ဧပြီ ၂၇ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - မဲဆောက် - မြဝတီ အမှတ် (၁) တံတား ပြန်ဖွင့်

မဲဆောက်-မြဝတီ အမှတ် ၁ တံတား

ဓာတ်ပုံ ရင်းမြစ်, Zay Myo

မြ၀တီမြို့က တိုက်ပွဲတွေကြောင့် ရက်အတန်ကြာ ပိတ်ထားခဲ့တဲ့ မဲဆောက် - မြဝတီ အမှတ်(၁) တံတားကို ဒီကနေ့ မနက်ပိုင်းက ပြန်ဖွင့်လိုက်တယ်လို့ မြ၀တီဒေသခံ တဦးက ဘီဘီစီ ကိုပြောပါတယ်။

‘’မနက်ပိုင်းကတည်းက သွားနေကြပြီပေါ့။ တချို့လည်း ဆိုင်ကယ်တွေနဲ့ သွားတယ်။ အမှတ် (၁) တံတားပေါ့ (၂) ကတော့ မဖွင့်သေးဘူး’’ လို့ သူက ပြောပါတယ်။

မဲဆောက် - မြဝတီ အမှတ် (၁) တံတားကို တစ်ပတ်ဝန်းကျင် ပိတ်ထားတာကြောင့် နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ်နဲ့ ထိုင်းနိုင်ငံ မဲဆောက်ဘက်ခြမ်းကို ရောက်နေကြတဲ့သူတွေ မြန်မာဘက်ခြမ်းကို ပြန်ဝင်ဖို့ ရာနဲ့ချီတဲ့ လူတန်းရှည်ကြီးဟာ အမှတ် (၁) တံတားထိပ်မှာ တန်းစီနေကြတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ပူပေါင်းအဖွဲ့တွေ တိုက်ပွဲပြင်းထန်ခဲ့တဲ့ မဲဆောက်-မြ၀တီ အမှတ် (၂ ) တံတားကိုတော့ ဆက်လက်ပိတ်ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီ အမှတ် (၂) တံတားဟာ ထိုင်း-မြန်မာ ကုန်စည်စီးဆင်းရာမှာ အဓိကအသုံးပြုတဲ့ ကုန်ကားကြီးတွေ ဖြတ်သန်းတဲ့ တံတားလည်းဖြစ်ပါတယ်။

စစ်ကြောင်းထိုးလို့ မတ္တရာနဲ့ ဝက်လက်က ဒေသခံ တစ်သောင်းကျော် တိမ်းရှောင်နေရ

ဧပြီ ၂၇ ရက်မှာ မီးရှို့ခံရတဲ့ ဟင်္သာကုန်းကျေးရွာ

ဓာတ်ပုံ ရင်းမြစ်, Wetlet Information Network

ဓာတ်ပုံ ပုံစာ, ဧပြီ ၂၇ ရက်မှာ မီးရှို့ခံရတဲ့ ဟင်္သာကုန်းကျေးရွာ

လေကြောင်းပစ်ခတ်မှုကြောင့် ကာကွယ်တပ်ဖွဲ့ဝင်နှစ်ယောက်သေဆုံး

စစ်ကြောင်းထိုးတာတွေကြောင့် မန္တလေးတိုင်း မတ္တရာမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်က ကျေးရွာပေါင်း ၁၅ ရွာဝန်းကျင်က ပြည်သူတစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ ရှင်လှတောင်ရွာနဲ့ ဟင်္သာကုန်းရွာကို ဒီနေ့မှာ မီးရှို့ခဲ့တယ်လို့လည်း Wetlet Information Network စာမျက်နှာကနေ ထုတ်ပြန်ထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲ့ဒီစစ်ကြောင်းတွေဟာ ဧပြီ ၂၂ ရက်လောက်ကစပြီး မင်းဝန်တောင်ရိုးတလျှောက်၊ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာသလို မတ္တရာမြို့နယ် ငယ်တွေးကျေးရွာမှာ တပ်စွဲထားတဲ့ နေရာကလည်း လက်နက်ကြီးနဲ့ ပစ်ခတ်နေတာလို့ ပြောပါတယ်။

