ဖေဖော်ဝါရီ ၂၃ ရက် ထိပ်တန်းသတင်းများ - ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှာ ဧည့်စာရင်းတိုင်ဖို့ အမိန့်ထုတ်

မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား စစ်ဆေးရေးဂိတ်

မဲဆောက်မြို့ပါဝင်တဲ့ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်ထဲက ဟိုတယ်၊ မိုတယ်၊ အင်း၊ အိမ်၊ အခန်း၊ တိုက်ခန်းတွေမှာ တစ်ရက်ထက်ပိုပြီးနေတဲ့သူတွေအတွက် ဧည့်စာရင်းတိုင်ရမယ်လို့ ထိုင်းလူဝင်မှုကြီးကြပ်ရေးက မနေ့က ဖေဖော်ဝါရီ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ထိုင်းလူဝင်မှုကြီးကြပ်ရေး ဥပဒေ ၁၉၇၉ အရ တာ့ခ်ခရိုင်နဲ့ မဲဆောက်ခရိုင်ထဲက မြို့နယ်တွေအားလုံး အကျုံးဝင်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေက ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်းမှာ ထိုင်း-မြန်မာနယ်စပ်မြို့တွေကို မြန်မာနိုင်ငံသားတွေ ဝင်ရောက်မှုများလာသလို (၇) ရက် နေထိုင်ခွင့်ရတဲ့ ယာယီနယ်စပ်ဖြတ်သန်းခွင့်နဲ့ နေထိုင်သူတွေကလည်း ရက်ပြည့်ပေမဲ့ မပြန်တာတွေရှိလာတာကြောင့် အခုလို ထုတ်ပြန်တာဖြစ်နိုင်တယ်လို့ မြန်မာပြည်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ JACBA ဥက္ကဌ ဦးမိုးကြိုးက ပြောပါတယ်။

“နှစ်ပေါင်း ၂၀ အတွင်းမှာ ဒီလိုထုတ်ပြန်တာ တစ်ခါမှ မရှိခဲ့ဖူးဘူး ၊ မြန်မာမှာ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း ထိုင်းဘက်ကို အဝင်များလာတယ် ၊ လူကုန်ကူးတဲ့သူတွေက မဲဆောက်ကနေတဆင့် အလုပ်ပေါတဲ့ ဘန်ကောက်တို့ ချင်းမိုင်တို့ကို တရားမဝင် လူပို့တယ်၊ အဲ့ဒါတွေကို ကြပ်မတ်ချင်လို့လည်း ပါမယ်”လို့ ဦးမိုးကြိုးက ပြောပါတယ်။

အရင်ကတည်းက ဒီဥပဒေက ရှိနေပြီးသားဆိုပေမဲ့ အများအားဖြင့် မဲဆောက်ကနေ ဘန်ကောက်၊ ချင်းမိုင်၊ ချင်းရိုင် စတဲ့မြို့တွေကို ၄၈ နာရီကျော်ပြီး နေထိုင်တဲ့အခါမှသာ ဧည့်စာရင်းတိုင်ရတာဖြစ်တယ်လို့လည်း ပြောပါတယ်။

ဧည့်စာရင်းကို အိမ်ပိုင်ရှင်၊ အခန်းပိုင်ရှင်၊ ဟိုတယ်/မိုတယ်/အင်း မန်နေဂျာအဆင့်ရှိတဲ့သူတွေက လူကိုယ်တိုင်ဖြစ်ဖြစ်၊ အီးမေးကနေတဆင့်ဖြစ်ဖြစ်၊ Call Center ကဖြစ်ဖြစ် တိုင်ကြားရမယ်လို့ ထိုင်း၊ မြန်မာ နှစ်ဘာသာနဲ့ ထိုင်းလဝက က ထုတ်ပြန်ထားပါတယ်။

တကယ်လို့ ဧည့်စာရင်းမတိုင်ထားတာတွေ့ရရင် ဒဏ်ငွေ ဘတ် ငါး ထောင်မှ တစ်သောင်းကို ဧည့်သည်ဦးရေအလိုက် အိမ်ရှင်က ပေးဆောင်ရမှာဖြစ်ပါတယ်။ ဧည့်သည်တွေကတော့ ထောင်ဒဏ် ၁၅ ရက်ကနေ ၁ လ ချမှတ်ခံရမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ထောင်ဒဏ်မကျချင်ရင် နေထိုင်တဲ့ ရက်အလိုက် တစ်ရက်ကို ဘတ် ၅၀၀ ဒဏ်ကြေးဆောင်ရမှလို့ ဆိုပါတယ်။

