ကင်မ် - ရွှေဂူး တွေ့ဆုံခဲ့တဲ့ မြောက်ကိုရီးယားအဖွဲ့ ရုရှားခရီးစဉ် - စက်တင်ဘာ ၁၆ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်း ဟာ သူ့ရဲ့ ရုရှားအရှေ့ဖျား ခရီးဆက်ရင်း ရုရှားကာကွယ်ရေး ဝန်ကြီး ဆာဂေးရွှေဂူး နဲ့ တွေ့ဆုံခဲ့ပါတယ်။
သူ့ခရီးစဉ်အတွင်း ဗလာဒီဗော့စ်တော့ခ်နားက လေတပ်စခန်းမှာ အသံထက်မြန်တဲ့ ရုရှားထုတ် ခင်ဇယ်လ် ဒုံးကျည်တွေနဲ့ အတူ ဗျူဟာမြောက် Tu-160 ၊ Tu-95 ၊ Tu-22M3 တိုက်လေယာဉ် တွေကို မစ္စတာကင်မ်ကို ပြသခဲ့ပါတယ်။
ဒါ့အပြင် မစ္စတာကင်မ်နဲ့ မစ္စတာ ရွှေဂူးတို့ဟာ ရုရှားရဲ့ ပစ္စဖိတ် စစ်သင်္ဘော ပေါ်မှာ သွားရောက် ကြည့်ရှုခဲ့ကြပါတယ်။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းကတော့ သမ္မတ ပူတင်ဟာ မစ္စတာကင်မ်ကို ကော့စမိုဒုံးမ် ဒုံးပျံစခန်းမှာ လက်ခံ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ အာကာသအစီအစဉ်ကို ကူညီမယ်လို့ ကတိပေးခဲ့ပါတယ်။
ဒါပေမယ့် ခေါင်းဆောင်နှစ်ယောက်ဟာ စစ်ဖက်ရေးရာ ဘာစာချုပ်မှ ချုပ်ဆိုခဲ့ခြင်း မရှိဘူးလို့ ရုရှားဘက်က ပြောကြား ထားပါတယ်။
စစ်မီးမငြိမ်းတဲ့ အိန္ဒိယနဲ့ ပါကစ္စတန်ကြားက ကတ်ရှ်မီးယား ဒေသ

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယ အုပ်ချုပ်တဲ့ ကတ်ရှ်မီးယားဒေသမှာ လုံခြုံရေးတပ်တွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း လက်နက်ကိုင်အဖွဲ့ကလို့ သံသယရှိသူ ၃ ယောက် သေဆုံးသွားတယ်လို့ လုံခြုံရေးအရာရှိတွေက ပြောပါတယ်။
ကတ်ရှ်မီးယား ဒေသမှာ အိန္ဒိယနဲ့ ပါကစ္စတန် အုပ်ချုပ်တဲ့ နေရာတွေကို ခွဲထားတဲ့လိုင်းကို ကျော်ပြီး ထွက်ပြေးသွားတဲ့ လက်နက်ကိုင်တွေကို ဘာရာမူလာ ဒေသမှာ လိုက်လံပစ်ခတ်ရင်း တိုက်ပွဲစဖြစ်ခဲ့တာလို့ သူတို့က ဆိုပါတယ်။
ခွဲထွက်ရေးသမားတွေကို ပါကစ္စတန်ဘက်က ထောက်ခံမှု ပေးနေတယ်လို့ အိန္ဒိယက စွပ်စွဲပေမယ့် ပါကစ္စတန်က ငြင်းထားပါတယ်။
လက်ရှိမှာတော့ အိန္ဒိယ လုံခြုံရေးတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက အာနန်နက်ဂ်တောင်ပေါ်မှာ နေရာယူထားတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်လက် တိုက်ပွဲဖြစ်နေပါတယ်။
မာဆာ အာမေနီရဲ့ ဖခင် ဖြစ်သူကို နှစ်ပတ်လည် အခမ်းအနား မလုပ်ဖို့ အာဏာပိုင်တွေ သတိပေး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အီရန်မှာ အစိုးရဆန့်ကျင် ဆန္ဒပြမှု ပေါ်ပေါက်စေခဲ့တဲ့ မာဆာ အာမေနီ သေဆုံးမှု နှစ်ပတ်လည်နေ့မှာ သူ့မိခင် မိုချမ် အီတက်ဟာရီက ကြေညာချက် တစောင် ထုတ်ပြန်ခဲ့ပါတယ်။
သူ့သမီးကို သတိတရရှိခဲ့ကြသူ အားလုံးကို ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလို သူ့သမီးသေဆုံးတာ တနှစ်ပြည့်ချိန်မှာ ဖခင်ဖြစ်သူကို မိသားစုအိမ်အပြင်ဘက်ကနေ ခဏခေါ်ဆောင်ထိန်းသိမ်းခဲ့ပြီး သမီးဖြစ်သူနဲ့ ပတ်သက်လို့ နှစ်ပတ်လည် အခမ်းအနား မလုပ်ဖို့ အာဏာပိုင်တွေက သတိပေးခဲ့ပါတယ်။