“အဲ့ဒီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့က မိုင်းဆွဲလိုက်တာမှာ သူတို့ဘက်က အထိအခိုက်တွေ ရှိသွားတယ်။ ပြီးတော့ မနေ့က ဧပြီ ၂၆ ရက် မနက်အစောကြီး ငါးနာရီလောက်မှာ မတ္တရာထဲက အိုင့်နိုင်ရွာကို လေကြောင်းနဲ့ပစ်သွားတယ်။ အဲဒီမှာ ကာကွယ်ရေးအဖွဲ့က လူငယ် နှစ်ယောက် သေသွားတယ်။”လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

ဒါ့အပြင် မတ္တရာမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကို ခြားထားတဲ့ ဧရာဝတီမြစ်ထဲမှာလည်း စစ်ကောင်စီတပ်တွေက စက်လှေတွေနဲ့ရှိနေပြီး ပတ်ဝန်းကျင်ရွာတွေကို ပစ်ခတ်နေတာကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာလို့လည်း ဒေသခံတွေက ပြောပါတယ်။

ဧရာဝတီမြစ်ကြောင်းတလျှောက် မတ္တရာနဲ့ ဝက်လက်မြို့နယ်ထဲက ကင်း၊ ရှားရောင်း၊ ချောင်းမကြီး အုန်းသဇင်၊ ရောက်မဆုပ်၊ မြေတိုင်း၊ ထုံးဘို၊ ရွှေဂဲပြန်၊ အိုင့်ဒိုင် စတဲ့ရွာတွေအပါအဝင် ကျေးရွာပေါင်း ၁၅ ရွာက ဒေသခံတွေဖြစ်တယ်လို့လည်း သိရပါတယ်။

မတ္တရာမြို့နယ်ထဲက တောပုရွာ၊ ဇလရွာ၊ သဖန်းဒေါင့်ရွာ၊ ရွှေဘောင်ရွာတွေမှာကိုလည်း ဒီနေ့မှာ စစ်ကြောင်းလေးကြောင်းနဲ့ စစ်ကြောင်းထိုးနေတယ်လို့လည်း Wetlet Information Network ကနေ သိရပါတယ်။

စစ်ခေါင်း‌ဆောင်အပါအဝင် လူတစ်ရာကျော်ကို ချမှတ်ထားတဲ့ ကန့်သတ်ပိတ်ဆို့မှု အီးယူသက်တမ်းတိုး

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ စစ်ဗိုလ်ချုပ်တွေ

ဓာတ်ပုံ ရင်းမြစ်, cincds

မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို သုံးသပ်ပြီးတဲ့နောက် စစ်ခေါင်း‌ဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် လူတစ်ရာကျော်ကို ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေကို ဥရောပသမဂ္ဂ(အီးယူ)က တစ်နှစ်သက်တမ်းထပ်တိုးလိုက်ပါတယ်။

၂၀၂၅ ခုနှစ် ဧပြီ ၃၀ ရက်အထိ အကျုံးဝင်မယ့် ဒီဆုံးဖြတ်ချက်ကို နှစ်စဉ်သုံးသပ်မှုတွေကိုအခြေခံရုံသာမကဘဲ ဒီမိုကရေစီစနစ်အားနည်းအောင် လုပ်ဆောင်တဲ့ အပြုအမူတွေနဲ့ လူ့အခွင့်အရေးအကြီးအကျယ်ချိုးဖောက်မှုတွေအပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ဆိုးရွားကြီးလေးတဲ့ အခြေအနေကို ရှုမြင်ပြီးနောက် သက်တမ်းတိုးလိုက်တာလို့ ဥရောပသမဂ္ဂက ထုတ်ပြန်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ယာယီသမ္မတဦးမြင့်ဆွေအပါအဝင် စစ်ကောင်စီဝင်တွေ၊ ထိပ်တန်းစစ်ဗိုလ်ချုပ်တွေကစလို့ လူပုဂ္ဂိုလ် ၁၀၃ ဦးနဲ့ အဖွဲ့အစည်း ၂၁ ဖွဲ့တို့အပေါ် အရေးယူပိတ်ဆို့မှုတွေ ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

ပိတ်ဆို့ခံရထားရသူတွေထဲမှာ စစ်ကောင်စီက အငြိမ်းစားပေးခံထားရသူတွေ နဲ့ အရေးယူခံထားရသူတွေပါဆက်လက်ပါဝင်နေတာ ဖြစ်ပါတယ်။