တာခ့်ပြည်နယ်အတွင်းက တာ့ခ်ခရိုင်မှာ တာ့ခ်၊ ဝမ်ကျောက်၊ ဝမ်အင်း၊ မဲ့ထော် ၄ မြို့နယ်ရှိပြီး မြန်မာနိုင်ငံသား တစ်သိန်းခန့်ရှိနိုင်သလို မဲဆောက်ခရိုင်မှာ မဲဆောက်၊ အုန်းဖန်၊ ဖုတ်ဖရမဲ့ရမတ်၊ ထဆောင်ယန်း စတဲ့ မြို့ ငါးမြို့ရှိပြီး မြန်မာနိုင်ငံသား ၄ သိန်းခန့်ရှိနိုင်တယ်လို့ မြန်မာအလုပ်သမားအရေး ကူညီပေးနေသူတွေဆီကနေ သိရပါတယ်။

မြို့သိမ်းတိုက်ပွဲတွေထက် နေပြည်တော်ကို ရဖို့သာ စဉ်းစားမယ်လို့ KNU ပြော

KNU တပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

စစ်ကောင်စီက လက်လွှတ်လိုက်ရတဲ့မြို့တွေကို တခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ အုပ်ချုပ်လို့မရအောင်လုပ်တာကြောင့် မြို့သိမ်းတိုက်ပွဲတွေထက် စစ်ကောင်စီအုပ်ချုပ်နေတဲ့ နေပြည်တော်ကို ထိုးဖောက်ဖို့သာ စဉ်းစားချက်ရှိတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ပဒိုစောတောနီးက ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကထုတ်ပြန်တဲ့ ပဒိုစောတောနီးရဲ့ စစ်ဆင်ရေးနယ်မြေတွေကိုသွားရောက်ခဲ့တဲ့ အကြောင်း မေးမြန်းခန်းမှာထည့်ပြောတာဖြစ်ပါတယ်။

KNU ရဲ့ ရှေ့တန်းနေရာတွေဖြစ်တဲ့ တပ်မဟာ ၆ မှာဆိုရင် အာရှလမ်းတလျှောက်၊ တပ်မဟာ ၃ ဆိုရင် ကျောက်ကြီး၊ ရွှေကျင်မြို့တွေနဲ့ ရန်ကုန်-မန္တလေး ရထားလမ်းနားအထိ ရွာပေါင်း ၆၀ ကျော်အပြင် မဒေါက် ၊ ‌ညောင်လေးပင်၊ ကျောက်တံခါး၊ ပဲနွယ်ကုန်း၊ ဖြူးမြို့အထိ၊ တပ်မဟာ ၁ ဆိုရင် ဘားအံမြို့ပေါ်အထိ KNU ရဲ့ တပ်တွေ သွားလာနိုင်တဲ့အထိ နယ်မြေထိန်းချုပ်နိုင်တာ ကျယ်ပြန့်လာတယ်လို့ ပဒိုစောတောနီးက ပြောပါတယ်။

“မြို့သိမ်းတိုက်ပွဲတွေလုပ်ဖို့ လုံးဝအာရုံမလာဘူး၊ ဘာလို့ဆိုတော့ မုန်းတို့၊ ဇရပ်ကြီးတို့ကိုကြည့်၊ ဇရပ်ကြီးမှာဆို ဘယ်လောက်မှမကြာဘူး တောင်ငူကနေ လေကြောင်းရောက်လာတယ်။ လူထုရောဘာရော လုံးဝမတွေးဘူးလေ။ ဒါမျိုးဆို မြို့သိမ်းထားတဲ့သူတွေ ပြန်စဉ်းစားရမယ်လေ။ ကျွန်တော်တို့ကတော့ သိပ်ပြောစရာမလိုဘူး၊ ကိုယ့်ကိုထိခိုက်မှုနည်းမယ့်အလုပ်ကိုလုပ်မယ်။ နောက်ပြီး သူ့ရဲ့ အရှိုက်ရှိတဲ့နေရာ ဖောက်မှာပဲ။ ဒီတော့လုပ်စရာရှိတာတွေကို သေသေသပ်သပ်နဲ့ လုပ်သွားမှာပဲ။ ကြွားစရာလည်း မလိုဘူး ဒီအပိုင်းမှာ”လို့ သူက ထည့်ပြောထားပါတယ်။