အီရန်မှာ မာဆာ အာမေနီ သေဆုံးမှု နှစ်ပတ်လည် လမ်းပေါ်ထွက် ဆန္ဒပြမှုတွေ ဖြစ်မှာစိုးလို့ အာဏာပိုင်တွေက တိုင်းပြည်တလွှား လုံခြုံရေး တပ်ဖွဲ့တွေ အကြီးအကျယ် ချထားခဲ့ပါတယ်။
ကမ္ဘာတလွှား နိုင်ငံ အများအပြားမှာတော့ မာဆာ အာမေနီ သေဆုံးမှု ချီတက်ဆန္ဒပြပွဲတွေ ကျင်းပခဲ့ကြပါတယ်။
မနှစ် စက်တင်ဘာတုန်းက အီရန်မှာ ခေါင်းခြုံပုဝါ စည်းမျဉ်းတွေ မလိုက်နာမှုနဲ့ ဖမ်းဆီး ခံရစဉ် မာဆာ အာမေနီ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
IMF ချေးငွေရထားတဲ့ ပါကစ္စတန်မှာ လောင်စာဆီစျေးထပ်တက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပါကစ္စတန်မှာ ဓာတ်ဆီနဲ့ဒီဇယ်စျေးတွေ စံချိန်တင် စျေးတက်မယ်လို့ အစိုးရက ကြေညာပါတယ်။
တိုင်းပြည်မှာ စီးပွားရေးပြန်လည်ဦးမော့လာစေမယ့် အစီအစဉ်တွေ ချမှတ်အကောင်အထည်ဖော်ဖို့ ကြိုးစားနေတဲ့ အိမ်စောင့် အစိုးရလက်ထက် သီတင်းပတ်အတန်ကြာအတွင်း ဒုတိယအကြိမ် စျေးခုန်တက်သွားတာပါ။
လက်ရှိ ဝန်ကြီးချုပ် အန်နဝါရူးလ် ဟတ်ခ်ကာကာ အာဏာလွှဲယူပြီးနောက်ပိုင်း လောင်စာဆီစျေးတွေ ၂၀ရာနှုန်း မြင့်တက်ခဲ့ပါတယ်။
အခုလို လောင်စာဆီစျေးမြင့်တက်မှုကြောင့် တခြားကုန်စျေးနှုန်းတွေလည်း မြင့်တက်လာလိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ပြောပါတယ်။
ပါကစ္စတန် နိုင်ငံဟာ ငွေကြေး ဖောင်းပွမှုနှုန်း ၂၀ ရာနှုန်းလောက် အထိ ရှိနေတဲ့ကြားက အခုလို ပြသနာတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ဆီက အရေးပေါ် ချေးငွေ ဒေါ်လာသန်းသုံးထောင် ရထားတာ ဖြစ်ပါတယ်။
နှစ်ခြမ်းကွဲနေတဲ့ လစ်ဗျား ရေကြီးမှုကြုံရချိန်မှာ ညီညွတ်ဖို့ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရုတ်တရက် ရေကြီးမှုနဲ့ ကြုံခဲ့ရတဲ့ လစ်ဗျားမှာ အဆိုးရွားဆုံးခံရတဲ့ ဒါနာမြို့ကို ပြည်တွင်းပြည်ပ လူမှုကယ်ဆေးရေးအဖွဲ့တွေ မဝင်နိုင်အောင် ပိတ်ထားပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဒါနာမှာ ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေတုန်းက ဆည်နှစ်ခု ကျိုးပေါက်သွားခဲ့လို့ အပျက်အစီးနဲ့ ရွံ့ညွန်တွေအောက်က ပျောက်ဆုံးသေဆုံးသူတွေကို ရှာဖွေနေကြတာပါ။
လစ်ဗျားမှာ တနိုင်ငံတွင်း ဒေသ ၂ ခုမှာ ပြိုင်ဘက် အုပ်ချုပ်ရေးအဖွဲ့ ၂ ဖွဲ့ ကွဲနေတာကြောင့် ကယ်ဆယ်ကူညီရေးမှာ ထင်သလောက် ခရီးမပေါက် ဖြစ်နေတယ်လို့ ဘန်ဂါဇီမြို့က ဆရာဝန် ခါလီ အယ်လ်ဂျာဝီက ပြောပါတယ်။
ထရစ်ပိုလီမြို့အခြေစိုက် အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ မိုဟာမက် ဟာမူဒါ ကတော့ သူတို့နဲ့ မဟာမိတ် ဖွဲ့မထားတဲ့ ဒါနာမြို့က အာဏာပိုင်တွေဟာ သေဆုံးသူ အလောင်းတွေ ရှာဖွေနိုင်ဖို့ နေ့ညမပြတ် အလုပ်လုပ်နေပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ခုလို ဘေးဆိုးအန္တရယ် ကြုံနေရချိန်မှာ တိုင်းပြည်မှာ ညီညွတ်မှုရှိဖို့ လိုတယ်ဆိုတာ ပြနေတယ်လို့ သူက ဆိုပါတယ်။




