ရိုနယ်ဒို ဆော်ဒီ အယ်လ် နက်ဆာအသင်းနဲ့ စာချုပ်ချုပ်ပြီ

ဓာတ်ပုံ ရင်းမြစ်, Al Nassr
ကမ္ဘာကျော် ဘောလုံးကစားသမား ခရစ္စတီယာနို ရိုနယ်ဒိုတစ်ယောက်တော့ ဆော်ဒီ အာရေးဗျအသင်း အယ်လ်နက်ဆာနဲ့ စာချုပ်ချုပ်လိုက်ပြီဖြစ်ပါတယ်။
ပေါ်တူဂီအသင်းခေါင်းဆောင် ရိုနယ်ဒိုဟာ အငြင်းပွားဖွယ်ရာတွေ့ဆုံမေးမြန်းမှုတစ်ခုမှာ သူကစားနေခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းကို ဝေဖန်ခဲ့ပြီးတဲ့နောက် အသင်းကနေ ထွက်ခွါခဲ့တာကြောင့် အသင်းလက်မဲ့ဖြစ်နေခဲ့တာပါ။
အခုတော့ သူဟာ အယ်လ် နက်ဆာအသင်းမှာ ၂၀၂၅ ခုနှစ်မတိုင်ခင်အထိ ကစားမယ့် စာချုပ်ချုပ်လိုက်တာဖြစ်ပါတယ်။
အဲဒီအသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့တာကြောင့် ရိုနယ်ဒိုဟာ တစ်နှစ်ကို ပေါင်ငွေ ၁၇၇ သန်းကျော်နဲ့ ဘောလုံးသမိုင်းတစ်လျှောက်မှာ အများဆုံးလစာရဖို့ရှိတယ်လို့လည်း သတင်းတွေမှာဖော်ပြနေပါတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
အသက် ၃၇ နှစ်အရွယ် ရိုနယ်ဒိုကတော့ ''တခြားနိုင်ငံတစ်နိုင်ငံရဲ့ ဘောလုံးလိဂ်အသစ်တစ်ခုမှာ ကစားရတဲ့အတွေ့အကြုံရဖို့ စိတ်အားထက်သန်နေပါတယ်'' လို့ ပြောထားပါတယ်။
ဒါ့အပြင် သူက '' ဥရောပ ဘောလုံးလောကမှာ ခြေချတဲ့အခါတိုင်း အနိုင်ရခဲ့တဲ့ကံကောင်းမှုရှိခဲ့ပါတယ်။ အခုကတော့ အာရှမှာ ကျွန်တော့် အတွေ့အကြုံတွေကို မျှဝေဖို့ အချိန်ကျပြီလို့လည်း ကျွန်တော်ခံစားမိပါတယ်'' လို့လည်း ထပ်လောင်းပြောထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆော်ဒီ ပရိုလိဂ်ပွဲမှာ ၉ ကြိမ်အထိ ချန်ပီယံဖြစ်ထားတဲ့ အယ်လ် နက်ဆာ အသင်းကတော့ ''အခုလိုစာချုပ်ချုပ်ဆိုတာဟာ ဆော်ဒီ ဘောလုံးလောကအတွက် သမိုင်းတွင်စေမယ့်ဖြစ်ရပ်'' လို့ ပြောထုတ်ပြန်ပြောဆိုပါတယ်။
''အခုလို စာချုပ်ချုပ်နိုင်တာဟာ ကျွန်ုပ်တို့ လိဂ်ပွဲကြီး၊ နိုင်ငံအတွက်တင်သာမက နောက်မျိုးဆက်သစ်တွေအတွက်လည်း ကစားသမားကောင်းတွေ ဖြစ်လာစေဖို့ အားကျစရာဖြစ်ရပ်ဖြစ်လာစေပါလိမ့်မယ်'' လို့လည်း အယ်လ် နက်ဆာ အသင်းက သူတို့ရဲ့လူမှုကွန်ရက်ကနေ ပြောပါတယ်။
ပြီးခဲ့တဲ့နွေရာသီတုန်းကတော့ ရိုနယ်ဒိုဟာ မန်ယူအသင်းမှာ ကစားနေရတာပျော်တယ်ဆိုပြီး ဆော်ဒီအသင်းတစ်သင်းဖြစ်တဲ့ အယ်လ် ဟီလယ်အသင်းရဲ့ ပေါင် ၃၀၅ သန်းတန် ကမ်းလှမ်းချက်ကို ငြင်းဆိုခဲ့ပါတယ်။
နိုဝင်ဘာလ အစောပိုင်းမှာတော့ တိုက်စစ်မှူး ရိုနယ်ဒိုဟာ TalkTV နဲ့ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ မန်ယူမှာ သူ သစ္စာဖောက်ခံရသလို ခံစားခဲ့ရတဲ့အကြောင်း၊ အသင်းနည်းပြကိုလည်း အရိုအသေတန်တဲ့အကြောင်း၊ နောက် အသင်းကနေ ထွက်သွား အောင် ပြုမူခံနေရတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။
မန်ယူအသင်းအတွက် ပွဲပေါင်း ၃၅၀ နီးပါး ကစားထားပြီး ၁၄၅ ဂိုးအထိ သွင်းယူထားပေးနိုင်တဲ့ ရိုနယ်ဒိုဟာ ရီးရဲမက်ဒရစ်အသင်း၊ အဲဒီနောက် ယူဗင်းတက်စ် အသင်းတွေမှာ ကစားခဲ့ပြီးတဲ့နောက်မှာ သူ ၁၁ ကြာအောင် စွန့်ခွာခဲ့တဲ့မန်ယူအသင်းဆီကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လမှာ ပြန်လည် ကစားခဲ့တာဖြစ်ပါတယ်။
သူဟာ မန်ယူအသင်းမှာ တစ်ပတ်လုပ်ခလစာ ပေါင်ငွေ ၅ သိန်းစာချုပ်အရ စာချုပ်ပြည့်ဖို့ ၇ လသာ ကျန်တော့တာဖြစ်ပေမဲ့ နှစ်ဖက်သဘောတူညီချက်နဲ့ အသင်းကနေ နုတ်ထွက်ခဲ့တာလို့ သိရပါတယ်။