ဒ့ါအပြင် KNU နယ်မြေချဲ့ထွင်နိုင်တဲ့ကျေးရွာတွေမှာ စစ်ကောင်စီတပ်တွေ တပ်စွဲပြီး စွန့်ခွာသွားပြီး မြေမြုပ်မိုင်းတွေကို ထောင်ထားခဲ့တာကြောင့် ရွာတွေထဲကို မဝင်ရဲတာတောင် ရှိတယ်လို့ ဆိုပါတယ်။

သူသွားရောက်ခဲ့တဲ့ ရှေ့တန်းနေရာတွေမှာဆိုရင် စစ်ကောင်စီတပ်တွေဟာ တပ်ဝင်းအပြင်ကနေ လုံးဝအပြင်မထွက်ဘဲ တပ်ဝန်းထဲမှာသာ ခံစစ်အနေနဲ့ ရှိနေကြတယ်လို့ပြောပါတယ်။

“ဘားအံမြို့ဟာ KNU ရဲ့ တပ်မဟာ ၁ ထဲမှာပါတယ်။ ကျနော်တို့အဖွဲ့တွေရဲ့ကားတွေ တပ်ဖွဲ့ဝင်တွေက ပေတစ်ရာလမ်းတွေပေါ်အထိ သွားချင်သလိုသွားနိုင်ချိန်မှာ အာဏာသိမ်းစစ်တပ်က အပြင်လုံးဝမထွက်ရဲဘဲ သူ့ရဲ့ခံစစ်အနေနဲ့ တပ်ဝင်းထဲမှာပဲ နေနေတယ်”လို့ သူကပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့ကြား တိုက်ပွဲတွေကြောင့် KNU နယ်မြေအတွင်းမှာတင် စစ်ဘေးရှောင်ပြည်သူ ၇၆၄၀၀၀ ကျော်ရှိနေတယ်လို့သိရပါတယ်။ တဖက်မှာလည်း ကရင်ပြည်နယ်တွင်းစစ်ရှောင် ဒုက္ခသည်တိုးလာလို့ KNU အနေနဲ့ စစ်ရှောင်တွေအတွက် ထိရောက်တဲ့ အစီအစဥ်တွေလုပ်ပေးဖို့ဆိုတဲ့ ဝေဖန်ချက်တချို့ရှိနေတယ်လို့ မြေပြင်စစ်‌‌ရှောင်အရေးလုပ်ကိုင်သူအချို့ကပြောထားပါတယ်။

တာချီလိတ် က ကျားဖြန်လုပ်ငန်း မှာ ထိုင်းနဲ့ တရုတ်အပါအဝင် ၁၀၀ ကျော်ဖမ်းဆီးခံရ

တာချီလိတ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်း- ကျားဖြန် တစ်ခု

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တာချီလိတ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်း- ကျားဖြန် တစ်ခု

ရှမ်းပြည်နယ်အရှေ့ပိုင်း ထိုင်း-မြန်မာနယ်စပ် တာချီလိတ်မြို့က အွန်လိုင်းငွေလိမ်ဂိုဏ်း- ကျားဖြန် တစ်ခုကို စစ်ကောင်စီက ဖေဖော်ဝါရီလ(၂၃)ရက် ဒီနေ့မနက်အစောပိုင်းမှာဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။

တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက် 1G1ဟိုတယ်အနောက်ဘက် (၂)ထပ်အဆာက်ဦမှာရှိနေတဲ့ ငွေလိမ်ဂိုဏ်းက မြန်မာ တရုတ်နဲ့ထိုင်းနိုင်ငံသား(၁၀၀)ကျော်ကို ငွေလိမ်လုပ်ငန်းလုပ်နေတဲ့ ကွန်ပြူတာနဲ့ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာပါ။

သူတို့ကို အချုပ်ကားတွေနဲ့‌တင်ခေါ်သွားတာဖြစ်ပြီး ရဲစခန်းခေါ်သွားလား စစ်တပ်ထဲခေါ်သွားလားတော့ မသိရဘူးလို့ ဒေသခံတချို့ကပြောပါတယ်။