ဒီစာရင်းမှာပါဝင်သူတွေဟာ ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကို ခရီးသွားလာခွင့်ရမှာမဟုတ်ပါဘူး။

ပိတ်ဆို့မှုအရ ပိုင်ဆိုင်မှုပိတ်သိမ်းတာအပြင် ပိတ်ဆို့ခံထားရသူတွေ အကျိုးရှိစေမယ့် ရန်ပုံငွေနဲ့ စီးပွားရေးအရင်းအမြစ်တွေကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေပြီးဖြစ်စေပေးမယ့် အရာတွေအထိ အကျုံးဝင်တာဖြစ်ပါတယ်။

ဥရောပသမဂ္ဂရဲ့ အခြားပိတ်ဆို့မှုတွေလည်း ဆက်လက်ရှိနေပြီး လက်နက်နဲ့ လက်နက်ထုတ်လုပ်မယ့်ကုန်ကြမ်းတွေ၊ ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုလို့ရနိုင်မယ့် ဆက်သွယ်ရေးစောင့်ကြည့်ပစ္စည်းတွေ တင်ပို့မှုတွေပါဝင်ပါတယ်။

စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေအတွက် စစ်ဘက်-အရပ်ဘက် နှစ်ဖက်စလုံးအသုံးပြုနိုင်တဲ့ ကိရိယာတွေ တင်ပို့မှုကိုဆက်လက်ပိတ်ပင်ထားမယ့်အပြင် မြန်မာစစ်တပ်ကို လေ့ကျင့်သင်ကြားမှု နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ရပ်ဆိုင်းထားဦးမှာလည်း ဖြစ်ပါတယ်။

အီးယူရဲ့ အရေးယူပိတ်ဆို့မှုမှာ စစ်ကောင်စီကို တိုက်ရိုက်ရောက်ရှိစေမယ့် ဥရောပသမဂ္ဂငွေကြေးအကူအညီနဲ့ စစ်ကောင်စီကို တရားဝင်မှုဖြစ်စေမယ့် အကူအညီအားလုံးကိုလည်း ပိတ်သိမ်းထားမယ်လို့ ပါဝင်ပါတယ်။

ဘူးသီးတောင်နဲ့ မောင်တောမှာ ညမထွက်ရအမိန့် AA ထုတ်ပြန်

ဘူးသီးတောင်မြို့ ရပ်ကွက် ၅ ထဲက မီးရှို့ခံရတဲ့ နေအိမ်မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ဘူးသီးတောင်မြို့ ရပ်ကွက် ၅ ထဲက မီးရှို့ခံရတဲ့ နေအိမ်မြင်ကွင်း

ရခိုင်ပြည်နယ် ဘူးသီးတောင်နဲ့ မောင်တောမြို့မှာ ည ၇ နာရီကနေ မနက် ၆ နာရီအထိ ညမထွက်ရအမိန့် ကို အာရက္ခတပ်တော် (AA) က မနေ့က ထုတ်ပြန်လိုက်ပါတယ်။

စစ်ကောင်စီက သင်တန်းပေးထားတဲ့ မွတ်ဆလင်တွေက အေအေကို ခပ်စိပ်စိပ် တိုက်ခိုက်လာတာအပြင် တခြားလုံခြုံရေးကိစ္စတွေကိုပါ ခြိမ်းခြောက်လာတာကြောင့် ထုတ်ပြန်တာလို့ သိရပါတယ်။

အဲဒီအမိန့်ကို မရုတ်သိမ်းမချင်း မပျက်မကွက် လိုက်နာဖို့ နဲ့ မဖြစ်မနေသွားလာဖို့ရှိရင် ကြိုတင်အကြောင်းကြားခွင့်ပြုချက်ရယူဖို့ အေအေ က ထုတ်ပြန်ပါတယ်။

လက်ရှိအချိန်မှာလည်း ဘူးသီးတောင်မြို့နယ်မှာရှိတဲ့ အမှတ်(၁၅) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ် (စကခ) ၁၅ ကို အာရက္ခတပ်တော် (ရက္ခိုင့်တပ်တော်)က အပြီးသတ်သိမ်းပိုက်နိုင်ဖို့အတွက် ကြိုးပမ်းနေတာကြောင့် တိုက်ပွဲတွေ ပိုပြီးပြင်းထန်နေတယ်လို့လည်း သိရပါတယ်။

