ကချင်ပါတီအများစု ဘာကြောင့် မှတ်ပုံတင်တာလဲ

ဓာတ်ပုံ ရင်းမြစ်, KSPP
စစ်ကောင်စီ ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ မှတ်ပုံပြန်မတင်လို့ ပါတီပျက်ပြယ်ပြီဆိုတဲ့ စာရင်းကို မတ်လကုန်က ကြေညာခဲ့ရာမှာ ပျက်ပြယ်တဲ့ပါတီ တစ်ဝက်လောက်က တိုင်းရင်းသားပါတီတွေ ဖြစ်ပေမဲ့ ကချင်ပြည်နယ်မှာတော့ ပါတီ ၅ ခုမှာ ၄ ခု အထိ မှတ်ပုံပြန်တင်ခဲ့ပါတယ်။
ကချင်ပြည်နယ်မှာအခြေစိုက်ထားတဲ့ ကချင်ပါတီကြီးတွေလို့ ကချင်ပြည်နယ်မှာ လူသိများတဲ့ KSPP (ကချင်ပြည်နယ် ပြည်သူ့ပါတီ) နဲ့ KNC( ကချင်အမျိုးသားကွန်ဂရက်ပါတီ )၊ လီဆူ အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီနဲ့ ဒီမိုကရေစီပါတီသစ် (ကချင်) ပါတီ စုစုပေါင်း ၄ ပါတီက နိုင်ငံရေးပါတီ မှတ်ပုံပြန်တင်ကြပြီး ပြည်နယ်အဆင့်ပါတီတွေအဖြစ် ရပ်တည်ကြမှာ ဖြစ်ပါတယ်။
ကျန်တစ်ပါတီဖြစ်တဲ့ လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတော့ ကော်မရှင်ရဲ့ ပါတီပျက်ပြယ် စာရင်းထဲမှာ ပါရှိသွားတာပါ။
ရှမ်းပြည်နယ်မှာ အခြေစိုက်တဲ့ ကချင်အမျိုးသားပါတီ (KNP) လည်း ပါတီပျက်ပြယ်တဲ့ စာရင်းမှာ ပါရှိတာကို တွေ့ရပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာ

ကော်မရှင်ရဲ့ ကြေညာချက်အရ နိုင်ငံတဝန်း နိုင်ငံရေးပါတီ ၉၀ ထဲက ပါတီ ၅၀ က ဆက်လက်ရပ်တည်ဖို့ အတွက် ပါတီမှတ်ပုံတင် ပြန်လည်လျှောက်ထားခဲ့ကြပြီး ပါတီသစ်တည်ထောင်ခွင့်လျှောက်ထားတဲ့ပါတီ ၁၃ ပါတီ ရှိတယ်လို့လည်း သိရပါတယ်။
ကော်မရှင်က မှတ်ပုံပြန်တင်ဖို့ သတ်မှတ်ရက် ရက် ၆၀ ပြည်တဲ့ မတ်လ ၂၈ ရက်နေ့မှာ မှတ်ပုံတင်တဲ့ ပါတီတွေနဲ့ မှတ်ပုံပြန်မတင်လို့ ပယ်ဖျက်ခံရတဲ့ ပါတီတွေစာရင်းကို ကြေညာခဲ့တာပါ။
၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရပြီး အာဏာရပါတီဖြစ်လာရမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အပါအဝင် ပါတီပေါင်း ၄၀ ကတော့ မှတ်ပုံတင်ပြန်လည်မလျှောက်တာကြောင့် နိုင်ငံရေးပါတီအဖြစ်က ပျက်ပြယ်ဖျက်သိမ်းပြီလို့လည်း ကြေငြာခဲ့ပါတယ်။
မှတ်ပုံတင်ပေမဲ့ ရွေးကောက်ပွဲ ဝင်မှာလား

ဓာတ်ပုံ ရင်းမြစ်, KNC