“ဘာကြောင့်ဖမ်းတာလဲတော့ အဖြေတိတိကျကျမသိဘူး။ ဘာလို့ဆိုတော့ ဖမ်းဆီးရေးမှာရဲတွေဖမ်းတာမဟုတ်ဘဲ စစ်တပ်က ဝင်ဖမ်းတာဆိုတော့ သူတို့တွေကြားထဲမှာ ဘာတွေအဆင်မပြေတာရှိလဲတော့ မသိဘူးပေါ့နော်။ ညနေ သုံးနာရီအထိတော့ ပြန်လွှတ်ပေးတယ်လို့ မကြားသေးဘူး”

ပြီးခဲ့တဲ့ လတုန်းကလည်း တာချီလိတ်မှာရှိတဲ့ ကျားဖြန့်လုပ်ငန်းတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ ရှိခဲ့ပါတယ်။ အဲ့ဒီတုန်းက တရုတ်နိုင်ငံသားတွေကို အဓိကဖမ်းမိတာဖြစ်ပေမဲ့ အခုကတော့ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကများပြီး တရုတ်နိုင်ငံသားက နည်းတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အခုဖမ်းဆီးခံရတဲ့သူတွေထဲမှာ လူငယ်တွေအများဆုံးဖြစ်ပြီး တာချီလိတ်နဲ့ ကျိုင်းတုံဒေသခံတွေများတယ်လို့လည်း သိရပါတယ်။

အခုလို အဖမ်းဆီးတွေ ရှိလာတာကြောင့် တာချီလိတ်မှာရှိနေတဲ့အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ နေရာပြောင်းရွှေ့သွားတာတွေလည်းရှိနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သိမ်းထားတဲ့ ၇ မြို့မှာ လူထုဆန္ဒအခြေခံတဲ့အုပ်ချုပ်မှုဖြစ်အောင် ဆောင်ရွက်မယ်လို့ TNLA ပြော

TNLA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Shwe Phee Myay News Agency

ဓာတ်ပုံ ပုံစာ, TNLA တပ်ဖွဲ့ဝင်တွေ (ပုံဟောင်း)

တအာင်းတပ် TNLA ရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ သိမ်းပိုက်ရရှိခဲ့တဲ့ မြို့ ၇ မြို့ အပါအဝင် TNLA အခြေစိုက်ထားတဲ့ နယ်မြေတွေမှာ လူထုအုပ်ချုပ်မှုအစိုးရ ပေါ်ပေါက်လာဖို့ ကြိုးပမ်းသွားမယ်လို့ TNLA က ဖေဖော်ဝါရီ ၂၂ ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ TNLA က မိုင်းလုံ၊ နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ နမ္မတူ၊ မိုင်းငေ့ါ၊ ကွတ်ခိုင် မြို့တွေကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။

လူထုအုပ်ချုပ်မှုအစိုးရကို ၂၀၂၅ နှစ်သစ်မှာ ပေါ်ပေါက်ဖို့ ရည်ရွယ်ထားပြီး အဲ့ဒီဒေသတွေမှာ နယ်မြေဒေသတွေကို လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှုဘဝ ဖွံ့ဖြိုးရေးကိစ္စရပ်တွေမှာ ပိုပြီးတိုးတက်ကောင်းမွန်လာအောင် အုပ်ချုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့အနေနဲ့ အရပ်ဘက်အုပ်ချုပ်ရေးစနစ်ဘက်ကို ပီပီပြင်ပြင်သွားဖို့ မျှော်လင့်တယ်ပေါ့နော်။ စီးပွားရေး၊ ပညာရေး ၊ လူမှုရေးတွေ ၊ အုပ်ချုပ်ရေးတွေကို အရပ်ဘက်သွားဖို့ မျှော်လင့်ထားတာပေါ့။ စစ်ဘက်ကတော့ ထုံးစံအတိုင်း ကာကွယ်ရေးအပိုင်းကိုပဲ သွားရမယ့်အခြေအနေဖြစ်တယ်။ လက်ရှိကတော့ အုပ်ချုပ်ရေးရော သူတို့က တာဝန်ယူထားတယ်လို့ ပြောရမှာပေါ့။ သူတို့ကတော့ ပြန်လည်ထူထောင်ရေးကာလလို့ သုံးနှုန်းတယ်”လို့ တအာင်းတိုင်းရင်းသားတစ်ယောက်က ပြောပါတယ်။