တိုက်ပွဲတွေ ပြင်းထန်နေတာအပြင် စစ်ကောင်စီက ရခိုင်ပြည်နယ်ထဲက မတူညီတဲ့ လူ့အဖွဲ့အစည်းတွေကြားမှာ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေဖြစ်လာအောင် ကြိုးပမ်းနေသလို မွတ်ဆလင်လူမျိုးတွေကိုလည်း စစ်သင်တန်းပေးပြီး တိုက်ပွဲမှာ ထည့်သွင်းအသုံးပြုနေတာ၊ မူဆလင်အဖွဲ့တွေကို လက်နက်တပ်ဆင်ပေးတာတွေလုပ်ပြီး ပဋိပက္ခဖြစ်အောင် ဖန်တီးနေတာလို့လည်း အေအေက ပြောထားပါတယ်။

တစ်ဘက်မှာလည်း အေအေ အလိုမရှိကြောင်း ဆန္ဒပြပွဲတွေကို စစ်တွေ နဲ့ ဘူးသီးတောင်မြို့မှာ ရိုဟင်ဂျာတွေက ပြုလုပ်ခဲ့ပြီး ဒီဆန္ဒပြပွဲတွေရဲ့ နောက်ကွယ်မှာ စစ်ကောင်စီရှိနေတယ်လို့ စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

ပြင်ဦးလွင်ကိုတိုက်တဲ့ မန္တလေး PDF နဲ့အတူ ကာကွယ်ရေးဝန်ကြီးရှိနေ

MDY PDF နဲ့ အတူရှိနေတဲ့ NUG ကာကွယ်ရေးဝန်ကြီး

ဓာတ်ပုံ ရင်းမြစ်, NUG

ပြင်ဦးလွင်မြို့အနီး၊ ရှေ့တန်းစစ်မျက်နှာပြင်က မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့အတူ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရှိနေခဲ့တဲ့ ဓာတ်ပုံကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

မန္တလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MDY-PDF) က ပြင်ဦးလွင်မြို့ထဲက စစ်တက္ကသိုလ်ကို ဧပြီ ၁၄ ရက်မှာ ရှော့တိုက်ဒုန်းအလုံး ၂၀ ပစ်ခတ်ခဲ့သလို ပြင်ဦးလွင်မြို့နဲ့ ၁၀ မိုင်အကွာက ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ သရက်ကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ဧပြီ ၁၅ ရက်ကစပြီးတိုက်ခိုက်တာကြောင့် ဧပြီ ၂၅ ရက်အထိ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာပါ။

နောင်ချိုမြို့ သရက်ကုန်းကျေးရွာအတွင်း တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာနဲ့အတူ လေကြောင်းတိုက်ခိုက်မှု ၃၂ ကြိမ်ရှိခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာန ၊ အမျိုးသားညီညွတ်ရေးအစိုးရက ဒီကနေ့သတင်းထုတ်ပြန်ပါတယ်။

သရက်ကုန်းကျေးရွာက စစ်ကောင်စီစခန်းကို ဧပြီ ၁၅ ရက်မှာ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့တွေက သိမ်းပိုက်ရရှိခဲ့ပြီး လက်နက် (၆၁) လက်အပါအဝင် ခဲယမ်းမီးကျောက်တွေ သိမ်းပိုက်ရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်က ဧပြီ ၁၉ ရက်ကစပြီး မြေပြင်ရော လေကြောင်းကပါ တန်ပြန်ထိုးစစ်ဆင်နေတယ်လို့ဆိုပါတယ်။

တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၆ ယောက် သေဆုံးပြီး အယောက် ၄၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့သလို (MDY-PDF) ဘက်က ၂ ယောက် သေဆုံးတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာနဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

စစ်ကောင်စီနဲ့ဆက်နွှယ်သူ လုပ်ငန်းရှင် ရဲ့ ပြင်သစ်က ပိုင်ဆိုင်မှုတွေကိုသိမ်းဆည်းဖို့ တောင်းဆို

အာဏာသိမ်း စစ်ကောင်စီနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ ရွှေဗျိုင်းဖြူကုမ္ပဏီတည်ထောင်သူ ဦးသိန်းဝင်းဇော် ရဲ့သမီး မသိမ့်ဝင်းထက် ပြင်သစ်နိုင်ငံ HEC Paris မှာ တက်ရောက်နေမှုကို ပြင်သစ်အစိုးရအနေနဲ့ စစ်ဆေးဖို့ Info Birmanie နဲ့ Justice for Myanmar တို့က တောင်းဆိုလိုက်ပါတယ်။