ရွေးကောက်ပွဲကော်မရှင်ရဲ့ စာရင်းအရ ကချင်ပြည်နယ်အခြေစိုက်ပါတီ အားလုံးနီးပါးလောက်က ပါတီမှတ်ပုံပြန်တင်ခဲ့ကြတာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီထဲက ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP ) ပါတီဟာ ကချင်နိုင်ငံရေးပါတီ ၃ ခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ ၊ကချင်ပြည်နယ်ဒီမိုကရေစီပါတီ၊ စည်လုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ-ကချင်ပြည်နယ်ဆိုပြီး ပြည်နယ်အခြေစိုက် ကချင်ပါတီသုံးခုကို ပူးပေါင်းပြီး ၂၀၁၈ နိုဝင်ဘာလမှာ စတင်တည်ထောင်ခဲ့တဲ့ ကချင်ပြည်နယ်အခြေစိုက်ပါတီ ဖြစ်ပါတယ်။
KSPP ပါတီကဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ စတင်ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ကချင်ပြည်နယ်အခြေအစိုက် ပါတီအနေနဲ့ နေရာ ၄ နေရာမှာ အနိုင်ရရှိခဲ့ပါတယ်။ KSPP အနိုင်ရရှိခဲ့တဲ့ နေရာတွေကတော့ ဆွမ်ပရာဘွမ်မှာတော့ ပြည်နယ်လွှတ်တော် ၁ နေရာ၊ အင်ဂျန်းယန်မြို့နယ်မှာတော့ ပြည်နယ်လွှတ်တော် ၂ နေရာနဲ့ ပြည်သူ့လွှတ်တော် ၁ နေရာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။
အဲဒီပါတီဟာ အခုအခါ ပါတီမှတ်ပုံပြန်တင်မတင်ကို ဖေဖော်ဝါရီလမှာ မြို့နယ် ၁၈ မြို့နယ်က ပါတီဝင်တွေနဲ့ ညီလာခံ ပြုလုပ်ပြီး ရလာတဲ့ဆုံးဖြတ်ချက်အရ မှတ်ပုံပြန်တင်တာဖြစ်တယ်လို့ ပါတီတာဝန်ရှိသူက ဆိုပါတယ်။
“ပါတီရှင်သန်ဖို့လိုတယ်။ ပါတီကို ကျွန်တော်တို့ကိုယ်တိုင် မဖျက်သိမ်းဘူးဆိုတဲ့သဘောမျိုးနဲ့ ဆက်လက်ရှင်သန်ဖို့ မှတ်ပုံတင်တာပါ။ အရင်ကတော့ မြို့နယ်တိုင်းမှာ ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။ ဒီတစ်ခါ ပြိုင်မယ် မပြိုင်ဘူးဆိုတာ ဆွေးနွေးချက်၊ ဆုံးဖြတ်ချက်မရှိသေးဘူး။
ကျွန်တော်တို့က လူထုပါတီဖြစ်တဲ့အတွက် လူထုအတွက် ကောင်းရာကောင်းကြောင်း၊ လူထုဆန္ဒရှိတဲ့ဟာကို လုပ်ဖို့ ကျွန်တော်တို့ အဲဒီလိုပဲ အားလုံးမျှော်မှန်းချက်က အဲဒီလိုပဲ ရှိပါတယ်” လို့ KSPP ကချင်ပြည်နယ် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးအင်ရှန်းဆန်းအောင် က ဆိုပါတယ်။
ဒါ့အပြင်ကချင်ပြည်နယ်မှာ အခြေစိုက်ထားပေမဲ့ ၂၀၁၅နဲ့ ၂၀၂၀ မှာ ပြည်ထောင်စုအဆင့်အနေနဲ့ ရွေးကောက်ပွဲတွေကို ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ကချင်ပါတီကြီးတစ်ခုဖြစ်တဲ့ KNC ပါတီကတော့ ပါတီဖျက်သိမ်းခံရမှာကို ကြောက်ရွံ့တာမျိုးကြောင့် မှတ်ပုံတင်တာမျိုးမဟုတ်ဘဲ တရားဝင်နိုင်ငံရေး လမ်းကြောင်းကနေ အများပြည်သူအတွက် လုပ်ဆောင်ဖို့ မှတ်ပုံတင်လျှောက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့က နိုင်ငံရေးလုပ်တဲ့ထဲမှာ အဓိကကတော့ ကချင်ပြည်နယ်သူ ပြည်နယ်သားတွေအတွက်၊ ကချင်လူမျိုးအတွက်၊ ကချင်ပြည်ထောင်အတွက် အားလုံးရဲ့ကိုယ်ကျိုးကောင်းကျိုးအတွက် စွမ်းစွမ်းတမံလုပ်ဖို့ … တရားဝင်အဖွဲ့အစည်းအတွင်းကနေ ဆောင်ရွက်ရင် ပိုမိုထိရောက်တယ်လို့ ယူဆပြီးတော့မှ ပါတီမှတ်ပုံတင်ရတာပေါ့နော်။
ပြီးတော့မှ အပြင်ကနေ တစ်ဦးတစ်ယောက်၊ အပြင်ကနေ နိုင်ငံရေးကို ဘယ်လောက်ပဲရေးရေး ကိုယ့်အမျိုးသားအတွက်လုပ်မယ်၊ ကိုယ့်ပြည်ထောင်အတွက်လုပ်မယ်၊ ကိုယ့်ပြည်နယ်သူ ပြည်နယ်သားတွေအတွက် လုပ်မယ်ဆိုပြီး ဘယ်လောက်ပဲ ပြောနေပြောနေ တရားဝင် နိုင်ငံရေးသမားတစ်ယောက် မဟုတ်တဲ့အခါမှာ လုပ်ကိုင်ဆောင်ရွက်ရတဲ့ အခက်အခဲတွေ ရှိတာပေါ့နော်။ “
“ဒါကြောင့်ကျွန်တော်တို့က တရားဝင်ပါတီတစ်ခုအဖြစ်နဲ့ ရပ်တည်ဖို့ ကျွန်တော်တို့ရဲ့ ကချင်ပြည်ထောင်၊ ကချင်လူမျိုး၊ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးအတွက် ကျွန်တော်တို့က ကောင်းကျိုးကို ဆောင်ရွက်ဖို့ ဒီပါတီမှတ်ပုံတင်ရတာ ဖြစ်ပါတယ်”လို့ ကချင်အမျိုးသားကွန်ဂရက်ပါတီ (KNC) ပါတီ ပြောခွင့်ရ အင်ဂျိုင်းနော်ဂျာက ဆက်ပြောပါတယ်။
KNC ပါတီ ကတော့ ၂၀၁၅ နဲ့ ၂၀၂၀ မှာ ကချင်ပြည်နယ်အခြေစိုက်ပြီး ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး မှာ ပြည်ထောင်စုအဆင့် ယှဉ်ပြိုင်ခဲ့ဖူးပြီး အနိုင်ရရှိခဲ့တာ မရှိခဲ့ပါဘူး။
အခုပြန်လည်မှတ်ပုံတင်ရာမှာတော့ မြို့နယ် ၁၆၅ မြို့နယ်မှာ ရုံးဖွင့်ရမယ်ဆိုတဲ့ အချက်ကြောင့် ပြည်နယ်ထောင်စုအဆင့်ပါတီကနေ ပြည်နယ်အခြေစိုက် ပြည်နယ်အဆင့်အနေနဲ့ ပြန်လည်မှတ်ပုံတင်ခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ် ပါတီကတော့ အရင်က ပြည်နယ်အခြေစိုက်ပါတီ ဖြစ်တဲ့ ဒီမိုကရေစီပါတီသစ်(ကချင်) ဖြစ်ပြီး ၂၀၁၉မှာ ပါတီမှတ်ပုံတင် ရရှိခဲ့တဲ့ပါတီပါ။ ဒီပါတီက ၂၀၂၀ ရွေးကောက်ပွဲမှာ စတင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပါတီသစ်တစ်ခုလည်း ဖြစ်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ၂ နေရာ အနိုင်ရရှိခဲ့ပြီး ပြည်နယ်လွှတ်တော် မှာ ၁ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၁ နေရာ အနိုင်ရရှိခဲ့တာပါ။
