဒုသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး နဲ့ နယ်စပ်ရေးရာ ဝန်ကြီးတို့ နဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာ စစ်ကောင်စီ အနေနဲ့ ပြည်ထောင်စုရှေ့နေချုပ် နဲ့ စစ်ကောင်စီ အဖွဲ့ဝင် စစ်ဗိုလ်ချုပ်တချို့ကို လည်း ကာလုံအစည်းအဝေးကို အထူးဧည့်သည်တော်တွေအဖြစ် ဖိတ်ကြားခဲ့တာ တွေ့ရပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအရ အရေးပေါ်ကာလသက်တမ်းဆက်မတိုးတော့ဘဲ ပြီးဆုံးခဲ့ရင် ခြောက်လအတွင်း ရွေးကောက်ပွဲကျင်းပပေးရမှာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ ပြောထားပေမယ့် ရွေးကောက်ပွဲကို ဘယ်အချိန်မှာကျင်းပမယ် ဆိုတာနဲ့ပတ်သက်လို့ တိတိကျကျ ထုတ်ပြောတာမရှိတော့ပါဘူး။

‘’ရွေးကောက်ပွဲကိုကျင်းပပေးတဲ့အခါ ခြိမ်းခြောက်၊ အကျပ်ကိုင် ဖိအားပေးမှုကင်းပြီး လွတ်လွတ်လပ်လပ် မဲပေးနိုင်တဲ့ အခြေအနေကို ဖန်တီးပေးနိုင်ဖို့ ဆောင်ရွက်နေပါတယ်’’ လို့ ရွေးကောက်ပွဲကျင်းပပေးနိုင်မယ့် အခြေအနေနဲ့ ပတ်သက်လို့ ဘီဘီစီရဲ့ မေးမြန်မှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

နိုင်ငံရေးအကဲခတ်တွေကတော့ မြေပြင်အခြေအနေအရ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်သေးသလို ရွေးကောက်ပွဲမကျင်းပနိုင်သရွေ့ စစ်တပ်ကပဲ အာဏာဆက်လက်ချုပ်ကိုင်ထားမှာဖြစ်လို့ မြန်မာ့အကျပ်အတည်းက လတ်တလောမှာ လိပ်ခဲတည်းလည်း ဖြစ်နေဦးမယ် လို့ သုံးသပ်နေကြပါတယ်။

NUG ရဲ့ ကြားကာလဗဟိုဘဏ် ဒါရိုက်တာအဖွဲ့ ဖွဲ့စည်း

 အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန တင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ဦးတင်ထွန်းနိုင် ။

ဓာတ်ပုံ ရင်းမြစ်, NUG

ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွတ်ရေးအစိုးရ၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန တင်းစာရှင်းလင်းပွဲမှာတွေ့ရတဲ့ ဦးတင်ထွန်းနိုင် ။

အမျိုးသားညီညွတ်ရေးအစိုးရ က ကြားကာလဗဟိုဘဏ်ဒါရိုက်တာအဖွဲ့ကို ဖွဲ့စည်းလိုက်တယ်ဆိုပြီး ဇူလိုင် ၁၉ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာလာပါတယ်။

ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ အဖြစ် NUG အစိုးရရဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန ဝန်ကြီးဖြစ်တဲ့ ဦးတင်ထွန်းနိုင်က တာဝန်ယူထားပြီး ဒုတိယဥက္ကဋ္ဌအဖြစ် ဦးမင်းဇေယျာဦး၊ အဖွဲ့ဝင်တွေအဖြစ် Dr. Johnny Ahtang နဲ့ ဦးအောင်ပိုင် တို့ကို တာဝန်ပေးအပ်တယ်လို့ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်ကလည်း ကြားကာလဗဟိုဘဏ်၊ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ် သြစတေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခရှောင်တာနယ်ကို ခန့်အပ်တာဝန်ပေးတယ်လို့ကြေညာခဲ့ပါသေးတယ်။

NUG အစိုးရရဲ့ ကြားကာလဗဟိုဘဏ်ကို ဇွန်လ ၁ ရက် ဖွဲ့စည်းကြောင်းကြေညာခဲ့တာဖြစ်ပြီး ပြည်သူပိုင်နိုင်ငံခြားအရန်ငွေတွေကိုလေယာဥ်ဆီ အပါအဝင် လက်နက်နဲ့လက်နက်ထုတ်လုပ်တာတွေမှာ စစ်ကောင်စီက အသုံးပြုနေခြင်း ကို တားဆီးဖို့ ဖွဲ့စည်းတာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ယာယီသမ္မတ ဒူးဝါးလရှီးလက ပြောထားပါတယ်။

အစောပိုင်း NUG အစိုးရရဲ့ ကြားကာလ ဗဟိုဘဏ်ဖွဲ့စည်းကြောင်း ကြေညာချက်ထဲ ပြည်သူတွေရဲ့ နစ်နာဆုံးရှုံးမှုကို အချိန်မီ ကုစားဖို့အတွက် နဲ့ ဘဏ်လုပ်ငန်း ကဏ္ဏ ကို တည့်မတ်ထိန်းကျောင်းဖို့ တို့ပါရှိတယ်လို့ ‌ဖော်ပြထားပါတယ်။

NUG အစိုးရရဲ့ ကြားကာလဗဟိုဘဏ် ရဲ့ အကြံပေး ပါမောက္ခရှောင်တာနယ် ဟာ NLD အစိုးရလက်ထက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ စီးပွားရေးအကြံပေးပုဂ္ဂိုလ်အဖြစ် ဆောင်ရွက်ခဲ့ပြီးစစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက်မှာဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ် ၃ နှစ်ချမှတ်ခံခဲ့ရတာပါ။

ခရှောင်တာနယ် ဟာ NLD အစိုးရ အနေနဲ့ တရုတ်ရဲ့ကြွေးမြီထောင်ချောက်တွေ ကို ကျော်လွှားနိုင် ဖို့ မြန်မာက နိုင်ငံခြားအရန်ငွေတွေကို စင်ကာပူနဲ့ ထိုင်းဘဏ်တွေမှာထားတာကို လျှော့ချပြီး အမေရိကန်က ဖက်ဒရယ်ဘဏ် မှာထားဖို့တွေကို အကြံပေးခဲ့သူလို့ စီးပွားရေးပညာရှင်အသိုင်းအဝိုင်းက အ‌စောပိုင်းမှာပြောထားတာပါ။