မသိမ့်ဝင်းထက်ကို အလျင်အမြန် စစ်ဆေးပြီး ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းဖို့၊ နိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာကို ပြန်ပြီးရုပ်သိမ်းဖို့ ၊ ပြင်သစ်နိုင်ငံတွင်းကနေ ပြည်နှင်ဒဏ်ပေးဖို့ကို Justice For Myanmar က ဥပဒေအကျိုးဆောင် ပြင်သစ်ရှေ့နေတွေက ပြီးခဲ့တဲ့ ဧပြီ ၃ ရက်မှာ ပြင်သစ်အစိုးရအဖွဲ့အစည်းတွေဆီကို တောင်းဆိုခဲ့သလို HEC Paris ကျောင်းကိုလည်း စာပို့ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ကျောင်းအနေနဲ့ မသိမ့်ဝင်းထက်ရဲ့ ငွေကြေးရင်းမြစ်တွေကို ပြင်သစ်အာဏာပိုင်တွေကို အသိပေးတင်ပြဖို့နဲ့ ကျောင်းဝင်ခွင့်ကို ပြန်လည်ရုပ်သိမ်းဖို့ကိုလည်း တိုက်တွန်းခဲ့တယ်လို့ ဆိုပါတယ်။

မသိမ့်ဝင်းထက်တို့ မိသားစုပိုင်ဆိုင်တဲ့ ရွှေဗျိုင်းဖြူအုပ်စုဟာ တယ်လီနောမြန်မာကို ၂၀၂၂ ခုနှစ်က ဝယ်ယူပြီး ATOM လို့ နာမည်ပြောင်းပြီးနောက် စစ်ကောင်စီက ပြည်သူတွေကို စောင့်ကြည့်ထောက်လှမ်းရေး လုပ်ငန်းတွေမှာ ပူးပေါင်းပါဝင်တာကြောင့် အသုံးပြုသူ သန်းပေါင်းများစွာရဲ့ ပုဂ္ဂိုလ်ရေးအချက်လက်တွေကို အန္တရာယ်ကျရောက်စေတယ်လို့ Justice For Myanmar က ထုတ်ပြန်ပါတယ်။

ရွှေဗျိုင်းဖြူ ကုမ္ပဏီအုပ်စုဟာ မြန်မာစစ်တပ်နဲ့ သိသာထင်ရှားတဲ့ ဆက်နွယ်မှုတွေရှိနေတဲ့ စီးပွားရေးလုပ်ငန်းစု ဖြစ်တဲ့အပြင် ဥရောပသမဂ္ဂက အရေးယူပိတ်ဆို့ထားတဲ့ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် MEHL နဲ့ ပူးပေါင်းပြီး ရေနံတင်သွင်းတာ၊ သတ္ထုနဲ့ သစ်ထုတ်လုပ်ရေး စီးပွားရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့ကြောင့် အမေရိကန်နိုင်ငံက ရွှေဗျိုင်းဖြူကုမ္ပဏီနဲ့ တည်ထောင်သူ မသိမ့်ဝင်းထက်မိသားစုဝင်တွေကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်မှာ ဒဏ်ခတ်ပိတ်ဆို့ခဲ့ပါတယ်။

မသိမ့်ဝင်းထက်က ပြင်သစ်မှာ ကျောင်းတက်နိုင်တဲ့အချက်ဟာ စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနောက်ပိုင်း ပြဋ္ဌာန်းလိုက်တဲ့ အရေးယူပိတ်ဆို့မှုတွေကို သေးသိမ်ထိခိုက်စေတာကြောင့် ပြင်သစ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေဘက်က ရပ်တည်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။

ပြင်သစ်အစိုးရကို Info Birmanie နဲ့ Justice for Myanmar တို့ရဲ့ တောင်းဆိုမှုနဲ့ ပတ်သက်လို့ ရွှေဗျိုင်းဖြူကုမ္ပဏီဘက်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပြီး အကြောင်းပြန်မယ်လို့ ကုမ္ပဏီဘက်က တုံ့ပြန်ပါတယ်။