ဒါ့အပြင် ကချင်ပြည်နယ်အခြေစိုက်ပြီး ပြည်ထောင်စု အဆင့်အနေနဲ့ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ လီဆူ အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ)ကတော့ ဒီတစ်ခါမှတ်ပုံတင်ကို ပြည်နယ်အဆင့်အနေနဲ့ တင်ရတာဟာ ပြည်ထောင်စုအဆင့်ဆိုရင် သတ်မှတ်ချက် ၁၆၅ မြို့နယ်မှာ ရုံးဖွင့်ရမယ်ဆိုတဲ့ အချက်ကြောင့် ပြည်နယ်အဆင့် မှတ်ပုံတင်တာဖြစ်ပြီး ရွေးကောက်ပွဲလုပ်မယ်ဆိုရင် အဓိက စိန်ခေါ်မှုအနေနဲ့ကတော့ လုံခြုံရေးပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒူးလေးပါတီအနေနဲ့ကတော့ ၂၀၁၅ ခုနှစ်မှာ ပြည်ထောင်စုအဆင့်အနေနဲ့ ယှဥ်ပြိုင်ခဲ့စဥ်ကတော့ ပြည်နယ်လွှတ်တော်မှာ ၃ ဦးနဲ့ ပြည်သူ့လွှတ်တော်မှာ ၂ ဦး စုစုပေါင်း ၅ ဦး အနိုင်ရခဲ့ပါတယ်။ ပြည်နယ်လွှတ်တော်ထဲမှာတော့ ရှမ်းပြည်နယ်ကတစ်ဦး အနိုင်ရရှိခဲ့ဖူးတာ ဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာတော့ ခေါင်လံဖူးမဲဆန္ဒနယ်(၁) နဲ့ လီဆူရေးရာဝန်ကြီးနေရာ တစ်နေရာနဲ့စု စုစုပေါင်း ၂နေရာမှာ အနိုင်ရရှိဖူးခဲ့တာ ဖြစ်ပါတယ်။

ပြည်နယ်အခြေစိုက် ပါတီတွေအပြင် တစ်နိုင်ငံလုံး အတိုင်းအတာအနေနဲ့ ပါတီတွေပြန်လည်မှတ်ပုံတင်လျှောက်ထားတာ၊ ပါတီမှတ်ပုံမတင်တာနဲ့ ပတ်သက်ပြီး ဒူးလေးပါတီကတော့ မှတ်ပုံတင်တဲ့သူတွေကို ကြိုဆိုသလို မတင်သေးတဲ့ပါတီတွေကိုလည်း မှတ်ပုံတင်ဖို့နဲ့ စားပွဲဝိုင်းပေါ်မှာပဲ စကားပြောရမှာဖြစ်တယ်လို့ ဆိုပါတယ်။
အခုလို NLD ပါတီ အပါအဝင် ပါတီပေါင်း ၄၀ က ပါတီမှတ်ပုံတင် လျှောက်ထားခြင်းမရှိတဲ့ အပေါ် လီဆူ အမျိုးသားဖွံဖြိုးတိုးတက်ရေးပါတီ (ဒူးလေးပါတီ) ဥက္ကဋ္ဌ ဦးရွှေမင်းက သွေးထွက်သံယိုမှု မရှိသော၊ အသက်သေကြေမှု မရှိသော ဆွေးနွေးမှုလမ်းကြောင်း၊ နိုင်ငံရေး စားပွဲဝိုင်းလမ်းကြောင်းမှာ အားလုံး ဆုံတွေကြဖို့ မျှော်လင့်တောင်းဆိုတယ်လို့ ဆိုပါတယ်။
“ကျွန်တော်တို့ နိုင်ငံရေးသမားတွေ နိုင်ငံရေးပါတီတွေအနေနဲ့ကတော့ ကိုယ်ရဲ့လုပ်ဖော်ကိုင်ဖက်တွေ နိုင်ငံအရေးကို ဆောင်ရွက်ကြမယ့် ကိုယ့်ရဲ့ မိတ်ဆွေတွေအားလုံးကို ပြန်လည်ဆုံချင်တယ်ဗျာ။ လမ်းကြောင်းတစ်ခုပေါ်မှာ အဖြေရှာပြီး ဆုံချင်တယ်။ အားလုံး နိုင်ငံအရေးပဲ လုပ်ဆောင်ကြတာ ဖြစ်တယ်။
ဒါကြောင့်မို့ အကောင်းဆုံးသောနည်းလမ်းကို ရှာကြံပြီးတော့၊ ပြန်ပြီးတော့ ဆုံကြမယ့်တစ်နေ့ကို ကြိုဆိုတယ်ပေါ့ဗျာ။ အဲ့ဒါကြောင့် ဝိုင်းဝန်းအဖြေရှာရအောင်လို့လည်း ပြောချင်တယ်။ NLD မကပါဘူး၊ တခြားသော နိုင်ငံရေးပါတီအားလုံးကိုလည်း ကျွန်တော်တို့ ဒီအတိုင်းပဲ လုပ်ဖော်ကိုင်ဖက်လိုပဲ သဘောထားတဲ့အတွက် အမြဲတမ်း တွေ့ဆုံဆွေးနွေးမှုကို ပိုပြီးတော့ ဆုတောင်းယူမှာ ဖြစ်ပါတယ်” လို့ ဒူးလေးပါတီဥက္ကဋ္ဌက ဆက်ပြောပါတယ်။