ဒါအပြင် တအာင်းဒေသတွင်းမှာ အခြားလူမျိုးနဲ့ အဖွဲ့အစည်းတွေက အတင်းအဓမ္မ စစ်သားစုဆောင်းတာ၊ အခွန်ကောက်ခံတာ၊ လူထုစီမံအုပ်ချုပ်ရေးလုပ်ငန်းတွေကို ဝင်ရောက်စွက်ဖက်နှောက်ယှက်တာတွေ မလုပ်နိုင်အောင် ပြည်သူနဲ့အတူ လက်တွဲဦးဆောင်သွားမယ်လို့လည်း ထုတ်ပြန်ပါတယ်။

အဲဒီဆုံးဖြတ်ချက်တွေကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF ရဲ့ နှစ်ပတ်လည်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အဲ့ဒီအစည်းအဝေးကို ဖေဖော်ဝါရီ ၁၇ ရက်ကနေ ၂၁ ရက်အထိ ၅ ရက်ကြာ လုပ်ခဲ့တာပါ။

မြောက်ပိုင်း သုံးဖွဲ့အနေနဲ့ အခြေအနေ၊ ဖိအားပေါင်းစုံကြောင့် အပစ်အခတ် ရပ်စဲလိုက်ပေမဲ့လည်း ဒေသတွင်းမှာ စစ်ပွဲရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဆက်တိုက်ခံစားနေရသလို မြန်မာနိုင်ငံအနှံ့မှာလည်း တိုက်ပွဲတွေက ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒ့ါကြောင့် မြန်မာတနိုင်ငံလုံး စစ်အာဏာရှင် စနစ်ဆိုးကနေ လွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံကို အားလုံးစုပေါင်း ရုန်းကန်တည်ဆောက်ဖို့ အချိန်အခါ ရောက်ပြီလို့လည်း TNLA က ဆိုပါတယ်။

ဒီထုတ်ပြန်ချက်မှာ ပါဝင်တဲ့ လူထုအစိုးရပေါ်ပေါက်ဖို့ ဆိုတဲ့အချက်နဲ့ တခြားအဖွဲ့အစည်းတွေက စစ်သားစုဆောင်းတာ၊ အခွန်ကောက်ခံတာတွေကို မလုပ်နိုင်အောင် ဆောင်ရွက်သွားမယ်ဆိုတဲ့ အချက်အပေါ် ဘီဘီစီက မေးမြန်းဖို့ TNLA ကို ဆက်သွယ်ပေမဲ့ မရသေးပါဘူး။

ပုဏ္ဏားကျွန်း မြို့မရဲစခန်းကို အေအေသိမ်းပိုက်၊ စစ်တွေမှာ အရပ်သား ၁၀ ဦးထက်မနည်းဖမ်းဆီးခံရ

ဖေဖော်ဝါရီ ၂၀ ရက်တုန်းက ရမ်းဗြဲမြို့လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk

ဓာတ်ပုံ ပုံစာ, ဖေဖော်ဝါရီ ၂၀ ရက်တုန်းက ရမ်းဗြဲမြို့လေကြောင်းတိုက်ခိုက်ခံထားရတဲ့မြင်ကွင်း

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့က မြို့မရဲစခန်းကို အေအေက တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဖေဖော်ဝါရီ ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ပုဏ္ဏားကျွန်းမြို့ပေါ်က နေအိမ်တော်တော်များများ မီးလောင်တွေပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

“လေယာဉ်တွေ၊ ဒရုန်းတွေနဲ့ လာပြီးဗုံးချတဲ့အတွက် မြို့ကတော့ နေရာတော်တော်များများမှာ မီးလောင်ပြီး အိမ်တွေပျက်စီးသွားတာကိုတော့ အတည်ပြုပေးနိုင်ပါတယ်။ ဒီရက်ပိုင်း နေ့တိုင်းလိုလို မီးလောင်မှုတွေဖြစ်နေတာပါ။ မြို့ပေါက်မှာတော့ လူတွေလည်းမရှိတော့ဘူး။ သွားလို့လဲမရဖြစ်နေပါတယ်။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ဒုတိယအပတ်ကစလို့ ပုဏ္ဏားကျွန်းမှာ အေအေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲပြန်လည်ဖြစ်ပွားနေပြီး အေအေဘက်က မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲနေတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်ရဲ့မြို့တော် စစ်တွေမှာလည်း အရပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ ရပ်ကွက်အတွင်းနေထိုင်သူတွေက ဘီဘီစီကို အတည်ပြုပြောဆိုကြပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၂ ရက် ညနေပိုင်း ၃ နာရီခွဲလောက်မှာ စစ်တပ်နဲ့ရဲပူးပေါင်းအဖွဲ့တွေဟာ ကား ဆိုင်ကယ်တွေနဲ့ မင်းဂံရက်ကွက် ၁၇ ကို လူအင်အားအများအပြားနဲ့ရောက်ရှိလာခဲ့ကြပြီး စစ်ဆေးမှုတွေပြုလုပ်ကာ အဲ့ဒီလူတွေကိုဖမ်းဆီးသွားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