(၇ မေ ၂၀၂၄ - “ အခုသတင်းကို ထုတ်ပြန်ပြီးတဲ့နောက်မှာ မသိမ့်ဝင်းထက်ဘက်ကနေ သူ့ရဲ့ ပညာရေးအတွက် သုံးစွဲတဲ့ငွေမှာ ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုနဲ့ မသက်ဆိုင်တဲ့ ပုဂ္ဂလိကငွေကြေးရန်ပုံငွေကနေ ပေးတာဖြစ်တယ်လို့ ဘီဘီစီကို တုံ့ပြန်လာပါတယ်။ ဒါအပြင် မြန်မာစစ်တပ်နဲ့ရော မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်နဲ့ပါ သူနဲ့ ဘယ်လိုမှ ဆက်စပ်မှုမရှိကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုက သူ့အပေါ်ချမှတ်ခဲ့တဲ့ ပိတ်ဆို့အရေးယူထားမှုကိုလည်း ပယ်ဖျက်ပေးဖို့ တောင်းဆိုသွားမှာဖြစ်တယ်လို့ ပြောကြားလာပါတယ်။”)

တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ယွမ် ငါးသန်းထောက်ပံ့

မြန်မာ - တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေး

ဓာတ်ပုံ ရင်းမြစ်, စင်ဟွာ

ဓာတ်ပုံ ပုံစာ, မြန်မာ - တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေး

ပြည်ထဲရေးဝန်ကြီးကို လုံခြုံရေးဆိုင်ရာ အမြင့်ဆုံးဆုတံဆိပ် ချီးမြှင့်

တရုတ်နိုင်ငံကိုရောက်နေတဲ့ စစ်ကောင်စီပြည်ထဲ‌ရေးဝန်ကြီးရဲ့ ခရီးစဉ်အတွင်း တရုတ်က မြန်မာရဲတပ်ဖွဲ့ကို ယွမ် ငါးသန်း အကူအညီပေးအပ်ရေးစာလွှာကို နှစ်နိုင်ငံဝန်ကြီးတွေ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ပြည်ထဲ‌ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ တရုတ်နိုင်ငံတော်ကောင်စီဝင် ဝမ်ချောက်ဟုန်ရဲ့ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံဘေဂျင်းကို ခြောက်ရက်ကြာ အလုပ်သဘောခရီးစဉ် ရောက်ရှိနေတာဖြစ်ပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ ပေကျင်း ရဲတက္ကသိုလ်ကိုပါ သွားရောက်လေ့လာခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ - တရုတ် နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးကို ဘေကျင်းမှာ ကျင်းပခဲ့ပြီး နိုင်ငံတကာမျက်နှာစာမှာ နှစ်နိုင်ငံအပြန်အလှန်ရပ်တည်ရေး ဆွေးနွေးခဲ့ကြပါတယ်။

နှစ်နိုင်ငံလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ နယ်စပ်ဒေသနေ ပြည်သူများ ဘေးကင်း လုံခြုံရေး၊ အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများ အမြစ်ပြတ်ပပျောက်ရေး တို့ကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

ဒါ့အပြင် လူကုန်ကူးမှု တားဆီးကာကွယ်ရေး၊ တရားမဝင် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု ပပျောက်ရေး၊ နိုင်ငံဖြတ်ကျော်မှုခင်းများကို ပူးပေါင်းတိုက်ဖျက်ရေး နဲ့ စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတို့ကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံရပ်ခြားမှ တရားဥပဒေစိုးမိုးရေးဆိုင်ရာ အရာရှိကြီးတွေအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနက ချီးမြှင့်တဲ့ အမြင့်ဆုံးဆုတံဆိပ်ဖြစ်တဲ့ Golden Great Wall Commemorative Medal ဆုတံဆိပ်ကို ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီး ဝမ်ချောက်ဟုန်က ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်ကို ပေးအပ် ခဲ့ပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်လည်းဖြစ် တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးလည်းဖြစ်တဲ့ မစ္စတာဝမ်ချောက်ဟုန် နဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်တို့ ဘေဂျင်းမှာတွေ့ဆုံပြီး စစ်ကောင်စီရဲ့ ကျားဖြန့်နိမ်နင်းရေးပူးပေါင်းဆောင်ရွက်မှုကို တရုတ်ဘက်က ကျေနပ်ကြောင်းပြောကြားခဲ့ပါတယ်။