“မဲအကျိုးမခံစားခဲ့ရလို့ စိတ်မဝင်စားတော့ဘူး” -ဒေသခံသဘောထား

ဓာတ်ပုံ ရင်းမြစ်, လော်ဝေါ် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ
ကချင်ပြည်နယ် ဒေသခံတချို့ကတော့ ဒေသအခြေစိုက်ပါတီတွေကို ၂၀၁၅ မှာ ရော၊ ၂၀၂၀ မှာ ရော မဲထည့်ခဲ့ကြပေမယ့် လက်ရှိ ပြန်လည်မှတ်ပုံတင်လိုက်တဲ့ပါတီတွေအပေါ် ဝေဖန်ပြောဆိုနေတာတွေလည်း ရှိနေပါတယ်။
ပါတီရှင်သန်ဖို့အတွက် မှတ်ပုံတင်တယ်ဆိုတာထက် ပြည်သူတွေလက်ခံတဲ့၊ ပြည်သူရွေးချယ်မှုနဲ့ ပေါ်ပေါက်လာတဲ့အစိုးရလက်ထက်ကို စောင့်ပြီးမှ မှတ်ပုံတင်ဖို့ အကြံပြုကြတာတချို့ရှိပြီး နိုင်ငံတစ်ဝန်း မငြိမ်မသက်မှုတွေနဲ့ ပဋိပက္ခ ပြင်းထန်နေချိန်မှာ ပါတီမှတ်ပုံတင်တာကို အဆောတလျင် မလုပ်သင့်ဘူးလို့ ထောက်ပြနေတာတွေလည်း ရှိပါတယ်။
“မဲဆိုတာက ပြည်သူတစ်ယောက်အနေနဲ့ ဘာအကျိုးမှ မခံစားရတော့ စိတ်ကို မဝင်စားတော့ဘူး။ KSPP ပါတီက ပူးပေါင်းတယ်ဆိုတာကလည်း နာမည်ပဲ ကျန်တာ။ တစ်ပါတီပဲ ဖြစ်သွားပြီလို့ ထင်တာပဲ။ ဘယ်သူ့မှ စိတ်မဝင်စားတော့ဘူး။ … SNLD တို့လိုမျိုးက မိုက်တာပေါ့၊ မလုပ်ဖူးဆို မလုပ်ဖူးပဲ။ ပါတီဖျက်တာက ကိုယ်ဘက်က မဖျက်သိမ်းဖို့ဘဲ အရေးကြီးတာလေ”လို့ ကချင်ပါတီတွေကို ထောက်ခံခဲ့ဖူးသူက လက်ရှိအမြင်ကို ပြောပြပါတယ်။
မှတ်ပုံတင်လျှောက်ထားတဲ့ ကချင်ပြည်နယ်အခြေစိုက်ပါတီ တွေဖြစ်တဲ့( KSPP)၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ နဲ့ (KNC) ကချင်အမျိုးသားကွန်ဂရက်ပါတီတို့ကတော့ ပါတီ တရားဝင်ရပ်တည်နိုင်ဖို့ အတွက် မှတ်ပုံတင်လျှောက်ထားကြတာဖြစ်ပေမဲ့ စစ်ကောင်စီက ရွေးကောက်ပွဲ လုပ်လာရင် ယှဉ်ပြိုင်ခြင်းမပြိုင်ခြင်းကိုတော့ ဆုံးဖြတ်ချက်ချတာမျိုးမရှိသေးဘူးလို့ ဆိုပါတယ်။
ဒါကြောင့် စစ်ကောင်စီက ရွေးကောက်ပွဲလုပ်လာရင် ကချင်အခြေစိုက်ပါတီတွေ ဘယ်လို ဆုံးဖြတ်ချက်ချကြမှာပါလဲ။ ဒါ့အပြင် စစ်ကောင်စီလက်ထက်မှာ ပြည်သူလူထုအတွက် ကောင်းကျိုး နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ဘယ်လိုပုံစံမျိုးနဲ့ ခရီးဆက်မယ်ဆိုတာကို ထပ်မံစောင့်ကြည့်ရမှာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။