“ကားတွေဆိုင်ကယ်တွေနဲ့ ရောက်လာကြပြီးတော့ တခါတည်းဘုန်းကြီးကျောင်းနှစ်ကျောင်းကိုဝင်စစ်တယ်။ ပြီးတော့ ကျူးကျော်ထဲဝင်ပြီးတော့ အဲ့လူတွေကိုဖမ်းသွားတာပါ။ ၁၂ ယောက်လောက်ရှိမယ်။ အတိကျတော့မသိလိုက်ရဘူး။ မိန်းကလေးတစ်ဦးပါတယ်။ လူငယ်ပိုင်း လူကြီးပိုင်းတွေပါတာတော့တွေ့တယ်။”လို့ ကိုယ်တိုင်မြင်တွေ့လိုက်ရသူတစ်ဦးက ပြောပါတယ်။

ဒါအပြင် စစ်ကောင်စီအစိုးရအဖွဲ့ရုံးစိုက်ရာ စစ်တွေမြို့တွင်းက စစ်တပ်ခြေမြန်တပ်ရင်း (ခမရ - ၂၃၂ )ကိုလည်း အေအေတပ်ဖွဲ့ဘက်က ဝင်ရောက်တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့သိရပါတယ်။

တစ်ဖက်မှာလည်း ရခိုင်ပြည်နယ်မြောက်ပိုင်းက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောမြို့တွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး လက်နက်ချအညံ့မခံတဲ့ စစ်ကောင်စီတပ်ရင်းတပ်မ ဌာနချုပ်တွေကို ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်သွားမယ်လို့ ညီနောင်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်ကတော့ ရခိုင်က တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

မွန်ပြည်သစ် ခွဲထွက်အဖွဲ့နဲ့ NUG တို့ မဟာမိတ်အဖြစ်ပူးပေါင်း

မွန်ပြည်သစ် ခွဲထွက်အဖွဲ့နဲ့ NUG တို့ မဟာမိတ်အဖြစ်ပူးပေါင်း

ဓာတ်ပုံ ရင်းမြစ်, NMSP AD

ဓာတ်ပုံ ပုံစာ, NUG နဲ့ မွန်ပြည်သစ်ပါတီ ခွဲထွက်တို့ အွန်လိုင်းတွေ့ဆုံဆွေးနွေးပွဲ

အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ မွန်ပြည်သစ်ပါတီကနေ ခွဲထွက်ထားတဲ့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး) တို့က ခိုင်မာသောမဟာမိတ်တွေအဖြစ် ပူးပေါင်းဆောင်ရွက်သွားကြဖို့ သဘောတူညီလိုက်ကြပြီလို့ မွန်ပြည်သစ်ပါတီ New Mon State Party-AD က သတင်းထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ မွန်ပြည်သစ်ပါတီခွဲထွက်တို့ရဲ့ နှစ်ဘက်ခေါင်းဆောင်တွေ သဘောတူညီချက်အရ စစ်အာဏာရှင်စနစ်များ အပြီးတိုင် တိုက်ဖျက်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ခိုင်မာသောမဟာမိတ်အဖြစ် နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေးတွေမှာ ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ သိရပါတယ်။

NUG က မဟာမိတ်ဆက်ဆံရေးကော်မတီအဖွဲ့ခေါင်းဆောင်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ မွန်ပြည်သစ်ပါတီခွဲထွက်ဘက်က နိုင်ငံရေး စစ်ရေး အဖွဲ့ခေါင်းဆောင် နိုင်ဇေယျ တို့ပါဝင်တဲ့ အဖွဲ့ဝင်တွေဟာ အွန်လိုင်းကနေတဆင့် ဆွေးခဲ့ကြတာဖြစ်ပါတယ်။

မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့အတွက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် NCA မှာ လက်မှတ်ရေးထိုးခဲ့ပေမဲ့ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်တဲ့အပြင် တပ်စခန်းတွေ အသိမ်းပိုက်ခံရတာ၊ မွန်တော်လှန်ရေးနေ့၊ မွန်အမျိုးသားနေ့ အခမ်းအနားတွေကို စစ်ကောင်စီက ဖိအားပေးတာတွေရှိခဲ့တဲ့အကြောင်း၊ ဒါ့အပြင် ပြည်သူတွေအပေါ် အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေသလို မွန်ပြည်နယ်ကိုလည်း လေကြောင်းတိုက်ခိုက်မှုအပါအဝင် အကြမ်းဖက်မှုတွေကို စစ်ကောင်စီက လုပ်လာတာကြောင့် နိုင်ငံရေးအရ ဆွေးနွေးအဖြေရှာဖို့ မဖြစ်နိုင်တော့တဲ့အကြောင်း ဒါ့ကြောင့် ပါတီထဲက ခွဲထွက်ပြီး စစ်အာဏာရှင် တိုက်ဖျက်ချေမှုန်းရေးအဖွဲ့ဆိုပြီး သီးသန့်ရပ်တည်မှာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး) က ဖေဖော်ဝါရီ ၁၄ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်အာဏာရှင်ကို တိုက်ဖျက်ဖို့ ခွဲထွက်လာတဲ့အပေါ် ပြည်သူလူထုက ထောက်ခံမှုရော၊ စိတ်ဓာတ်ရော၊ အင်အားရော ပံ့ပိုးလာနိုင်လိမ့်မယ်လို့ ယူဆတဲ့အကြောင်း မွန်ပြည်သစ်ပါတီခွဲထွက်အဖွဲ့ ဒုခေါင်းဆောင် နိုင်ဗညာလယ်က ဘီဘီစီကို ပြောခဲ့ပါတယ်။

မန္တလေး၊ မတ္တရာက စကားပင်ရွာမှာ အရပ်သား ၅ ဦး သတ်ဖြတ်ခံရ

မတ္တရာမြို့မြင်ကွင်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, မတ္တရာမြို့မြင်ကွင်း (ပုံဟောင်း)

ကာကွယ်ရေးတပ်ဖွဲ့ဝင်အချို့ လည်းသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စကားပင်ရွာမှာ စခန်းချနေတဲ့ မတ္တရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) စခန်းကို စစ်ကောင်စီစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၉ ရက်မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားပြီး PDF ဘက်က ၃ ဦးသေဆုံးခဲ့သလို အရပ်သား ၅ ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ မြေပြင်အခြေအနေသိရှိသူအချို့က ဘီဘီစီကို ပြောပါတယ်။

သေဆုံးတဲ့သူ ၈ ဦးစလုံးဟာ ဦးခေါင်းကို သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတာလို့ မြေပြင်အခြေအနေသိတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်ရှိအချိန်အထိ စကားပင်ရွာတဝိုက်မှာ တပ်စွဲစောင့်ကြည့်နေတာကြောင့် ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက်အထိ စကားပင်ရွာခံတော်တော်များများ နီးစပ်ရာကျေးရွာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မတ္တရာမြို့ရဲ့ အရှေ့မြောက်ဘက်ခြမ်း ၁၂ မိုင်ဝန်းကျင်အကွာမှာရှိတဲ့ စကားပင်ရွာကို

စစ်ကောင်စီတပ်ဘက်က အင်အား ဆယ်နဲ့ချီဝင်ရောက်ခဲ့တာလို့ ကာကွယ်ရေးတပ်ဘက်ကလည်းပြောပါတယ်။

သေဆုံးတဲ့အရပ်သား ၅ ဦးထဲမှာ အသက်အပြည့်သေးတဲ့ ၁၈ နှစ်အောက် လူငယ်အရွယ် ၃ ဦးပါဝင်ပြီး စကားပင်ရွာခံတွေဖြစ်တယ်လို့ဆိုပါတယ်။ နောက်ထပ် ၂ ဦးကတော့ မန္တလေးမြို့ခံတွေဖြစ်တယ်လို့ PDF တပ်ဘက်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းကလည်း ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေအတွင်း မတ္တရာ မြို့ အရှေ့ဘက်ခြမ်းက ရွာတွေကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ ထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

စစ်ကောင်စီဘက်ကတော့ မတ္တရာမြို့က အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။